တရေးနိုးကြယ်တွေ မျက်နှာသစ်တော့မှ
အိပ်ချင်စိတ်ကို ခဏအိပ်မွေ့ချထားမှန်း သတိရတယ်
ကဗျာတစ်ပုဒ်ကို အာရုံမှာ လွယ်ပိုးထားတာ လေးလို့ လေးမှန်းမသိ
အိကျလာတဲ့ ရင်ခုန်သံတွေထဲ
တစ်ချပ်မှောက်ဖဲတစ်ချပ်ကို နှစ်ထား
ပါးပါးလျလျ အနမ်းတွေ ရုံတင်နေပြီ ဟန်နီ..။
ဒါရိုက်တာ ကံကြမ္မာ စိတ်တိုင်းကျ ရိုက်ကူးတယ်ဆိုတဲ့
ဒီလို ဇာတ်ညွှန်းရေရေရာရာ မရှိတဲ့ ဘ၀ဇာတ်ကားမှာ
မင်းနဲ့ငါ သရုပ်ဆောင်နေတာ မေ့နေပြီလား
လင်နဲ့မယား လျှာနဲ့သွားတဲ့
အနုပညာကိုယ်ခံအားနည်းသေးတော့
အားပေးမယ့် ပရိသတ်က အဆင်သင့်မဖြစ်သေးဘူး
အကယ်ဒမီတော့ ဖြည်းဖြည်းပေါ့ ဟန်နီ..။
ချစ်သူများနေ့ဆိုတာ
တစ်နှစ်ပတ်လုံး ချစ်သူကို မေ့နေသူတွေအတွက်
လန်ကြုတ်ဇာတ် သက်သက်ဖြစ်တယ်
ဘေးမှာ မင်းအမြဲရှိနေမှတော့
နှင်းဆီတစ်ခင်း ချောကလက်မြစ်တစ်စင်းနဲ့
ချစ်သူများနေ့ကို အထူးတလည်ကျင်းပနေဖို့ လိုသေးလို့လား ဟန်နီ..။
ဘုရားသခင်ရဲ့ အပြောအရတော့
မင်းဟာ ငါ့ရဲ့ နံရိုးတစ်ချောင်း
ဒါဝင်ရဲ့ အပြောအရတော့
မင်းဟာ ငါ့ရဲ့အဆင့်ဆင့်ပြောင်းလဲခြင်းသီအိုရီပြယုဂ်တစ်ခု
ဒဏ္ဍာရီပုံပြင်လာ အရတော့
မင်းဟာ ငါ့ရဲ့ အခြားသော အခြမ်း
လက္ခဏာဆရာရဲ့ အပြောအရတော့
မင်းဟာ ငါရဲ့ အသက်လမ်းကြောင်းပဲ ဟန်နီ.. ။
ဟန်နီ .. မင်းကို ချစ်တယ်လို့ ငါ အခါခါ ဖွင့်မပြောပေမယ့် မင်းကြားဖို့ကောင်းတယ်
ချစ်တယ်ဆိုတဲ့ စကားကို
ကဗျာဘာသာဗေဒနဲ့ စာလုံးပေါင်းပြဖို့ ကြိုးစားနေတဲ့ ငါ့ရင်ခွင်ထက်
မှေးစက်ရင်း .. မင်းက အိပ်မောကျတုန်း
တရေးနိုးကြယ်တွေ မျက်နှာသစ်တော့မှ
ထုံးစံအတိုင်း သွားတက်ကလေးနဲ့ ပြုံးပြပေါ့ ဟန်နီ..။ ။
ခေလွန်း
၁၄ရက် ဖေဖော်ဝါရီ ၂၀၀၈
Feb 14, 2008
တရေးနိုး .. ဟန်နီဖတ်ဖို့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment