Jan 23, 2007

ဆာရီရယ်လစ်ဇင်


ဆာရီရယ်လစ်ဇင် (Surrealism) ဆိုတာ အလွယ်ကူဆုံးပြောပြရရင်တော့ အပြင်လောကမှာ တွေ့နေကျ အရာတွေကို အိပ်မက်ဆန်ဆန်ခံစားမှုနဲ့ ထိတွေ့ပေါင်းစပ်လိုက်တဲ့အခါ ထွက်ပေါ်လာတဲ့ အနုပညာပါပဲ။

အပြင်လက်တွေ့ဘ၀မှာ မိုးရွာတာတွေ၊ ထီးဆောင်းထားတဲ့ လူတွေက ပုံမှန်ပါပဲ။ ဒါပေမယ့် ဆာရီရယ်လစ်ဇင်သဘောမှာတော့ ထီးဆောင်းနေတဲ့ လူတွေကို မိုးတွေအဖြစ် အနုပညာဖန်တီးသူ (ပန်းချီဆရာဖြစ်ဖြစ် ကဗျာဆရာဖြစ်ဖြစ် တေးရေးသူဖြစ်ဖြစ်) က ရွာချချင် ရွာချလိုက်ပါလိမ့်မယ်။

မင်းလူဝတ္ထု တစ်ပုဒ်ထဲမှာတော့ ဆာရီရယ်လစ်ဇင်ကို ဒီလို ဥပမာပေးပြီး ရှင်းပြထားတာ ဖတ်ဖူးတယ်။
“ဆာရီရယ်လစ်ဇင်ဆိုတာ သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ရဲ့ လက်တွေကို တံမြက်စည်းတွေ အဖြစ်ဆွဲထားတာမျိုးပေါ့...”

ထူးအိမ်သင်ရဲ့ “နာရီပေါ်မှ မျက်ရည်စက်များ” ဆိုတဲ့ သီချင်းခေါင်းစဉ်ကလည်း ဆာရီရယ်လစ်ဇင်တွေ အသက်ဝင်နေတာပဲ မဟုတ်လား။

ဒါကတော့ Salvador Dali ရဲ့ Persistence of Memory ပန်းချီကားပါ။ အရမ်းနာမည်ကြီးတဲ့ ဆာရီရယ်လစ်ဇင်ကားတစ်ကားပါ။



အဲလက်စ်သီချင်းတစ်ပုဒ် နားထောင်ဖြစ်တော့ ဆာရီရယ်လစ်ဇင်ကို တွေ့ပြန် တယ်။
“တောင်တွေပေါ်မှာ ငါးကြီးတွေ အတောင်ပံဖြန့်လို့ကူးနေခဲ့ ....”

ဒါနဲ့ ကဗျာဝိညာဉ်က ဆာရီရယ်လစ်ဇင်ဆန်ဆန် ကဗျာစာသားတွေ ဖန်တီးကြည့်ဖို့ တောင်းဆိုလာပါတယ်။ ဒီမှာ ရေးဖြစ်တဲ့ ကဗျာစာသားတချို့ ...

“ဆည်းလည်းသံတွေက လွမ်းနေပြီမဟုတ်လားလို့ မေးတယ်
ဧရာဝတီမြစ်ကြီးက သူပြန်လာမှာ မငိုပါနဲ့လို့ ပြောတယ်
ဟိုမှာထိုင်နေတာ စကားပန်းလေးတစ်ပွင့်ပေါ့
မျက်ရည်စတွေ ကောင်းကင်ဆီ လွင့်လွင့် ထွက်သွားတယ်
ဒီလိုပဲ ကြယ်တွေလည်း ပိုပို များလာတယ်
ကောင်းကင်ကတော့ ငါတို့ နှစ်ယောက်စလုံးကို မြင်တယ်
ငါတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မမြင်ဘူး..
ဘယ်နှယ့်လုပ်မလဲ..
အခုမှ ခွဲရတာ ဖူးစငုံစရှိသေး ..
အလွမ်းတွေက အစုလိုက် အပြုံလိုက် ပွင့်နှင့်နေပြီ”

Read More...

