Apr 24, 2007

စိတ်ပျက်လက်ပျက်ဖြစ်စရာကောင်းလှသော ကျွန်တော်

ခရီးရောက်မဆိုက် မအိမ်ခြံမြေက ( အဟဲ.. ကိုဘလာဂေါက်ရဲ့ အာဘော်အတိုင်း ခေါ်ကြည့်တာ) ဆောရီး.. မအိမ့်ချမ်းမြေ့က tag လုပ်လိုက်တယ်ဆိုတော့ ဘာလဲပေါ့။ အဲဒါနဲ့ အလုပ်နည်းနည်းပါးတော့ လိုက်ဖတ်ကြည့်ရပါတယ်။ တွေ့ပါပြီ။ ကိုတက်စလာကြီး စထားတဲ့ ဇာတ်လမ်းကိုးဗျ။

ကဲ.. အတော်လေး စဉ်းစားယူထားရတဲ့ 10 weird things about me ဟောဒီမှာပါဗျာ...

၁) လမ်းသွားရင်း ကားနံပါတ်တွေမြင်ရင် မနေနိုင်မထိုင်နိုင် လိုက်ပေါင်းတတ်တယ်။ (ငယ်ငယ်က စာအုပ်လှန်ထားတဲ့ အကျင့်တွေ မပျောက်သေးလို့နဲ့ တူပါတယ်)

၂) တစ်ခုခုကို လုပ်ချင်ပြီဆိုရင် သင့်တော်သလား မသင့်တော်သလား သိပ်မစဉ်းစားဘဲ လုပ်ချင်ရာကို လုပ်ချတတ်တယ်။ (မှားသွားရင်တော့ ဆောရီးပေါ့။ ကြက်ကန်းတိုးပြီး မှန်သွားရင်တော့ သိပ်တော်တဲ့ငါပဲဆိုပြီး ကြံဖန်ဂုဏ်ယူတတ်တယ်)

၃) တရားလွန်အိပ်တတ်တယ်။ မိုးတွေများ သည်းသည်းမည်းမည်းရွာပြီဆို အလုပ်မသွားဘဲ ဆက်အိပ်လိုက်တော့တာပဲ (အိပ်ရာက နိုးမှ ဆေးခန်းပြေးပြီး ဆေးခွင့်လေး ရအောင် မျက်နှာငယ်လေးနဲ့ ဆရာဝန်ကို ဖျားကြောင်းနာကြောင်း ကိုက်ကြောင်းခဲကြောင်း လျှောက်ပြောတတ်တယ်)

၎) သွားရင်းလာရင်း 2-doors sport car လေးတွေ မြင်ရင် တမေ့တမော လိုက်ကြည့်တတ်တယ် (သြော်.. ဘယ်တော့များမှ စီးရပါ့မလဲ)

၅) သူငယ်ချင်းတွေ အကူအညီတောင်းရင် အားနာပါးနာနဲ့ အားအား မအားအား .. အားအားယားယား လုပ်ပေးတတ်တယ် (အကြောင်းသိ သူငယ်ချင်းတွေကတော့ အမြဲနှိပ်စက်နေကျပါပဲ)

၆) တစ်ခုခုလုပ်ပေးမယ် ကတိပေးထားပြီး အကြောင်းတစ်ခုခုကြောင့်များ မလုပ်ပေးဖြစ်လို့ ပေးထားတဲ့ကတိ ပျက်သွားတဲ့အခါမျိုးဆို မစားနိုင် မသောက်နိုင် ကြေကွဲနေတတ်ရော။

၇) သိပ်မရင်းနှီးတဲ့သူတွေနဲ့တွေ့တဲ့အခါ တိတ်တိတ်ကလေးပဲ နေတတ်တယ်။ (အမှန်က ၀စီပိတ် ကျင့်စဉ် ကျင့်နေတာပါ) အဲ... ရင်းနှီးပြီးသားသူချင်းတွေ့ရင်တော့ အင်္ဂါသားလား သောကြာသားလား မေးရမတတ်ပဲ။

၈) သေသေချာချာ မေးလာပြီဆိုရင် မလိမ်တတ်ဘူး ... ဟန်မဆောင်တတ်ဘူး (အဲဒါကြီးက အတော်လေး ဒွတ်ခပေးတယ်။ အမှန်ပြောတတ်တိုင်း နေရာတကာ မကောင်းဘူး မဟုတ်လား)

၉) လူတစ်ယောက်ကို မကြည်တော့ဘူးဆိုရင် ဘယ်လိုမှ ဟန်ဆောင်ပန်ဆောင် ဆက်ဆံလို့ မရတော့ဘူး။

၁၀) အစားအသောက်အတွက် (အထူးသဖြင့်.. ကိုယ့်ဗိုက်ကိုယ်ဖြည့်ဖို့) ဘယ်တော့မှ မနှမြောတတ်ဘူး။

ဟူး.. ကြိုးစားပန်းစားရေးလိုက်တာ အခုမှပဲ ၁၀ခု ပြည့်တော့တယ်..

ကဲ သူများတွေကို လိုက်ဒွတ်ခပေးကြည့်လိုက်ဦးမယ်...

ဘော်ဘော်ကြီးများဖြစ်တဲ့ ဟောဒီသုံးယောက်ကို Tag ပါတယ်..
ဇင်ကိုလတ်
နေဘုန်းလတ်
ကိုဖြိုး

မှတ်ချက်။ ။ Tag လုပ်တာခံရသော ဘော်ဘော်တွေရေ.. မင်းတို့တတွေ ကိုတက်စလာ ပြောထားသလို ဖြစ်မှာ မကြောက်ဘူးဆိုရင်တော့ ပြန်မရေးလဲ ဖြစ်ပါတယ်။

2 comments:

Anonymous said...

နံပါတ်သုံးကို ကျမ အခုပဲလုပ်နေတာ.. တကယ်နေမကောင်းတာလဲပါပါတယ်။

Tesla said...

၁) ငွေတိုးချေးစား တဲ့အလုပ် လုပ်တာ များလား
၂) သူမတော့ ဒွတ်ခပဲ
၃) တော်တယ်ဗျာ
၎) တူတယ် ဆက်မပြောနဲ့တော့ ငိုချင်တယ်
၅) သူငယ်ချင်း မဖြစ်ဖြစ်အောင် ပေါင်းထားမှ
၆) ဟား ဂွတ်တယ် အမြန်ဆုံး ချည်းကပ် ရမယ်
၇) အော်ဒါကြောင့် ကိုး ဟိုနေ့က သူမ ပါလာ လို့များ ငြိမ်နေ တာလားလို့
၈) အသေချာကို မှတ်ထားရမဲ့ အချက်ပဲ ကြုံရင် အသုံးဝင်နိုင်တယ်
၉) ဟိုက် တတိထားရမယ်-
၁၀) သူများဗိုက်ကို ဖြည့်ပေးဘို့လည်း မနှေမြော ဘူးမဟုတ်လား မှတ်ထားလိုက်ပြီ