Mar 23, 2008

ဟက်ပီးဘက်ဒေးဗိုင်းရပ်စ်နဲ့ တစ်ညတာ

ပြီးခဲ့တဲ့ကြာသပတေးနေ့ညက ဒီဗိုင်းရပ်စ် ဒုက္ခပေးတာနဲ့ အိပ်ချိန်တွေ အတော်လေး အခိုးခံလိုက်ရတယ်။ တော်သေးတာပေါ့.. သောကြာနေ့က Good Friday ဆိုတော့ စင်္ကာပူမှာ ရုံးပိတ်ရက်ဖြစ်နေပေလို့။ မဟုတ်ရင် ခွင့်ယူနေရဦးမယ်။ ဖြစ်ပုံက ဒီလို... အဲဒီနေ့ညက ဘောလုံးကန်နေတုန်း (စကားချပ်။ ညကြီးမင်းကြီး ချွေးသံတရွှဲရွှဲနှင့် ဘောလုံးကန်နေခြင်းမဟုတ်ပါ။ FIFA 2008 ဂိမ်းဆော့နေခြင်း ဖြစ်သည်။ ) မောက်စ် ဘယ်နား ရွှေ့ရွှေ့ Happy Birthday ဆိုတဲ့ စာတန်းလေးက ပေါ်ပေါ်လာတာကို သတိထားမိတယ်။ နေပါဦး.. အဲဒါက ဘာဖြစ်တာလဲပေါ့။ စဉ်းစားရင်းနဲ့ တလောက သတင်းတစ်ပုဒ်ဖတ်လိုက်ရတာကို သတိရမိသွားတယ်။ မြန်မာနိုင်ငံရှိ ကွန်ပျူတာ တချို့တွင် ဟက်ပီးဘက်ဒေးဗိုင်းရပ်စ်များ ၀င်နေတယ် ဆိုလား။ သေပြီဆရာ.. ။ ဒါဆို ကျွန်တော့် စက်ထဲ ဒီအကောင် ရောက်နေပြီပေါ့။ ဂိမ်းဆော့ရတာ အရှိန်ကို ပျက်တယ်။ သိမ်းစရာရှိတာလေး သိမ်းဆည်းပြီး ဂိမ်းဆော့တာရပ်... ဂူဂယ်လ်ကို အကူအညီတောင်း .. ဒီအကောင်ကို မောင်းထုတ်ဖို့ ပြင်ရတယ်။ ဖတ်ကြည့်တော့မှ ဒီအကောင်ရဲ့ ဒုက္ခပေးပုံတွေကို တွေ့လာတယ်။ NT Loader တွေ system command တွေကို ဖျက်ပစ်တယ်ဆိုပဲ။ NT Loader ကို ဖျက်လိုက်ရင် ၀င်းဒိုးမတတ်တော့ဘူးလေ။ ဒီတော့ ဒီအကောင်ကို မောင်းထုတ်ဖို့ Safe Mode ထဲ ၀င်မယ်ဆိုပြီး စက်ကို restart လဲ လုပ်ရော.. "NTLDR is missing.. Windows cannot start" တဲ့။ သွားပြီ.. ၀င်းဒိုး မတက်လာတော့ဘူး။

ကွန်ပျူတာက BIOS Setup မှာ Boot Sequence ဆိုတာ ရှိတယ်။ အဲဒါက ခပ်လွယ်လွယ်ပြောရရင် စီဒီကို အရင်ဖတ်မလား Hard Disk Drive ကို အရင်ဖတ်မလားဆိုပြီး ညွှန်ကြားချက်ပေးထားရတာပါ။ NT Loader ကို ၀င်းဒိုးစီဒီထဲကနေ စက်ထဲ ပြန်ကူးထည့်ဖို့အတွက် စီဒီကို အရင် Boot လုပ်ဖို့ ၀င်ပြင်မယ်ဆိုပြီး BIOS ထဲဝင်ဖို့ ကြိုးစားပါတယ်။ F2 ကို နှိပ်ပါဆိုတော့ နှိပ်လိုက်တာနဲ့ login screen က ရုတ်တရက် ပေါ်လာတယ်။ ဆိုင်ကနေ မ၀ယ်ခင်တုန်းက BIOS password ကို ဘယ်သကောင့်သား လက်ဆော့ပြီး လျှောက်ထည့်ထားမှန်း မသိပါဘူး။ ကဲ.. တစ်ပူပေါ် နှစ်ပူဆင့်ပြီ။ ဗိုင်းရပ်စ်ကို မောင်းရမှာ တစ်လုပ်။ BIOS ထဲ ၀င်ဖို့ လုပ်ရမှာက
တစ်လုပ်ဖြစ်နေပြီ။ အကောင်းပကတိရှိတဲ့ နောက်စက်တစ်လုံးကနေ ဂူဂယ်လ်ကို အပူကပ်ရပြန်ပြီပေါ့။ သူက ကျွန်တော့်မှာ ရှိတဲ့ BIOS အမျိုးအစားမှာ ပေးလေ့ပေးထရှိတဲ့ default password တွေကို ရှာပေးတယ်။ အဲဒါတွေနဲ့ ကြိုးစားဝင်လည်း မရပါဘူး။ ၀ရန်တီကျန်သေးလား မကျန်သေးဘူးလား မသိ။ ဆိုင်ကို ပြန်ပို့ ရရင်လည်း ကြာဦးမယ်။ အလုပ်လည်း ရှုပ်တယ်။ ဘာလုပ်မလဲ.. ဘယ်လိုကျော်ဝင်မလဲဆိုတဲ့ နည်းကို အသည်းအသန်လိုက်ရှာတော့ BIOS Reset လုပ်လို့ ရတယ်ဆိုတဲ့ နည်းကို သွားတွေ့တယ်။ မဆိုးဘူး။ အဲဒီ နည်းကို စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆယ်တန်းအောင်ကာစက ကွန်ပျူတာသင်တန်းမှာ ဆရာသင်ပေးတုန်းကတော့ တစ်ခါနှစ်ခါ လုပ်ဖူးတယ်။ အဲဒီတုန်းကတော့ Desktop PC ပါ။ အဲဒီတုန်းကတော့ CMOS ဘက်ထရီကို ဖြုတ်။ မီး အဖွင့်အပိတ်လုပ်ပြီး CMOS ဘက်ထရီပြန်တပ်တာနဲ့ BIOS password reset လုပ်ပြီးသားပဲ။ အခုက Laptop ကို လုပ်ရမှာ ဆိုတော့ လုပ်ရမှာ နည်းနည်း လက်တွန့်တယ်။ ၀ယ်ကတည်းက ခုထိ တစ်ခါဆို တစ်ခါမှတောင် ဖွင့်ဖူးတာ မဟုတ်ဘူးလေ။ မထူးပါဘူး။ စက်ကိုဖွင့်ကြည့်ပြီး လုပ်မှကို ဖြစ်တော့မှာဆိုပြီး ရင်တမမနဲ့ ဖွင့်လိုက်တယ်။ ကဲ.. တွေ့ပြီ။ အခုက CMOS ဘက်ထရီကို ဆွဲဖြုတ်လို့ မရဘူး။ တိပ်တွေနဲ့
ပတ်ထားတယ်။ BIOS Connector လို့ ခေါ်တဲ့ CMOS Battery ကို ဆက်ထားတဲ့ ကွန်နက်တာ တစ်ခုကို ဖြုတ်ပြီး ပြန်တပ်ရမယ်လို့ ဂူဂယ်လ်က ပြောထားတော့ သူပြောတဲ့အတိုင်း လုပ်ကြည့်လိုက်တယ်။ ပြီးတော့ စက်ကို restart ပြန်လုပ်တယ်။ မရဘူး.. password တောင်းနေတုန်းပဲ။ ဘာလုပ်ကြည့်ရင် ကောင်းမလဲ။ ဆားဗစ်ပလပ်စ်က ညီတစ်ယောက်ကို ဂျီတော့ခ်မှာ တွေ့တာနဲ့ BIOS ထဲ ဘယ်လိုကျော်ဝင်ရမလဲ မေးကြည့်လိုက်သေးတယ်။ သူက default BIOS password တွေ ရှာပေးပြန်တယ်။ အားလုံး ကြိုးစားပြီးပြီ။ မရဘူးလို့ ပြန်ပြောလိုက်ရတယ်။ ဂူဂယ်လ်ကို မွှေနှောက်ကြည့်ရင်း ဖိုရမ်တစ်ခုမှာ BIOS connector ကို ခဏ ဖြုတ်ရုံနဲ့ မရဘူး။ မိနစ် နှစ်ဆယ်လောက်မှ ရတယ်ဆိုလို့ စမ်းကြည့်ဦးမှပဲဆိုပြီး ပြန်စမ်းကြည့်တယ်။ ၅မိနစ်.. ၁၀ မိနစ်.. ၁၅မိနစ်... ဟာ .. စိတ်မရှည်တော့ဘူး.. ၁၅ မိနစ်လောက်ဆို ရကောင်းပါရဲ့ ဆိုပြီး BIOS connector ကို ပြန်တပ်။ စက်ကို ပြန်ဖွင့်ကြည့်လိုက်တော့ အိုကေသွားပြီ။ တစ်ရန်တော့ ငြိမ်းပြီ။ ဘာအတားအဆီးမှ မရှိတော့။ တယ်ဟုတ်ပါလား။ မြန်မာပြည်က deadlock တွေကို အဲဒီလိုသာ ရှင်းလို့ရရင် လွှတ်ကောင်းပဲဗျာ။