ကဗျာဆရာတင်မိုးကွယ်လွန်


“ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို အိမ်ပြန်ပို့ကြပါလေ.. ”
(တင်မိုး)

လေးစားရတဲ့ ကဗျာဆရာတစ်ဦးဖြစ်သူ ဆရာတင်မိုးတစ်ယောက် L.A မှာ ဒီနေ့ပဲ ကွယ်လွန်သွားတယ်လို့ ကြားသိရတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာ ကောင်းရာသုဂတိ လားပါစေ။

Read More...

Jan 22, 2007

သက်ငြိမ်


သက်ငြိမ်ဆိုတဲ့ စကားလုံးကို ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်မှာ စကြားဖူးတာပါ။ တော်တော်တော့ကြာပါပြီ။ နောက်ပိုင်း ပန်းချီတွေကို စိတ်ပါဝင်စားမှု ရှိလာတော့မှ ဒီစကားလုံးကို ထပ်ပြီး သွားတွေ့ပြန်ပါတယ်။ “သက်ငြိမ်” တဲ့။ ပန်းချီအခေါ် ကတော့ Still Life ပါ။ မလှုပ်မယှက်ရှိနေတဲ့အရာဝတ္ထုတွေကို ကူးဆွဲထားတဲ့ ပန်းချီကားမျိုးပေါ့။
ဥပမာ - အသီးအနှံတွေကို ဆွဲထားတဲ့ပုံမျိုး။ ဗန်ဂိုးရဲ့ နေကြာပန်းပုံမျိုး။

ဘယ်သူက ဘယ်တုန်းကတည်းက ပြန်ဆိုထားတဲ့ စာလုံးမှန်း မသိပေမယ့် Still Life ကို မြန်မာစကားလုံး “သက်ငြိမ်” အဖြစ် အသွင်ပြောင်းပေးလိုက်တဲ့ ထိုသူကိုတော့ အတော်လေး လေးစားမိပါတယ်။

“ငြိမ်သက်” နေတဲ့အရာကို “သက်ငြိမ်” လို့ နာမည်ပေးမယ်ဆိုရင်
“ရွေ့လျား” နေတဲ့အရာတွေကိုရော ကျွန်တော်တို့ ဘယ်လို နာမည်ပေးကြမလဲ..

“အလျားလိုက်ရွေ့” ဆိုရင်ကောင်းမလား ..

ကဏန်းတစ်ကောင်ကတော့ ဒီပို့စ်ကို ဖတ်ပြီးရင် ဒီလိုအော်ပြီး ကန့်ကွက်လိမ့်မယ် ထင်ပါတယ်..
“အလျားလိုက်ရွေ့” မဟုတ်ဘူး .. “ဘေးတိုက်ရွေ့” ...

Read More...

Blogger


ဘလော့ခ်ကို ကိုယ်တိုင် သေသေချာချာရေးဖို့ စိတ်မပါပေမယ့် (အမှန်က ရေးဖို့ ပျင်းနေတာပါ) သူငယ်ချင်းတွေရဲ့ ဘလော့ခ်တွေကိုတော့ မှန်မှန်သွားဖတ်ဖြစ် ပါတယ်။ ဟိုးတစ်နေ့ကတော့ ကိုယ့်စာအပိုင်းအစတွေ၊ ကဗျာတွေသာ တင်ရုံသာမဟုတ်ဘဲ ခံစားချက်တွေ၊ အတွေးတွေ၊ ရေးချင်တာလေးတွေ ဘလော့ခ်မှာ ရေးရင်ကောင်းမယ်လို့ တွေးမိပါတယ်။

ဒါနဲ့ပဲ ကျွန်တော် ဘလော့ခ်စရေးကြည့်ဖို့ ကြိုးစားပါတယ် ..
i think, therefore i'm ဆိုတဲ့ ကျော်ကြားလှတဲ့ ဒီစကားကို ကြားဖူးကြမှာပါ။
ကျွန်တော်ကတော့ အဲဒီစကားကို နည်းနည်းမှီးပြီး ထွင်ကြည့်လိုက်ပါမယ်..
i write, therefore my blog လို့ .. ။ ။

Read More...

