Sep 26, 2008

အဝေးက စာ

တစ်နှစ်ကုန်သွားခဲ့ပြီလား။ အရာရာဟာ မနေ့ တစ်နေ့ကလိုပါပဲ.. ။ သံဃာတွေ စီတန်းပြီး ဆူးလေလမ်းမ တလျှောက် မေတ္တာသုတ်တွေ ရွတ်ရင်း သွားနေတဲ့ မြင်ကွင်းတွေကို ပြန် မြင်ယောင်မိတယ်။ ပြည်သူတချို့ ပါလာတော့ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ.. ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုတဲ့ အော်ဟစ်သံတွေ၊ မိနစ်တိုင်း မိနစ်တိုင်း အသစ်တက်လာတဲ့ သတင်းတွေကို ဖတ်ရတာ အမော၊ အဲဒီတုန်းက ကိုနစ်နေမန်းဘလော့က စီဘောက်စ်ဟာ လူ အစည်ဆုံးထင်ပါရဲ့။ အဲဒီ ရက်ပိုင်းတုန်းက စိတ်ကလည်း မဖြောင့်၊ အလုပ်လည်း ကောင်းကောင်း မလုပ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ နိုင်ငံ့အရေး ဆွေးနွေးရတာ ခဏ ခဏပဲ။ အမြဲတမ်း ထိပ်တိုက်တွေ့နေတဲ့ အင်အားစုတွေက စစ်တပ်နဲ့ ကျောင်းသား မဟုတ်လား။ အဲဒီတုန်းက ရုတ်တရက် သံဃာတွေ အများကြီး လမ်းပေါ်ထွက်လာတဲ့ ပုံတွေ မြင်ရတော့ ကိုယ့်မျက်လုံးကိုယ် မယုံချင်ဘူး။ ဒါ တကယ်မှ ဟုတ်ရဲ့လားပေါ့။ အတော်လည်း အံ့အားသင့်ခဲ့ရသလို အတော်လည်း ကျေနပ်မိတယ်။ ဒီတစ်ခါတော့ ကိစ္စပြတ်ပြီ တွက်ထားတာလေ။ သမိုင်းတလျှောက်လုံး ကျောင်းသားနဲ့ ထိပ်တိုက်တွေ့တိုင်း စစ်တပ်က အကြမ်းဖက် ဖြေရှင်းခဲ့တာချည်းပဲ မဟုတ်လား။ အခုတခါတော့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ မြန်မာပြည်မှာ သံဃာတွေ ရှေ့တန်းထွက်လာခဲ့ပြီဆိုတော့ စစ်တပ်က အကြမ်းဖက် မဖြေရှင်းလောက်ဘူး ထင်ခဲ့မိတာပဲ။ သူငယ်ချင်းတွေနဲ့ ဆွေးနွေးပွဲတွေမှာလည်း စစ်တပ်က အကြမ်းဖက်မလား မဖက်ဘူးလား ဆိုတာ အတော့်ကို ငြင်းခုန်ခဲ့ရတာပေါ့။ အကြမ်းမဖက်ဖို့ များတယ်။ အကယ်၍ အကြမ်းဖက်ခဲ့ရင် သံဃာကို ထိတဲ့အတွက် စစ်တပ် ကွဲသွားနိုင်တယ်ပေါ့ဗျာ။

တကယ့်ကို ထင်မထားမိဘူး။ အကြမ်းဖက်တဲ့ လမ်းကြောင်းကို သူတို့ ရွေးချယ်ခဲ့ကြတယ်။ နောက်ပြီး စစ်တပ်ကလည်း ခုထိ ဘယ်သူခွဲခွဲ တို့မကွဲ အော်နေတုန်း ဆိုတော့ စိတ်ပျက်မိတယ်။ သွေးတွေ ချွေးတွေ မိသားစုဘ၀တွေ ရင်းခဲ့ရတာတွေလည်း မနည်းမနောရှိပြီ။ ဒီ စစ်အာဏာရှင်တွေကို ဘယ်လိုနည်းနဲ့မှ မောင်းထုတ်မပစ်နိုင် ကြတော့ဘူးလား လို့ ခဏခဏ တွေးမိတယ်။ ဒီလိုနဲ့ပဲ ၂၀၁၀ ကို ရောက် .. သူတို့ ခင်းထားတဲ့ လမ်းအတိုင်းပဲ မလျှောက်ချင်လည်း သူ့အလိုလို ရောက်သွားတော့မယ်။