BIOS Setup ထဲ ၀င်လို့ ရသွားပြီဆိုတော့ Boot Sequence ကို စီဒီကနေ Boot လုပ်ဖို့ ပြင်လိုက်တယ်။ ပြီးတော့ ၀င်းဒိုး စီဒီလေးထည့်ပြီး Boot လုပ်တယ်။ ပြီးတော့ Repair Mode ထဲ ၀င်လိုက်တယ်။ Administrator password လာတောင်းတယ်။ ဘာမှ မထည့်ဘဲ Enter နှိပ်လိုက်တော့ ၀င်သွားတာပါပဲ။ (စကားချပ်။ အိမ်သုံးကွန်ပျူတာအတော်များများမှာ administrator password ပေးထားလေ့ မရှိကြဘူး။) အဲဒီမှာ DOS Prompt ပေါ်လာပြီ။ ဒီ Command ("copy D:\i386\ntldr C:\") ပေးပြီး NT Loader ကို ကူးခိုင်းလိုက်တယ်။ စီဒီကို ထုတ်.. စက်ကို restart လုပ်လိုက်တော့ Windows is loading ဆိုတာကို စိတ်ချမ်းသာစရာ တွေ့ရတော့တာပဲ။ ကဲ.. ၀င်းဒိုးထဲ
ပြန်ရောက်ပြီဆိုတာနဲ့ ဗိုင်းရပ်စ်အစုတ်အပြတ်ကို မောင်းထုတ်ဖို့ ပြင်ရပြန်ရော။ CTRL-ALT-DEL ကို နှိပ်ပြီး process ဆိုတဲ့ အထဲကို ၀င်ကြည့်လိုက်တာနဲ့ ဒီဗိုင်းရပ်စ် ၀င်နေခြင်းရဲ့ သင်္ကေတဖြစ်တဲ့ "explorcr.exe" ဆိုတာကို တွေ့တော့တာပဲ။ အဲဒါကို ချက်ချင်း End process လုပ်ပစ်လိုက်တယ်။ system command တွေကို ဖြတ်ပစ်လိုက်တဲ့အတွက် Registry ထဲ ၀င်ကြည့်ဖို့ ကြိုးစားတဲ့အခါ ၀င်လို့ မရတော့ဘူး။ အဲဒါကို ဖြေရှင်းဖို့ Nod32 ဆိုတဲ့ registry recovery tool တစ်ခုကို ဒီကနေ
ဒေါင်းလုပ် လုပ်လိုက်တယ်။ .Compress ဖိုင်ကို .zip လို့ နာမည်ပြောင်းပြီးတော့ Unzip လုပ်.. .exc လို့ ပေးထားတဲ့ ဖိုင်ကို ... .exe လို့ နာမည်ပြောင်း လုပ်.. အဲဒီ ပရိုဂရမ်လေးကို သွင်းလိုက်တော့မှ Registry ထဲ ၀င်လို့ ထွက်လို့ ရသွားတယ်။ ဗိုင်းရပ်စ်မောင်းထုတ်ခြင်း လမ်းပြမြေပုံအရကတော့ အတော့်ကို ခရီးရောက်နေပါပြီ။

My Computer ကို Right Click နှိပ်ပြီး Properties ထဲကို ၀င်လိုက်တယ်။ အဲဒီမှာ "System Restore" ဆိုတဲ့ Tab ထဲကို ၀င်တယ်။ Turn off system restore on all drives ဆိုတာကို ရွေးလိုက်တယ်။ မဟုတ်ရင် ကိုယ်က ဗိုင်းရပ်စ်ကို မောင်းထုတ်လိုက်လည်း သူ့ဟာသူ restore လုပ်ပြီး ပြန်ပြန်ဝင်နေရော။ ကဲ.. ကာကွယ်ရေး လုပ်ငန်းစဉ်တွေ အားလုံး ပြီးသွားတဲ့အချိန်မှာ တိုက်ခိုက်ရေးလုပ်ငန်းစဉ်အရ စက်ကို restart လုပ်တယ်။ BIOS Checking ပြီးတာနဲ့ ၀င်းဒိုးမတက်လာခင် F8 ကို နှိပ်လိုက်တဲ့အခါ options တွေ တက်လာတယ်။ အဲဒီထဲကနေ Safe Mode ဆိုတာကို ရွေးလိုက်တဲ့အခါ Safe Mode ထဲကို ရောက်သွားပါတယ်။ ဒီဗိုင်းရပ်စ် ခွေးပြေးဝက်ပြေး ပြေးဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ စောစောက လုပ်ခဲ့သလိုပဲ CTRL-ALT-DEL ကို နှိပ်ပြီး process ဆိုတဲ့ အထဲကို ၀င်ကြည့်လိုက်တာနဲ့ ဒီဗိုင်းရပ်စ်
ဝင်နေခြင်းရဲ့ သင်္ကေတဖြစ်တဲ့ "explorcr.exe" ဆိုတာကို တွေ့နေပါသေးတယ်။ အဲဒါနဲ့ End process လုပ်လိုက်ပါတယ်။ ပြီးတော့ C:\Windows\system32 အောက်မှာ ရှိတဲ့ explorcr.exe ဆိုတဲ့ ဖိုင်ကို ရှာပြီး ဖျက်ပစ်လိုက်တယ်။ Registry ထဲ ၀င်ပြီး Search မှာ explorcr.exe ဆိုတာကို ရိုက်ထည့်ကာ ရှာလို့ တွေ့သမျှ Key တွေကိုလည်း ဖျက်ပစ်လိုက်ပါတယ်။ အားလုံးရှင်းပြီဆိုရင်တော့ ကိစ္စငြိမ်းပါပြီ။ စက်ကို restart လုပ်ကြည့်ပြီး ၀င်းဒိုးတက်လာပြီဆိုတာနဲ့ CTRL-ALT-DEL ကို နှိပ်ကြည့်ပြီး နောက်ကွယ်မှာ Run နေတဲ့ process တွေထဲမှာ "explorcr.exe" ဆိုတဲ့ "explorer.exe" ကို ပုံမှား ရိုက်ထားတဲ့ ဖိုင်မရှိတော့ဘူး ဆိုရင် ဒီဗိုင်းရပ်စ်ကိစ္စတုံးပါပြီ။

ကျွန်တော့်သူငယ်ချင်း ကိုဖြိုးကတော့ သူ့စက်မှာ ဒီဗိုင်းရပ်စ်ဝင်တုန်းက စက်ကို တခါတည်း format ချပြီး ၀င်းဒိုး ပြန်သွင်းလိုက်ပါတယ် တဲ့.. ဟဲဟဲ.. ကျွန်တော့်လို အပင်ပန်း မခံလိုသူတွေကတော့ ကိုဖြိုးရဲ့ နည်းအတိုင်း အလျင်အမြန်ဆောင်ရွက်နိုင်ပါတယ်။ ကိုယ့်သဘောနှင့်ကိုယ် format ချပြီး ၀င်းဒိုးပြန်သွင်းသည့်အခါတွင် ပျက်သွားမည့် ဖိုင်များအတွက်တော့ ဖျက်သူ မိမိကိုယ်တိုင်တွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။