သို့ .. သတိတရ


သတိရတယ်ဆိုတာ အိပ်မပျော်ဘဲ နင့်အကြောင်းတွေချည်းပဲ တွေးမိနေတတ်တာ မျိုးလား။ နောင်တတွေကြားက ငါ.. အမှားများစွာနဲ့ ငါ.. ဒဏ်ရာအနာတရနဲ့ ငါ.. ဘ၀မှာ နင်နဲ့အကြိမ်ကြိမ်လွဲချော်ဖူးတဲ့ ငါပါ။ အချစ်ဆိုတာ ကျိန်စာတစ်ခုလား။ ဒါမှမဟုတ် ..မစားကောင်းတဲ့အသီးလား။ (ထုံးစံအတိုင်း) လက်ဖျားတွေက အေးစက်နေပြန်ပြီ..။

ငါ့စိတ်ရထားက ဆယ်စုနှစ်တစ်ခုစာ နောက်ပြန်သွားနေတယ်။ ကောင်မလေး တစ်ယောက်ကို ခိုးခိုးကြည့်နေတဲ့ ကောင်လေးတစ်ယောက်။ ကောင်မလေး တစ်ယောက်အကြောင်း ကဗျာတွေ ရေးရေးနေတဲ့ ကောင်လေး တစ်ယောက်။ ကောင်မလေးကိုယ်တိုင်တောင် သတိမပြုမိတဲ့ ကောင်လေး တစ်ယောက်။ ကောင်မလေးရဲ့ အပြုံးတွေနောက် အရိပ်တကြည့်ကြည့် ခြေရာကောက်ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်။ မျှော်လင့်ခြင်း တခုတ်တရနဲ့ ကြယ်ကြွေညတိုင်း ဆုတောင်းခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်။ ဒိုင်ယာရီ စာမျက်နှာတွေထက် အိပ်မက်တွေအတောင်ပေါက်မယ့်နေ့ကို စောင့်ခဲ့တဲ့ ကောင်လေးတစ်ယောက်။ ကောင်မလေးနင်နဲ့ အဝေးဆုံးမှာ ကိုယ်ယောင်ဖျောက်ခဲ့တဲ့ ကောင်လေး တစ်ယောက်ဟာ ငါဖြစ်ခဲ့ဖူးတယ်။

တကယ်တော့ နင်နဲ့ငါ ဆုံနိုင်ခွင့်အတွက် တံခါးတစ်ချပ်ပဲခြားတာပါ။ အဲဒီတံခါးအတွက် သော့က နင်နဲ့ငါ အကြားမှာရှိရမယ့် နားလည်မှုဖြစ်တယ်။ နင်နဲ့ငါအကြားမှာ စည်းတစ်ခုရှိတယ်။ အဲဒီစည်းအတွက် ကျော်ဖို့ တံတားတစ်ခုက နင်နဲ့ငါ အကြားမှာရှိရမယ့် ယုံကြည်မှုဖြစ်တယ်။ နင်နဲ့ငါ အကြားမှာ မမြင်ရတဲ့ ကြိုးတစ်ချောင်း ရှိတယ်။ အဲဒီကြိုးခိုင်မြဲဖို့ လိုအပ်တာက နင်နဲ့ငါ အကြားမှာရှိရမယ့် ချစ်ခြင်းမေတ္တာတရား ဖြစ်တယ်။

ငါက စိတ်ကူးယဉ်တတ်တယ်။ ငါက ကဗျာတွေရေးတယ်။ ငါက ဂစ်တာမတောက်တခေါက်တီးတယ်။ ငါက ကွန်ပျူတာဘာသာစကားတတ်တယ်။ ငါက ထူးအိမ်သင် သီချင်းတွေကြိုက်တယ်။ ငါက ပန်းချီကားတွေကို ခံစားတယ်။ ငါက ထမင်းမေ့ဟင်းမေ့ စာဖတ်တတ်တယ်။ ငါက လိမ်ညာရမှာ ကြောက်တယ်။ ငါက ဖြူစင်ရိုးသားတာကို နှစ်သက်တယ်။ ပြီးတော့ ငါက တခါတခါ တစ်ယောက်တည်းတွေးနေ တတ်တယ်။ ငါက ငါ့ကိုယ်ငါ သူများနဲ့မတူအောင် အမြဲနေတယ်။ ငါက ဖန်တီးမှုကို မြတ်နိုးပြီး ဖျက်ဆီးမှုကို မုန်းတီးတယ်။
ပြီးတော့ ငါက အချစ်ဆိုတဲ့အရာကို ယုံကြည်တယ်။

