Sep 11, 2008

United 93




တလောက ရုပ်ရှင်ကား အဟောင်း တစ်ကား ကြည့်ဖြစ်တယ်။ နာမည်က United 93 တဲ့။ လွန်ခဲ့တဲ့ ၇ နှစ် ဒီကနေ့မှာ အမေရိကန် နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုလဲခဲ့ရတယ်။ အဲဒီအကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်ကား တစ်ကားပါ။ မင်းသား၊ မင်းသမီးရယ်လို့ မယ်မယ်ရရ မပါဘူး။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်မှာ လေယာဉ် ၄ စီးကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲခဲ့ကြတယ်။ နှစ်စီးက ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ၀င်တိုက်လို့ လုံးဝ ပြိုလဲ ပျက်စီးသွားရတယ်။ တစ်စီးကတော့ Pentagon ကို အနည်းငယ် ပျက်စီးစေခဲ့တယ်။ နောက်ဆုံး တစ်စီးဖြစ်တဲ့ United 93 ကတော့ သူ့ရဲ့ ပစ်မှတ်လို့ ယူဆရတဲ့ အိမ်ဖြူတော် သို့မဟုတ် Capitol အဆောက်အဦးကို ၀င် မတိုက်ဖြစ်ခဲ့ဘူး။ ပျက်ကျသွားခဲ့တယ်။ အကြမ်းဖက်သမား ၄ ဦး အပါအ၀င် ခရီးသည် ၃၇ ဦး သေဆုံးခဲ့တယ်။

၂၀၀၁ ခုနှစ်က ၂၁ နှစ်သားပဲ ရှိသေးတဲ့ ကျွန်တော့်အတွက် ကမ္ဘာ့ရေးရာတွေကို အခုလောက် စိတ်ဝင်စားရကောင်းမှန်း မသိသေးဘူး။ အဲဒီတုန်းက ကျောင်းစာတွေနဲ့ပဲ လုံးလည်ချာလည် လိုက်နေတဲ့အချိန်။ အဲဒီတုန်းက BBC နဲ့ CNN မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ၀င်စိုက်နေတဲ့ လေယာဉ်ပျံပုံတွေ၊ ပြေးလွှားနေတဲ့ မီးသတ်သမားပုံတွေချည်း တိုက်ရိုက်လွှင့်နေတယ်။ နောက်တစ်နေ့ မနက်နိုးတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုကျသွားပြီတဲ့။ သတင်းတွေ ကြည့်လိုက်တော့ ပြိုကျသွားပုံကို အနှေးပြကွက်နဲ့ ပြနေတယ်။ နောက်တစီးက Pentagon ကို ထိတယ်။ နောက်တစ်စီး ပျက်ကျသွားတယ် ဆိုတာကလွဲလို့ ဘာဖြစ်လို့ ဆိုတာ အသေအချာ မသိခဲ့ဘူး။ အဲဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကို ကြည့်ပြီးမှပဲ United 93 လို့ အမည်ရတဲ့ United လေကြောင်းလိုင်းက လေယာဉ် ဘယ်လိုဖြစ်ပြီး ပျက်ကျသွားရသလဲ ဆိုတာ သိခဲ့တယ်။

အကြမ်းဖက်သမားတွေဟာ ဒီ စက်တင်ဘာ ၁၁ မှာ အမေရိကန်သာမက ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားအောင် အကြံအစည် ကြီးကြီးနဲ့ လုပ်ခဲ့ကြတယ်။ လေယာဉ်တွေကို ပြန်ပေးဆွဲရာမှာ သုံးခဲ့တဲ့ အသေခံ အကြမ်းဖက်သမားတွေကိုလည်း လိုအပ်တဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပေးခဲ့သလို လေကြောင်း ကျွမ်းကျင်သူ၊ ဖောက်ခွဲရေး ကျွမ်းကျင်သူ တွေကိုလည်း စုစည်းခဲ့တယ်။ United 93 လေယာဉ်ကို ပြန်ပေးဆွဲရာမှာ ပါခဲ့တဲ့ ခေါင်းဆောင် လုပ်သူဆိုရင် ဂျာမနီမှာ လေကြောင်းအင်ဂျင်နီယာသင်တန်းတက်ခဲ့သူ တစ်ဦး ဖြစ်တယ်။ အကြမ်းဖက်သမား ၄ ဦးက ခေါင်းစီးအနီတွေ ကိုယ်စီ စီးပြီး လေယာဉ်ကို အပိုင်စီးပြီးသွားတဲ့ အချိန်မှာ ခေါင်းဆောင်က လေယာဉ်ပိုင်းလော့နေရာကနေ ခရီးသည်တွေဆီကို လေယာဉ်အပိုင်စီးထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။ အဲဒီလို အပြောမှာ ခလုပ်မှားနှိပ်ပြီး အဲဒီ ပြောတဲ့အသံက လေယာဉ်ပျံထိန်းချုပ်ရေးစခန်းကို ရောက်သွားခဲ့တယ်။

"Ladies and gentlemen: Here the captain, please sit down keep remaining seating. We have a bomb on board. So sit."
[Announcement made by Ziad Jarrah]

ဝီကီပီးဒီးယားမှာ အဲဒီ အသံကို နားထောင်ကြည့်လို့ ရတယ်။ ခရီးသည် အချို့ကလည်း ဆွေမျိုးသားချင်းတွေဆီ ဖုန်းတွေ ဆက်ကြ၊ နှုတ်ဆက်ကြနဲ့ အတော် ကြေကွဲဖို့ ကောင်းတယ်။ နောက်တော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ခရီးသည်တင် လေယာဉ် ၂ စီးက အသေခံ ၀င်တိုက်လိုက်ပြီဆိုတာတွေ၊ Pentagon ကို လေယာဉ်တစ်စီး ၀င်တိုက်တယ် ဆိုတာတွေကို လေယာဉ်ပေါ်မှာ ရှိသူတွေ သိသွားကြတဲ့အခါ ... ။

တကယ် ၀မ်းနည်းဖို့ ကောင်းသလို အတုယူစရာလည်းကောင်းတဲ့ ခရီးသည်တွေရဲ့ စွန့်စားမှုအကြောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ကား တစ်ကားပါပဲ။

ဒီဇာတ်လမ်း အကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရတယ်။

စက်တင်ဘာ ၁၁ မှာ အသက်ပေးခဲ့ရတဲ့သူအားလုံး နောင်ဘ၀ဆက်တိုင်း အခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

May God bless u..!


No comments: