Jul 18, 2007

ဇူလိုင်မေးခွန်းများ

ကျွန်တော် ငယ်ငယ်တုန်းက ရန်ကုန်မြို့ ၄၂လမ်း အထက်လမ်းမှာ နေတယ်ဗျ။ အိမ်ရှေ့ဝရန်တာကနေ လှမ်းကြည့်လိုက်ရင် ၀န်ကြီးများရုံးကို တန်းတန်းမတ်မတ်တွေ့ရတာပေါ့ဗျာ။ ငယ်ငယ်ကတည်းက ၀န်ကြီးများရုံးကို လက်ညှိုးထိုးပြီး လူကြီးတွေကို မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံသွားတာ ဘယ်အခန်းမှာလဲ ဆိုပြီး မေးတယ်။ ကျွန်တော် အားအကျဆုံး အလေးစားဆုံး လူသားတစ်ယောက်ကို ပြောပါဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အဖြေကို အမြဲပြောလေ့ရှိတယ်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ခေါင်းဆောင်.. တို့ဗမာ အစည်းအရုံး.. ဗမာ့ထွက်ရပ်ဂိုဏ်း.. ဖဆပလခေါင်းဆောင် .. သခင်အောင်ဆန်း၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) .. ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ).. ကာကွယ်ရေးဦးစီးချုပ် .. ဗိုလ်ချုပ်အောင်ဆန်း.. ။ ၁၉၄၇ ဇူလိုင် ၁၉မှာ မိုးတွေ ရွာနေခဲ့တယ်တဲ့ .. အခု ဆုံးသွားပြီဖြစ်တဲ့ အဘိုးက ပြောပြဖူးတာ အမှတ်ရတယ်။ အဲဒီကတည်းက ရွာနေခဲ့တဲ့ မိုးတွေ ခုထိ မတိတ်သေးဘူး။ တိတ်မယ့် ပုံလည်း မပေါ်သေးဘူး။ ကိုအောင်ဆန်းရေ .. ဦးညိုမြရေးခဲ့တဲ့ ငရဲခွေးတွေ ခုထိ လွတ်နေတုန်းပဲဗျာ။

သူငယ်ချင်း ကိုဖြိုးရေးသလိုပဲ။ သူများလုပ်တိုင်းလဲ လိုက်မလုပ်ချင်ဘူး။ ကိုယ်လုပ်ပြီး ကိုယ့်လို လိုက်မလုပ်ရကောင်းလားလို့လဲ လိုက်အပြစ်မပြောချင်ဘူး။ အာဇာနည်နေ့ရောက်မှ အမှတ်ရတာလည်း မဟုတ်ဘူး။ အာဇာနည်နေ့ပြီးရင်လည်း မေ့သွားမှာ မဟုတ်ဘူး။ ကျွန်တော် လေးစားတဲ့.. ကျွန်တော် အားကျတဲ့ .. ကျွန်တော် ဂုဏ်ယူတဲ့ ကျွန်တော့် သူရဲကောင်းအတွက် ကဗျာတစ်ပုဒ် ကျွန်တော် ရေးဖြစ်တယ်။ တစ်ချိန်မှာ ကျွန်တော် မိသားစုနဲ့ ဘာနဲ့ ဖြစ်လာတဲ့အခါ အမေးအမြန်းထူပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်က ဒီလိုများ မေးလာရင် ဆိုပြီး ရေးကြည့်တာပါ။

“ဇူလိုင်မေးခွန်းများ”

သမီးက မေးတယ်
ဇူလိုင်မိုးတွေ ဘာကြောင့် သည်းသည်းမည်းမည်းရွာသလဲတဲ့
တိမ်တွေ လူးလိမ့်ငိုနေတာလို့ ဖြေလိုက်တယ်။

သမီးက မေးတယ်
တိမ်တွေ ဘာကြောင့် လူးလိမ့်ငိုနေသလဲတဲ့
သူတို့ရဲ့ သူရဲကောင်းတွေ လုပ်ကြံခံရပြီး သေသွားလို့ လို့ဖြေလိုက်တယ်။

သမီးက မေးတယ်
သူရဲကောင်းတွေကို ဘာလို့လုပ်ကြံကြတာလဲတဲ့
သူရဲကောင်းဆိုတာ အမြဲရှင်သန်နေတယ်ဆိုတာ မသိလို့ လို့ ဖြေလိုက်တယ်။

သမီးက မေးတယ်
သူရဲကောင်းတွေက ဘာလို့ အမြဲရှင်သန်နေသလဲတဲ့
အနိုင်ကျင့်မှုတွေ မတရားမှုတွေကို တွန်းလှန်ဖို့ လို့ ဖြေလိုက်တယ်။

သမီးက မေးတယ်
ဘယ်သူတွေက ဘယ်သူတွေကို အနိုင်ကျင့်တာလဲတဲ့
အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်
ဂုဏ်ရှိတဲ့သူက ဂုဏ်မဲ့တဲ့သူကို အနိုင်ကျင့်တယ်
ငွေရှိတဲ့သူက ငွေမရှိတဲ့သူကို အနိုင်ကျင့်တယ်
အာဏာရှိတဲ့သူက အာဏာမရှိတဲ့သူကို အနိုင်ကျင့်တယ်
ခွင့်လွှတ်တတ်တဲ့သူကို အငြိုးကြီးသူက အနိုင်ကျင့်တယ်။

သမီးက မေးတယ်
ဒါဆို သူရဲကောင်းတွေ ဘယ်မှာလဲတဲ့
သူရဲကောင်းတွေ ကောင်းကင်မှာရှိတယ်
သူရဲကောင်းတွေ သမီးတို့ ဖေဖေတို့ ၀န်းကျင်မှာ ရှိတယ်။

သမီးက မေးတယ်
သူရဲကောင်းတွေကို သမီးတွေ့ချင်လိုက်တာတဲ့
ဟောဟိုက ကြယ်ကိုးလုံးဟာ သူတို့တတွေပေါ့လို့ ဖြေလိုက်တယ်။

သမီးကို ပြောလိုက်တယ်
သူရဲကောင်းတွေကို ဖေဖေလည်း တွေ့ချင်တယ်လို့
သမီးက ပြန်ပြောတယ်
ဖေဖေ တကယ်တွေ့ချင်တာလားတဲ့
တကယ်ပေါ့လို့ ဖြေလိုက်တယ်
သမီးက ပြောပြန်တယ်
ဖေဖေရယ်
သမီး ကြိုးစားပါ့မယ် တဲ့။

ခေလွန်း
မနက် ၁နာရီ ၃၀မိနစ်
၁၈ ဂျူလိုင်၊ ၂၀၀၇

(တိုက်ရဲခိုက်ရဲ တွန်းလှန်ရဲမှ သူရဲကောင်း မဟုတ်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့နေရာ အခန်းကဏ္ဍကနေ ပါဝင်ပြီး အနှုတ်ပြနေတဲ့ တိုင်းပြည်ကို အပေါင်းလက္ခဏာရလဒ်တွေ ဖြစ်လာအောင် ဖန်တီးပေးဖို့ သမီးလိုပဲ ကြိုးစားချင်စိတ်ရှိတဲ့ လူတွေ အမြဲလိုနေမှာပါ...)

4 comments:

Anonymous said...

Wow.. :O COOL..

Anonymous said...

Greattttttttttt
Let's support the heroes or try to be a hero!!!!!!!
Heroes are immortal and nobody can kill them!!!!!!
They will live on forever!!!

Thiha Kyaw Zaw said...

Really good idea!!!

mgthantzin said...

ကောင်းလိုက်တာဗျာ... =) ထိထိမိမိရှိတယ်...