ငါ မတွက်တတ်တဲ့ပုစ္ဆာတစ်ပုဒ်ဟာ နင်ဖြစ်တယ်။ ငါမြတ်နိုးတဲ့ စကားပန်း တစ်ပွင့်ဟာ နင်ဖြစ်တယ်။ ငါမဖွဲ့တတ်တဲ့ ကဗျာတစ်ပုဒ်ဟာ နင်ဖြစ်တယ်။ ငါမတီးတတ်တဲ့ ဂီတဟာ နင်ဖြစ်တယ်။ ငါနားမလည်တဲ့ ကွန်ပျူတာ ဘာသာစကားဟာ နင်ဖြစ်တယ်။ ငါ အဓိပ္ပာယ်မသိတဲ့ ပန်းချီကားတစ်ချပ်ဟာ နင်ဖြစ်တယ်။ ပြီးတော့ ငါမတွေးတတ်တဲ့ နင့်နင့်သည်းသည်း ခံစားမှုတစ်ခုဟာ နင်ဖြစ်တယ်။

၁၉၉၆က စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်တွေဟာ ၂၀၀၆က စနေ၊တနင်္ဂနွေ အလုပ်ပိတ်ရက်တွေနဲ့ အတူတူပဲ ဆိုတာ နင်နဲ့ငါပဲ နားလည်နိုင်တဲ့ လျှို့ဝှက်ချက်ခပ်ပါးပါးတစ်ခု။ အဲဒီလို ကောင်းကင်မှာ ကြယ်တွေ အစုလိုက်ပွင့်တဲ့ ဒီညမှာ နင့်ကို ငါလွမ်းနေတယ်။ နင်အိပ်မက်ထဲမှာတစ်ယောက်ထဲ ပျံနေသလား။ နင်တစ်ယောက်ထဲ ပျံမှာလားဆိုတဲ့ ငါ့မေးခွန်းကို နင်မဖြေရသေးဘူး။ နင်နဲ့ငါ ပြန်တွေ့တဲ့အခါ ... ငါ့အိပ်မက်တွေ အသက်ဝင်လာမယ်လို့ ငါယုံနေချင်တယ်။ အတောင်ပံတွေကို လွှင့်ပြီး အမြင့်ကြီးပျံနေတဲ့ ငှက်တစ်ကောင်ဟာ ငါဖြစ်နေတယ်။
အပြန်လမ်းကို ဦးတည်.. နင်ရှိရာအရပ်ဆီ ငါပျံသန်းလာခဲ့မယ် ... ။ ။

ခေလွန်း

Read More...

ငါ့ခေါ်သံတွေ နင်မကြားဘူး

ခပ်တိုးတိုးလေး နင့်နာမည်ကို ရွတ်လိုက်တဲ့အခါ
လွမ်းတယ်ဆိုတာ ငါသိသွားတယ် ...။

နင်နဲ့ငါ .. သူငယ်ချင်း
အလင်းမဲ့ စည်းတစ်ခုခြားထားတယ်
ငါတကယ်တမ်း တွေဝေမနေချင်တော့ဘူး ...။

ငါကမေ့တတ်တဲ့ကောင်ပါ ..
ဒါပေမယ့် ငါမေ့သွားတဲ့အရာတွေထဲမှာ
နင်နဲ့ငါ
စကားတွေအများကြီးပြောဖြစ်တဲ့ည မပါဘူး
နင်နဲ့ငါ
အသံတိတ်ပြောဖြစ်တဲ့နေ့စွဲတွေ မပါဘူး
နင့်ကို ဟိုးဆယ်စုနှစ်တစ်ခုက
ငေးကြည့်ခဲ့ရတဲ့ရာသီတွေလည်း မပါခဲ့ဘူး ...။

ငါအခုတလော အတောင်ပံတွေလိုချင်နေတယ်
ကောင်းကင်ပြာပြာကြီးထဲ ပျံဝဲကြည့်ချင်လို့
“ ဟိုးအမြင့်ကြီးကိုပျံတဲ့အခါ ”
ပြီးတော့ .. “ အတောင်ပံတွေ ”
အဲဒီ မျိုးကျော့မြိုင်သီချင်းတွေကို စွဲစွဲမြဲမြဲနားထောင်ဖြစ်တယ်
i believe i can fly ဆိုတဲ့ သီချင်းကို ကြိုက်တတ်လာတယ်
i can fly (i'm proud of u) ဆိုတဲ့ သီချင်းကို နင်ပို့ပေးခဲ့တယ်
ကဲပါလေ ...
ငါမြင်နေတာက
နင်နဲ့ငါ့အကြားမှာ ကြိုးတစ်ချောင်း စည်းတစ်ခု
ကဲ နင် ခုဖြေ
နင်နဲ့ငါ အဖြူရောင်လား ... ။