တကယ်တော့ မြန်မာပြည်သူတွေခမျာ လွတ်လပ်ရေးမရခင်ကရော လွတ်လပ်ရေးရပြီးနောက်ပိုင်းပါ မလွတ်လပ်ခဲ့ရတဲ့သူတွေ မဟုတ်လား။ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် အစစ လိုက်ပိတ်နေတဲ့ ပြိတ္တာလိုကောင်တွေကြောင့် ဒုက္ခရောက်ကြရတယ်။ စိတ်မကောင်းဘူး ဆိုတာက လွဲရင် လက်ပိုက်မကြည့်ချင်လည်း ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်ရတာ တကယ့်ကို ရင်နာပါတယ်။ မြန်မာ့အရေးဟာ တကယ်တော့ နေ့စေ့လစေ့နဲ့ မီးမဖွားနိုင်ရှာတဲ့ ကိုယ်ဝန်ဆောင် တစ်ဦးလို ဖြစ်နေရပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေ လွတ်လွတ်လပ်နဲ့ ပြုံးပျော်နေမယ့် နေ့ကို အမြန်ဆုံး မြင်ချင်ပါပြီ။ အဲဒီအခါကျတော့ ကျွန်တော်တို့တတွေ အားလုံးရဲ့ မိသားစုဝင်တွေလည်း နိုင်ငံတွေ ဒေသတွေ ကွဲပြီး နေစရာ မလိုတော့ဘူးပေါ့။ အခြေအနေ အရပ်ရပ်ကြောင့် မဟုတ်ဘဲ မိသားစုနဲ့ ခွဲပြီး ပျော်လွန်းလို့ နိုင်ငံခြားမှာ နေ နေတယ်ဆိုတဲ့သူ ရှိရင် အဲဒီလူကို အတော် ချီးကျူးစကား ပြောမိမယ်.. “ခင်ဗျား တစ်ကိုယ်ကောင်း သိပ်ဆန်တယ်” လို့။ “အိမ် အပြန်လမ်း.. ဝေး... ” ဆိုတဲ့ မျိုးကြီးရဲ့ သီချင်းကို နားထောင်မိတိုင်း မျက်ရည်ဝဲမိတာ မဆန်းတော့ဘူး။ “သားရယ်.. မြန်မာပြည် ပြန်မလာပါနဲ့” ဆိုတဲ့ အသံရဲ့ နောက်ကွယ်မှာ အမေ့ရဲ့စိုးရိမ်မှုတွေ ကျွန်တော် မြင်ရတယ်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ အစိုးရကို ဝေဖန်တဲ့ စာတွေ ကဗျာတွေကို ဘလော့ပေါ်မှာ အတော်များများ ရေးဖြစ်တော့ “မင်းက မြန်မာပြည်မှာ နေတာမှ မဟုတ်ဘဲ။ မင်းက လွတ်လွတ်လပ်လပ် ဘလော့မှာ ရေးတော့ရော မင်းကို ဘယ်သူက လာဖမ်းဦးမှာလဲ” ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အပြောကို ကျွန်တော် ဘာမှ မတုံ့ပြန်ဖြစ်ခဲ့ဘူး။ စိတ်ထဲမှာ ပြန်ပြောနေမိတာက “အပြင်မှာ လွတ်လွတ်လပ်လပ် ရေးလို့ ရတယ် ဆိုပေမယ့် အထဲကို ပြန်ဝင်တဲ့အခါကျရင်ရော သူငယ်ချင်း” လို့ .. ။

ဒီလိုနဲ့ပဲ ကျွန်တော် ဘယ်နှစ်မိုး ဘယ်နှစ်နွေအထိ လွင့်စင်ထွက် သွားရဦးမှာလဲ.. ။ အိပ်မက်ထဲမှာတော့ ခဏခဏ ကျွန်တော် အထက်တန်းကျောင်း ပြန်တက်တယ်။ ဗိုလ်တထောင် (၅) လေ။ သူငယ်ချင်းတွေ အားလုံးနဲ့ တပျော်တပါး... ။

2 comments:

pandora said...

လွပ်လပ်တဲ့ ဘ၀မှာ အားလုံး ပွင့်ပွင့်လင်းလင်း ပျော်ပျော်ရွှင်ရွှင် အမိမြေမှာ ဆုံတွေ့ချင်လှပါတယ်. ညီညီရေ

ဂျစ်တူး - gyit_tu said...

ညီညီရေ .. အဲဒီ ရောက်လာမယ့် တနေ့ကို မျှော်လင့်မိဆဲပါ ။ ကိုယ့်မြန်မာပြည်သူတွေ စိတ်ချမ်းသာ လွတ်လပ်နိုင်မယ့်နေ့ ။