Apr 30, 2007

အခြမ်းမဲ့ချမ်းတဲ့ညတွေ

သင်္ကြန်မှာ ရန်ကုန်ခဏပြန်ဖြစ်တော့ ထုံးစံအတိုင်း ကဗျာစာအုပ်တွေ သူမနဲ့အတူ မွှေနှောက်ဝယ်ဖြစ်ပါတယ်။ အဲဒီထဲက ၀ယ်ဖြစ်တဲ့ တစ်အုပ်နာမည်က “ရှုမျှော်ရာလမ်း” တဲ့။ ချမ်းမင်းအိမ်၊ ပေါ်ဦးသစ်၊ ၀ိုင်ချို တို့ရဲ့ ကဗျာတွေပါ။ ကဗျာဆရာ ချမ်းမင်းအိမ်ရဲ့ “အခြမ်းမဲ့ ချမ်းတဲ့ ညတွေ” ကို တော်တော်ကြိုက်မိပါတယ်။ ဒီကဗျာကို ဖတ်မိတော့ ဆရာနန္ဒာသိန်းဇံရဲ့ “အသွင်သဏ္ဍာန်တို့ နောက်ကွယ်..” စာအုပ်မှာ ပါတဲ့ “အခြမ်းပျောက်လမ်း” ကိုလည်း အမှတ်ရမိပါတယ်။

အတိုချုံးပြောရရင် ဂရိဒဏ္ဍာရီအရ ရှေးတုန်းက ကမ္ဘာဦးလူတွေဟာ မျက်နှာနှစ်ခု၊ လက်လေးဖက်၊ ခြေလေးချောင်းရှိတဲ့ သတ္တ၀ါလို့ ဆိုပါတယ်။ လူတွေက ဒုက္ခပေးလွန်းလို့ ဇုနတ်မင်းကြီးက အဲဒီလူတွေကို ထက်ခြမ်းခွဲလိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ လူဟာ အခွဲခံလိုက်ရတဲ့ အခြားသော အခြမ်းကို အရမ်းတွေ့ချင်ပါတယ်တဲ့။ အခွဲခံရတဲ့ အခြမ်းကလည်း အပြန်အလှန်တွေ့ချင်တယ်တဲ့။ ဒါကြောင့်ပဲ အင်္ဂလိပ်စာ အသုံးအနှုန်းမှာ ကိုယ်ချစ်ရတဲ့ ချစ်သူကို “you are my other half” လို့ တင်စားပြောကြတယ်တဲ့။

တကယ်ပါဗျာ.. အခြမ်းမဲ့ ချမ်းတဲ့ညတွေ ဆိုတဲ့ ခေါင်းစဉ်လေးက ဆွဲဆောင်မှုရှိလွန်းတယ်။ ချစ်သူမရှိတဲ့ အခြမ်းမဲ့ ချမ်းတဲ့ညတွေကို ခင်ဗျားတို့လိုချင်မှာ မဟုတ်သလို ကျွန်တော်လည်း လိုချင်မှာ မဟုတ်တာ အမှန်ပဲဗျ။ မနေ့ညကတော့ မိုးတွေသည်းသည်းမည်းမည်း ရွာတယ်..အခြမ်းမဲ့ ချမ်းတဲ့ညတွေထဲ ကျွန်တော်တစ်ယောက်တည်း...။


ကဲ .. ဖတ်ကြည့်လိုက်ပါဦး...

“အခြမ်းမဲ့ ချမ်းတဲ့ညတွေ”

ဒဏ်ရာကို
ဂစ်တာထဲထည့်ပြီး
ညရဲ့ရင်အုံပေါ် ပစ်တင်လိုက်တော့
အဆွေးတွေက
ကြွေကျလာ။
ကန္တာရမှာ မှည့်ဝင်းမယ့်
လမင်းသစ်သီးရေ
ဖြစ်သလို နေတတ်ခဲ့ပေမယ့်
ဖြစ်သလို မချစ်တတ်ခဲ့တာမို့
နေရာထိုင်ခင်းကိုတော့
အတတ်နိုင်ဆုံး ရှင်းထားတယ်
မင်းလာလိမ့်မယ် ထင်လို့။
ဒီမှာ
အနွေးဓာတ်ရဖို့
ဖြတ်စညှပ်စ ချည်မျှင်တွေကိုဆက်
တစ်ကိုယ်စာ စောင်တစ်ထည်ကို
ရက်နေမိတော့တယ်။ ။

မိုးဂျာနယ်၊ အောက်တိုဘာ၊ ၂၀၀၀

2 comments:

နိုင်းနိုင်းစနေ said...

အပျိုကြီး၊ လူပျိုကြီးအဖြစ်နဲ့ အရိုးထုတ်သွားရသူတွေရဲ့ အခြမ်းဟာ
အကြောင်းကြောင်းကြောင့် ကြွေမွသွားလို့ ပျက်စီးသွားလို့တဲ့...
ယူပြီးပြန်ကွဲတဲ့လူ၊ ချစ်ပြီး မပေါင်းဖြစ်တဲ့လူတွေဟာ အခြမ်းမမှန်သေးလို့တဲ့
ဘယ်လောက်ပဲ ဝေးဝေး...ဘယ်နေရာမှာပဲ နေနေ လူတွေဟာ ကိုယ့်အခြမ်းအမှန်
နဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆုံကြရမယ်တဲ့....ဖတ်ဖူးတာလေးပါ....

၉၉ရဲ့ အခြမ်းဘယ်မှာလဲကွယ်.....
ကဗျာအတွက် ကျေးဇူး.. ညီညီ
တစ်အုပ်လုံး စကင်နာဖတ်ပြီး တင်ပေးရင် ပိုကောင်းမယ်..ဟားဟား

ညီညီ(သံလွင်) said...

99 ရဲ့ အခြမ်းဘယ်မှာလဲဆိုပြီး အင်တာနက်ထဲ ကြေညာထည့်ပြီး လူပျောက်ရှာပေါ့။ :) တစ်အုပ်လုံးတော့ မလုပ်ပါနဲ့ဗျာ။ အဲဒီစာအုပ်ထဲက ခံစားရတဲ့ ကဗျာလေးတွေကို အချိန်ရရင် နောက်ထပ် တင်ပေးပါ့မယ်။