နင်က
အဖြူရောင်ကို ကြိုက်တယ်
အပြာရောင်ကို ကြိုက်တယ်
ငါက
အနက်ရောင်ကိုကြိုက်တယ်
အပြာရောင်ကို ကြိုက်တယ်
ဒီတော့
နင်နဲ့ငါ အပြာရောင်လား ...။

“ရွှေနှင့်ယိုးမှား ပန်းစကား”တဲ့
ငယ်ငယ်က သင်ရတဲ့ ကဗျာတစ်ပိုဒ်လေ
စကားပန်းတွေ နင်ကြိုက်တတ်မှန်း ငါမသိခဲ့ဘူး
ငါ့တိတ်တခိုးအကြည့်တွေကို နင်မသိခဲ့ဘူး
နင်ကဗျာတွေ ကြိုက်တတ်မှန်း ငါမသိခဲ့ဘူး
နင့်အတွက်ရေးဖြစ်တဲ့ ငါ့ကဗျာတွေကို နင်မသိခဲ့ဘူး
မသိခြင်းတွေက နင်နဲ့ငါ့ကို
ဆယ်စုနှစ်တစ်ခုစာ ခြားခဲ့တယ် .. ။

“ငါကြိုက်တဲ့ကဗျာတွေ
တိမ်မိုးသားပြာတွေ
သံစဉ်နဲ့သီချင်းတွေ” တဲ့
နင်ကြိုက်တဲ့ သီချင်းစာသားတွေ
တိမ်မိုးပြာတွေအောက် နှစ်ယောက်အတူထိုင်
ကဗျာဝိုင်တွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရွတ်ပြမယ်
ပြီးရင် ငါကဂစ်တာတီး
နင်က သီချင်းတွေ ညည်းဆို
အဲဒီလို
ငါတို့ရဲ့ အိပ်မက်အပိုင်းအစတွေ
ထားပါတော့
ငါတော်တော် စိတ်ကူးယဉ်နေတတ်တုန်းပဲလို့ ...။

ပြောမထွက်ခဲ့ဘူး ..
ပြီးတော့ .. ခုချိန်မှာ ငါမပြောသင့်ဘူး ..
ငါပြောလို့ကို မဖြစ်ဘူးကွာ ..
အမှန်က ငါ့ဆုံးဖြတ်ချက်တွေ စောလွန်းလို့
နင်နဲ့ငါ မရည်ရွယ်ဘဲ နောက်ကျခဲ့တာပါ
ငါပြောတဲ့အခါ
နင်စိတ်ဆိုးချင်ဆိုးမယ်
ဒါမှမဟုတ်
ငါတို့ကို အတော်လေးနောက်ကျမှ ပြန်တွေ့စေတဲ့ ကံတရားကို
နင်စိတ်ပျက်ချင်ပျက်မယ်
မနက်ဖြန်ကိုမေ့လို့ရရင်
နောက်ပြီး.. မနေ့ကကိုမေ့လို့ရရင်
ဒီနေ့ပဲ နင့်ကို ချစ်တယ်လို့ပြောမယ် ... ။

ငါ့ခေါ်သံတွေ နင်မကြားဘူး
နင့်ခေါ်သံတွေ ငါကြားနေသလိုပဲ
နင်လိုက်မလား
နင်နဲ့ငါ ..
ဟိုးအဝေးကြီး ပျံသွားရအောင် ...။ ။

ခေလွန်း
၁၄ နိုဝင်ဘာ ၂၀၀၆

Read More...

