Apr 23, 2007

အဝေးကတေးသွား


တိမ်ဖြူလွလွတွေ လွင့်လွင့်လာတယ်။ ပြာလွင်လွင်ကောင်းကင်ထဲ ငါထိုးခွဲပျံနေတယ်။ “စိတ်ချချင်တယ်” ဆိုတဲ့
သီချင်းသံတွေကြားမှာ နင့်မျက်ဝန်းတွေကို အဝေးက လှမ်းပြီး နမ်းနေမိဆဲ။ ခဏတာခွဲရတာပဲလို့ ကိုယ့်ကိုယ်ကို
ဖြေသိမ့်ဖို့ ကြိုးစားနေမိတယ်။ “မောင်ရေ .. ငါ့ကိုမမေ့နဲ့နော်” ဆိုတဲ့ နင့်အသံတွေ အထပ်ထပ်အခါခါ
ငါကြားယောင်နေမိတယ်ဆိုတဲ့အကြောင်း နင့်ကို ပြောပြရင် နင်ငိုဦးမလား။ ငါ့ကို နှုတ်ဆက်တော့ နင်မျက်ရည်တွေ
ကျနေခဲ့သလား။ ငါ နင့်မျက်ဝန်းတွေထဲကို အရင်ကလို စူးစိုက်ကြည့်ဖို့ မ၀ံ့ရဲခဲ့တာတော့ အမှန်ပါ။ နင့်မျက်ရည်
တွေကို တွေ့ရင် ငါလည်း ငိုမိမယ်ထင်ပါရဲ့။ ကဲပါလေ.. ငါတို့ မုန်းလို့ခွဲခဲ့ရတာလည်း မဟုတ်ဘူး။ သူများ
သမီးရည်းစားတွေလို အချိန်တွေ အကြာကြီးခွဲနေရမှာလည်း မဟုတ်ဘူး။ တကယ်တမ်းတော့ နင်နဲ့ငါ ပြန်ဆုံဖို့
အချိန်တစ်လလောက်ပဲ စောင့်ရမှာပါ။ ငါ ရန်ကုန်မှာ ရှိနေခဲ့တဲ့အချိန်တိုင်းလိုလို ငါနဲ့အတူတူရှိနေပေးခဲ့တဲ့
နင့်ရဲ့အချိန်တွေ ငါစားချင်သမျှတွေ အကုန်လျှောက်စား၊ ငါသွားချင်သမျှနေရာတွေ အကုန်လျှောက်သွား
ခဲ့ကြတာတွေ အားလုံးအတွက် ကျေးဇူးပါ။

နင့်ကို အမြဲပျော်နေစေချင်တာ။ ငါချစ်တဲ့အပြုံးလေးတွေကို အမြဲတမ်း ပြုံးနေစေချင်တာ။
နင့်မျက်နှာလေး တစ်ချက်ညိုသွားမှာ.. နင့်စိတ်ကလေး တစ်ချက်ငြိုငြင်သွားမှာ ငါ ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။

ငါတို့နှစ်ယောက်တော့ တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာမိကြပြီထင်ပါရဲ့။ ငါတကယ်ကို တွေးထင်မထားမိခဲ့ တာပါ။
ဒီတစ်ခေါက် ငါပြန်လာတော့ နင်နဲ့ငါ နှလုံးခုန်သံတွေ အရင်ကထက် အဆပေါင်းများစွာ နီးကပ်လာခဲ့တာ
ငြင်းဆန်စရာ မလိုအောင်ပါပဲ။ နင့်ကို တယုတယပွေ့ဖက်ထားခဲ့ရတဲ့အချိန်တွေ နင့်နှုတ်ခမ်းလေးကို တရှိုက်မက်မက်
နမ်းခဲ့ရတဲ့အချိန်တွေ နင့်လက်ချောင်းလေးတွေကြား ငါ့လက်ချောင်းလေးတွေကို ထည့်ပြီး ခပ်တင်းတင်းလေး
ဆုပ်ကိုင်ထားခဲ့ရချိန်တွေ “မောင်”လို့ ဖွဖွလေးခေါ်တတ်တဲ့ နင့်အသံလေးတွေ...။ ကဲ.. ငါတစ်ယောက်တည်း
နင်နဲ့ခွဲပြီး အကြာကြီး ဘယ်နေနိုင်မလဲ။

ငါဖတ်ဖို့ နင်ပေးလိုက်တဲ့ ဂျူးရဲ့ “အမှတ်တရ” ကို ခဏလောက်ဖတ်ကြည့်သေးတယ်။ ဟိုးအရင်က
အဲဒီစာအုပ်ထဲက စာတချို့ကို စိတ်လိုလက်ရ နင်ရွတ်ပြခဲ့တာတွေကို အမှတ်ရနေမိပြန်ရော။ ငါမရှိတဲ့အခိုက်မှာ
သတိရနေပါကွာ ~~ အရင်အတိုင်းပဲ ချစ်နေပါကွာ ~~ သီချင်းသံတွေ ဆူညံနေတယ်။ နင့်ပုံရိပ်တွေ
ငါ့မျက်လုံးတွေမှိတ်ထားတဲ့အခါတိုင်း မြင်ယောင်နေမိဆဲ။ နင့်ရဲ့ နူးညံ့တဲ့အထိအတွေ့တွေ၊ နင့်ရဲ့
ကြင်နာယုယမှုတွေ .. ပိုးရေ.. ငါ့ကို လွမ်းနေပါကွာ။ “မောင်ရေ.. နင်မရှိလို့ ငါငိုရတယ်” လို့ တစ်ခါက
နင်ရေးဖူးတယ်နော်။ အခုတော့ ပိုးရေ.. နင်မရှိလို့ ငါငိုရတော့မယ်ထင်ပါရဲ့... ။

မှတ်ချက်။ ။ရန်ကုန်က အပြန် လေယာဉ်ပျံပေါ်မှာ ရေးဖြစ်ခဲ့တာပါ။

2 comments:

MrProgrammer said...

ahummmmm... စင်ကာပူမှာ မျက်ရည်ချောင်းစီးပြီး ရေကြီးမှာ စိုးမိတယ်။

demo said...

ငိုတောင်ငိုချင်လာပြီ.. :'(
anyway, be cool bro..