Jan 23, 2007

ဆာရီရယ်လစ်ဇင်


ဆာရီရယ်လစ်ဇင် (Surrealism) ဆိုတာ အလွယ်ကူဆုံးပြောပြရရင်တော့ အပြင်လောကမှာ တွေ့နေကျ အရာတွေကို အိပ်မက်ဆန်ဆန်ခံစားမှုနဲ့ ထိတွေ့ပေါင်းစပ်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အနုပညာပါပဲ။

အပြင်လက်တွေ့ဘ၀မှာ မိုးရွာတာတွေ၊ ထီးဆောင်းထားတဲ့ လူတွေက ပုံမှန်ပါပဲ။ ဒါပေမယ့် ဆာရီရယ်လစ်ဇင်သဘောမှာတော့ ထီးဆောင်းနေတဲ့ လူတွေကို မိုးတွေအဖြစ် အနုပညာဖန်တီးသူ (ပန်းချီဆရာဖြစ်ဖြစ် ကဗျာဆရာဖြစ်ဖြစ် တေးရေးသူဖြစ်ဖြစ်) က ရွာချချင် ရွာချလိုက်ပါလိမ့်မယ်။

မင်းလူဝတ္ထု တစ်ပုဒ်ထဲမှာတော့ ဆာရီရယ်လစ်ဇင်ကို ဒီလို ဥပမာပေးပြီး ရှင်းပြထားတာ ဖတ်ဖူးတယ်။
“ဆာရီရယ်လစ်ဇင်ဆိုတာ သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ လက်တွေကို တံမြက်စည်းတွေ အဖြစ်ဆွဲထားတာမျိုးပေါ့...”

ထူးအိမ်သင်ရဲ့ “နာရီပေါ်မှ မျက်ရည်စက်များ” ဆိုတဲ့ သီချင်းခေါင်းစဉ်ကလည်း ဆာရီရယ်လစ်ဇင်တွေ အသက်ဝင်နေတာပဲ မဟုတ်လား။

ဒါကတော့ Salvador Dali ရဲ့ Persistence of Memory ပန်းချီကားပါ။ အရမ်းနာမည်ကြီးတဲ့ ဆာရီရယ်လစ်ဇင်ကားတစ်ကားပါ။



အဲလက်စ်သီချင်းတစ်ပုဒ် နားထောင်ဖြစ်တော့ ဆာရီရယ်လစ်ဇင်ကို တွေ့ပြန် တယ်။
“တောင်တွေပေါ်မှာ ငါးကြီးတွေ အတောင်ပံဖြန့်လို့ကူးနေခဲ့ ....”

ဒါနဲ့ ကဗျာဝိညာဉ်က ဆာရီရယ်လစ်ဇင်ဆန်ဆန် ကဗျာစာသားတွေ ဖန်တီးကြည့်ဖို့ တောင်းဆိုလာပါတယ်။ ဒီမှာ ရေးဖြစ်တဲ့ ကဗျာစာသားတချို့ ...

“ဆည်းလည်းသံတွေက လွမ်းနေပြီမဟုတ်လားလို့ မေးတယ်
ဧရာဝတီမြစ်ကြီးက သူပြန်လာမှာ မငိုပါနဲ့လို့ ပြောတယ်
ဟိုမှာထိုင်နေတာ စကားပန်းလေးတစ်ပွင့်ပေါ့
မျက်ရည်စတွေ ကောင်းကင်ဆီ လွင့်လွင့် ထွက်သွားတယ်
ဒီလိုပဲ ကြယ်တွေလည်း ပိုပို များလာတယ်
ကောင်းကင်ကတော့ ငါတို့ နှစ်ယောက်စလုံးကို မြင်တယ်
ငါတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မမြင်ဘူး..
ဘယ်နှယ့်လုပ်မလဲ..
အခုမှ ခွဲရတာ ဖူးစငုံစရှိသေး ..
အလွမ်းတွေက အစုလိုက် အပြုံလိုက် ပွင့်နှင့်နေပြီ”

3 comments:

Anonymous said...

ဖတ်ရင်း ဖတ်ရင်းနဲ့  နည်းနည်း နားလည်သလို ရှိလာပြီ :D

ညီညီ(သံလွင်) said...

ဖတ်ရင်းနဲ့ နားလည်တာမှ ဟုတ်ရဲ့လား။ တစ်ယောက်ယောက်က နားလည်အောင်ရှင်းပြလိုက်တယ်နဲ့တူတယ်..

Anonymous said...

အထင်သေးလိုက်တာ.. ကိုယ့်ဟာကိုယ် ဖတ်ပြီး နားလည်တာပါဟာ..