ကျွန်တော်နှင့်အတောင်ပံတစ်စုံ

၁။ ကျွန်တော်အတောင်ပံတစ်စုံကို မက်မောဖူးပါသည်။
၂။ ထိုသို့ ကျွန်တော်မက်မောသော အတောင်ပံတစ်စုံကို ပိုင်ဆိုင်ခွင့်လည်း ရခဲ့ဖူးပါသည်။
၃။ သို့သော် ... ။

၎။ ထိုအတောင်ပံတစ်စုံကို ကျွန်တော်နှင့် မိတ်ဆက်ပေးသူမှာ သူဖြစ်သည်။
၅။ သူသည် ကျွန်တော့်ဘ၀၏ ငယ်ဘ၀ညအိပ်မက်များကို အသက်ဝင်စေခဲ့သူဖြစ်သည်။
၆။ သူသည် ကျွန်တော် မြတ်မြတ်နိုးနိုး ခိုးချစ်ခဲ့ရသော ပန်းတစ်ပွင့်ဖြစ်သည်။
၇။ သူသည် ကျွန်တော့်ကဗျာများ၏ နတ်သမီးဖြစ်သည်။
၈။ သူက ပြောဖူးသည်။ တစ်ချိန်တွင် ကျွန်တော်တို့ အတူပျံသန်းနိုင်မည်ဟု သူယုံကြည်ပါသည်တဲ့။
၉။ ထိုသို့ သူပြောပြီးကတည်းက အတောင်ပံတစ်စုံ ကို ကျွန်တော် တမ်းမက်တတ်လာပါသည်။

၁၀။ “စိတ်ချတော့ ချစ်သူရေ..လှမ်းခဲ့ပါ့မယ်.. စိတ်ချလက်ချနဲ့ မင်းစောင့်” (လေးဖြူ၏ အတောင်ပံများနှင့်)
၁၁။ “မင်း ဘယ်နေရာမှာလဲအချစ် ကမ္ဘာမြေတစ်ဘက်ဆုံးအထိ ငါပျံသန်းလာမယ်” (ထူးအိမ်သင်၏ ကောင်းကင်ထဲကမြစ်တစ်စင်း)
၁၂။ “ပင်လယ်ပြင်တွေ ဖြတ်သန်းမယ် အတောင်ပံပါရင် မင်းအနားကို” (ရင်ဂို၏ အတောင်ပံပါရင်မင်းဆီကို)
၁၃။ “အတောင်ပံတွေကို လွှင့်လို့ရယ် ကိုယ်နေချင်တာ မင်းအနားပဲ” (မျိုးကျော့မြိုင်၏ အတောင်ပံတွေ)

၁၄။ သီချင်းတွေ၊ ကဗျာတွေထဲတွင် အတောင်ပံတွေ အကြောင်းပါလာလျှင် ကျွန်တော့်ရင်ခုန်သံ မြန်လာတတ်ပါသည်။
၁၅။ အတောင်ပံတစ်စုံဖြင့် လေထဲမှာ ပျံကြည့်ရတာ အတော်လေး အရသာရှိမည်ဟု ထင်ပါသည်။
၁၆။ တစ်ခါတစ်ခါ ကျွန်တော်နေထိုင်ရာ တိုက်ပေါ်မှ ခုန်ချပြီး လေထဲ ခဏဖြစ်ဖြစ် ပျံကြည့်ဖို့ စိတ်ကူးချင် စိတ်ကူးနေမိတတ်သည်။
၁၇။ အိပ်မက်တွေထဲမှာတော့ ကျွန်တော် မကြာခဏပျံကြည့်ဖူးပါသည်။
၁၈။ လက်အစုံကို ဆန့်တန်းပြီး လေထဲမှာ တစ်ကိုယ်လုံးလွှင့်ကာ တစ်နေရာမှ တစ်နေရာသို့ ပျံသန်းသွားရတိုင်း ရင်ထဲ အေးကနဲ ဖြစ်သွားတတ် တာကို မှတ်မှတ်ရရ ရှိနေမိသည်။

၁၉။ အတောင်ပံတစ်စုံရှိလျှင် မြေဆွဲအားမှ လွတ်မြောက်ပျံသန်းလို့ရပြီ။
၂၀။ အချုပ်အနှောင်တွေ အတားအဆီးတွေကို ရိုက်ချိုးပစ်ဖို့ စွမ်းအင်တွေလည်း ရလာပါလိမ့်မည်။
၂၁။ သူရှိရာ အရပ်ဆီကိုလည်း ပျံသန်းခွင့်ရပါလိမ့်မည်။
၂၂။ ဒါဆို ကျွန်တော့်အတွက် အတောင်ပံတစ်စုံလိုအပ်နေသည်မှာ သေချာနေပြီ ဖြစ်သည်။
၂၃။ ကျွန်တော် လှောင်အိမ်တစ်ခုထဲတွင် ရှိနေသည်မှာ အတော့်ကို ကြာခဲ့ပြီ။ ကျွန်တော် အတမ်းတဆုံး အတောင်ပံတစ်စုံကို ဒီဇင်ဘာ ဆောင်းညတစ်ရက်တွင် သူ ပေးခဲ့သည်။
၂၄။ အတောင်ပံခတ်သံတွေ ခုထိ နားထဲကြားနေမိသလိုပဲ။
၂၅။ အတောင်ပံတစ်စုံနှင့် ချစ်သူတစ်ယောက်ကို တပြိုင်တည်း ပိုင်ဆိုင်ခွင့်ရခဲ့ဖူးပါသည်။