Good Friday အကြိုရောက်လာတဲ့ ဗိုင်းရပ်စ်ကို တစ်ခါတည်း မေတ္တာပို့ပြီး Goodbye လုပ်လိုက်ပါတယ်..။

မြင်အပ် မမြင်အပ် အရပ်ရပ်မှဝင်လာ ဗိုင်းရပ်စ်သတ္တ၀ါ ကင်းကွာရန်ဘေး ရှင်းကြပါစေ.. ။

5 comments:

Anonymous said...

ညီညီရေ .. ဒါလေး ခုမှ ဖတ်ဖြစ်တယ် ။ သိပ်ကောင်းတာပဲ ။ စိတ်ဝင်စားဖို့လည်း ကောင်းတယ် ။ အသေးစိတ်ရေးပေးထားတာတွက် ကျေးဇူးတင်တယ် ။ အမ အကြိုက်ဆုံးတွေထဲ ထည့်လိုက်ပြီ ။

အများအားဖြင့် အမကတော့ ကိုဖြိုးလို အလွယ်နည်းလမ်းပဲ လိုက်တယ် အဟား ။ ဒါကြောင့် ဒေတာတွေကို အကုန် D-drive မှာပဲ စုထည့်ထားလိုက်တယ် ။

Maung Maung Hla Win said...

its informative..
just curious.. do u use antivirus softwares and realtime scans?
as an IT pofessional, i am sure you do.. how does this get on to ur PC?

ညီညီ(သံလွင်) said...

အကြိုက်ဆုံးတွေထဲ ထည့်ပေးထားလို့ ကျေးဇူးပဲ မဂျစ်.. ။ တခါတလေတော့လဲ အလွယ်လမ်းလိုက်တာ လူသက်သာတယ်ဗျ။

ကိုမောင်မောင်ရေ.. AVG ထည့်ထားပေမယ့် ဘယ်က ဘယ်လို ၀င်သွားမှန်း မသိပါဘူးဗျာ.. thumb drive တစ်ခုကနေ ၀င်လာတယ် ထင်ပါရဲ့။ သံလွင်အိပ်မက်အတွက် ကိစ္စလေးတွေအတွက် ရှုပ်နေတာနဲ့ ခုမှ ပြန်ဖြေဖြစ်တာ ဆောရီးပါဗျာ။

Koala Lay said...

ကိုညီရေ အစ်ကို ပြောပြမှပဲ ၀င်းဒိုးစီဒီရဲ့ I386 folder ထဲမှာ ntldr ဖိုင်ရှိတယ်ဆိုတာ
သိလိုက်ရတော့တယ်။ ကျေးဇူးပါဗျာ။
ကျွန်တော်စက်က OS တွေ သုံးမျိုးလောက်တင်ထားတော့ boot အတက် repair mode မှာ
cd drive letter ကို တော်တော်ရှာကတယ်။
လက်စသတ်တော့ သူက G: ဖြစ်နေတာကိုး။
copy G:\i386\ntldr C:\ ပေါ့လေ။
ကျွန်တော့်စက်က ဗိုင်းရပ်စ် ၀င်တာမဟုတ်ဘူး။ ကိုယ်ဘာသာကိုယ် စမ်းချင်လို့
တမင် ntldr file ကို ဖျက်လိုက်တာ။
အစ်ကို ပညာဖြန့်ဝေလို့ ကျွန်တော်အထူးကျေးဇူးတင်ပါတယ်။

Anonymous said...

အခုတစ်ခါတော့ Format ချဖို့နေနေသာသာ Hard Disk ကြီးပါ ပျောက်နေပြီကွ။ ကိုင်း။ ဘယ့်နှယ့်ရှိစ။ စက်က Vista ပဲခင်တွယ်ပုံ ထောက်တယ်။ Windows XP နဲ့ Boot တက်ရင် လုံးလုံးလျားလျား Hard Disk ပေါ်မလာတော့ဘူးဟေ့။