၂၆။ ကျွန်တော့်ကို သူက သူမ၏ကဗျာဆရာဟု ခေါ်တတ်ပါသည်။
၂၇။ သူမ၏ကဗျာဆရာ ဒီနေ့ သူ့ကိုယ်သူအဆုံးစီရင်သွားပြီ ဟု သူကြားလျှင် သူ ဘယ်လိုဖြစ်မည်လဲ။
၂၈။ ကျွန်တော်သည် အမှားခပ်များများကို ရိုးသားစွာကျူးလွန်ဖူးသူဖြစ်သည်။
၂၉။ ထို့ကြောင့် လူအများက ကျွန်တော့်ကို သစ္စာမရှိသူ၊ လူ့ကျင့်ဝတ်ကိုချိုးဖောက်သူဟု မြင်ကြသည်။
၃၀။ အတောင်ပံတစ်စုံအပေါ်တွင် ထားရှိသော ကျွန်တော့်သစ္စာကို သူတစ်ယောက်သာ သိပါလိမ့်မည်။

၁။ ကျွန်တော်အတောင်ပံတစ်စုံကို မက်မောဖူးပါသည်။
၂။ ထိုသို့ ကျွန်တော်မက်မောသော အတောင်ပံတစ်စုံကို ပိုင်ဆိုင်ခွင့်လည်း ရခဲ့ဖူးပါသည်။
၃။ သို့သော် ကျွန်တော် ထိုအတောင်ပံတစ်စုံနှင့်အတူ ဘယ်အချိန်မှာမှ ပျံသန်းခွင့်ရမည်ဆိုသည်ကို မသိပါ။
၎။ ထိုအတောင်ပံတစ်စုံကို ကျွန်တော် ရင်ခုန်နေဆဲဖြစ်သည်။
၅။ ရင်ထဲ အေးကနဲ ဖြစ်သွားတာကို သိလိုက်ပြီးသည့်နောက်တွင်..... ။
(ဤနေရာမှစြ့ပီး ကိုယ်လိုရာကို ဆက်တွေးကာ စာဖတ်သူသဘောအတိုင်း နံပါတ်စဉ်တပ်ကာ ဆက်ရေးချလိုက်လို့ ရပါပြီ။)

ညီညီ(သံလွင်)

Read More...

ဘ၀ကို မိတ္တူပွားကြည့်ခြင်း

အဆင်မပြေဘူး
ထွေထွေထူးထူး ပြောမနေပါနဲ့တော့
ဒီကောင်းကင်တစ်ခုလုံး မော့လိုက်ပြီးပြီ
အဲဒါ နတ်ဆိုးတွေ ရယ်သံ မဟုတ်လား
အသက်ရှူရတာ ခါးနေသလိုပဲ
သွေးသံရဲရဲ ဖရိုဖရဲ
အပြိုပြိုအလဲလဲ အကွဲကွဲအပျက်ပျက်
အက်ကြောင်းတွေ တစတစများလာတဲ့အခါ
ဘ၀ရဲ့အဓိပ္ပာယ်တွေ ကွာကွာကျလာတာ အမှန်ပဲ
သည်းသည်းမည်းမည်း မိုးစက်တွေကြားမှာ
စိတ်ဗလာနဲ့ တွေးတော
ပြီးတော့ ငေးမော ကြေပျက်
ဒါတ၀က်တပျက်ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါပဲ
ဒီတစ်ကြောင်းဖတ်ပြီးတဲ့အခါ စုတ်ဖြဲလိုက်ပါ
ဟောဒီမှာ အမှိုက်ပုံး
တကယ်တမ်း .. ဒါတွေမလိုဘူး .. ရတယ်
ကြယ်တွေနဲ့ အတူ ကြွေ
ပန်းတွေနဲ့ အတူ ကြွေ
ဖြစ်မယ်ပျက်မယ်ဆိုတာ သိနေသားပဲ
ခံနိုင်ရည်နည်းနည်းကို
အယ်လ်ကိုဟောနည်းနည်းနဲ့ရောမွှေ
ဒီလိုပဲ မဟုတ်လား
ရေတွေ ခမ်းသွားကြမယ်
ပြီးရင်..
မိုးတစ်ပေါက်နှစ်ပေါက်ကျတာနဲ့
ဒီစမ်းချောင်းလေးထဲ
ရေတွေ လမ်းသလားကြဦးမယ်
လူအဖြစ်ရဖို့ဟာ မလွယ်ဘူးတဲ့
ဟုတ်ကဲ့
လူဖြစ်ရတာလည်း မလွယ်ဘူးဆိုတာ
အသေအချာ ပြောခဲ့ပါမယ် .... ။ ။

ခေလွန်း
၁၃ ဇန်န၀ါရီ ၂၀၀၇
မနက် ၄နာရီ ၃၇မိနစ်

Read More...

သို့ .. စကားပန်း

ကြယ်တွေအိပ်တန်းတက်ပြီလား
အလွမ်းနှစ်ဖက်သွားဓားတစ်လက်
ဟက်တက်ကြီးစိုက်ဝင်နေပုံက
အဖြေရတဲ့ညထဲ ပြန်ရောက်သွားသလိုမျိုး
ချောင်းဆိုးသံ တစ်ခါတစ်ခါထွက်နေတာကလွဲရင်
အနမ်းဖွဖွတွေကို ခံစားလို့ရသေးတယ်
ဟော ဟိုမှာ ..
ခရေတွေ တ၀ုန်းဝုန်းကြွေ
ကဗျာရွတ်သံတွေ ကြားကြားနေရတာ မဆန်းဘူး
လိမ္မော်ရည်တစ်ပုလင်း ပေးပါ
ထောပတ်သီးဖျော်ရည်တစ်ခွက် ပေးပါ
အတောင်ပံတစ်စုံ ပေးပါ
မှာချင်တာတွေသိပ်များနေပြီ
သက်ပြင်းတွေကို ဖြည်ချလိုက်တော့
အဆိပ်တစ်ခွက်ကို မော့ဖို့ မလိုတာ သေချာနေတဲ့နောက်
အိပ်မက်တွေထဲ လျှောက်
မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေထဲ လျှောက်
နှစ်ကိုယ်ကောင်းဆန်ဆန် ယုံကြည်မှုတွေထဲ လျှောက်
ဆုတောင်းကိုယ်စီနဲ့ လျှောက်
မဆုံးတမ်း လျှောက် လျှောက် လျှောက်
နွေဦးပေါက်တဲ့အခါ
ပိတောက်တွေ ပွင့်တဲ့အခါ
ကဗျာဆရာ ပြန်လာမယ်ဆိုတဲ့အကြောင်း
ပန်းသိအောင် အကြောင်းကြားပေးပါ... ။ ။

ခေလွန်း
၃၁ ဒီဇင်ဘာ ၂၀၀၆
မနက် ၃နာရီ ၁၅မိနစ်

Read More...

ဒီဇင်ဘာမှာ ရွာမယ့်မိုး

ဆယ်နှစ်ဆယ်မိုး ပျိုးထားခဲ့တဲ့ မိုးတိမ်တွေက ပြောတယ်
ဒီဇင်ဘာမှာ
ရွာမယ် တဲ့..
ရပါတယ် ထီးမပါလဲ
မိုးရွာထဲ နှစ်ယောက်အတူပေါ့ (မဟုတ်ဘူးလား...)
စိတ်ကိုလျှော့ပြီး
ခေါင်းကိုမော့ထား
ပြီးတော့ အတိတ်တွေကို ထားခဲ့
စကားပန်းလေးကို ဖွဖွလေးနမ်းတဲ့အခါ
တစ်လောကလုံး အပြာရင့်
ဒီလိုနဲ့ ..
စကားပန်းတစ်ပွင့် ပွင့်ခဲ့တယ်.. ။ ။

ခေလွန်း

Read More...