Sep 30, 2008

အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံနဲ့ သင် ဘာလုပ်နိုင်မလဲ

လွယ်လွယ်ကူကူ ထုတ်ချေးထားပေမယ့် ပြန်မရနိုင်တော့တဲ့ ကြွေးမှီတွေကြောင့် ၀င်ငွေလည်ပတ်စီးဆင်းမှု ရပ်သွားပြီး ဒုက္ခပင်လယ်ဝေနေတဲ့ အမေရိကန် ဝေါစထရိက ဘဏ်တွေကို အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံ အကူအညီပေးသင့် မပေးသင့်ကို တနင်္လာနေ့က အမေရိကန်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြတော့ ထောက်ခံမဲ ၂၀၅ မဲ ကန့်ကွက်မဲ ၂၂၈ မဲနဲ့ အကူအညီ မပေးသင့်ဘူး ဆိုတဲ့ဘက်က အနိုင်ရသွားပါတယ်။ ဒါပေမယ့် ထောက်ခံမဲထည့်ခဲ့တဲ့ လွှတ်တော်အမတ်တွေကတော့ နောက်တခေါက် ထပ်ပြီး မဲခွဲ ဆုံးဖြတ်ဖို့ တောင်းဆိုနေပါတယ်။ ဖြစ်လာ မဖြစ်လာကတော့ စောင့်ကြည့်ရမှာပါ။ ဒီလို အကူအညီ မပေးတော့ဘူး ဆိုတဲ့ သတင်းထွက်လာတာနဲ့ ကမ္ဘာအရပ်ရပ်က စတော့ဈေးကွက်တွေ ထိခိုက်တော့တာပါပဲ။ အကျိုးဆက်အဖြစ် အမေရိကန်ရဲ့ ကျဆင်းနေတဲ့ စီးပွားရေး ပိုမို ကျဆင်းလာမှာ ဖြစ်သလို အမေရိကန်ရဲ့ စီးပွားရေးအပေါ် မှီခိုနေတဲ့ ကမ္ဘာ့စီးပွားရေးလည်း အကျပ်အတည်းဆီကို ဦးတည်နေပါပြီ။

လွှတ်တော် အမတ်တွေက ဘာကြောင့် အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံ အကူအညီပေးဖို့ သဘောမတူခဲ့သလဲ။ အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံ (စင်္ကာပူ ဒေါ်လာ ၁ ထရီလီယံ) နဲ့ သင် ဘာလုပ်နိုင်မလဲ ဆိုတာကို အေပီ သတင်းဆောင်းပါး တစ်ပုဒ်မှာ ဖတ်ရတဲ့အတွက် ဝေမျှလိုက်ပါတယ်။


-အမေရိကန်ဟာ အီရတ်စစ်ပွဲအတွက် ယခုအချိန်ထိ ဒေါ်လာ ၆၄၈ ဘီလျံ သုံးစွဲခဲ့ပါတယ်။ ဒါကြောင့် ဒီ ဒေါ်လာ ၇၀၀ ဘီလျံနဲ့ အီရတ်လို စစ်ပွဲတစ်ပွဲ အမေရိကန်အနေနဲ့ ထပ်ဆင်နွှဲလို့ ရပါတယ်။

- ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်စဉ်ကာလမှာ အမေရိကန်သမ္မတ ဖရန်ကလင်ရုစဗဲ့က ပြည်သူတွေအပေါ် အကူအညီပေးခဲ့တဲ့ ပမဏထက် ဘီလျံပေါင်းများစွာ သာပါတယ်။ ရုစဗဲ့ သုံးစွဲခဲ့တဲ့ ပမာဏရဲ့ ထက်ဝက်ဟာ လူထုအတွက် အကျိုးရှိမယ့် စီမံကိန်းတွေ ဖြစ်ခဲ့တယ်။ သူသုံးစွဲခဲ့တဲ့ ပမာဏဟာ ဒီကနေ့ ငွေကြေးနဲ့ဆိုရင် ဒေါ်လာ ၂၅၀ ဘီလျံလောက်ရှိမှာပေါ့။ အဲဒီတုန်းက ပန်းခြံ စုစုပေါင်း ၈၀၀၀၊ အစိုးရပိုင်အဆောက်အဦး စုစုပေါင်း ၄၀,၀၀၀ နဲ့ ကျောင်း စုစုပေါင်း ၇၂,၀၀၀ တည်ဆောက်ပေးနိုင်ခဲ့တယ်လို့ ဝေါစထရိဂျာနယ်မှာ ဖော်ပြထားတယ်။

- အမေရိကန်မှာ ကျန်းမာရေး စောင့်ရှောက်မှု စရိတ် ၆ နှစ် ဆက်တိုက်ပေးမလား။ အမေရိကန်က တံတားတွေကို ၄ ဆလောက် ပိုအဆင့်မြှင့်ပေးမလား။ ဟာရီကိန်း ကတ်သရီနာကြောင့် ပျက်စီးခဲ့ရတဲ့ ကမ်းခြေဒေသ အဆင့်မြှင့်ရေးအတွက် လုပ်ဦးမလား။ ဒီ ဒေါ်လာ ဘီလျံ ၇၀၀ ရဲ့ တစ်ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ဒေါ်လာ ၇ ဘီလျံလောက် သုံးလိုက်ရင် ရပါပြီ။

- ဒေါ်လာ ၇၀၀ ဘီလျံနဲ့ တိုင်းပြည် တစ်ခုကို ကောင်းကောင်း အုပ်ချုပ်နိုင်တယ်။ ဒေါ်လာ ၇၀၀ ဘီလျံ ဆိုတာ ၂၀၀၇ မှာ စုစုပေါင်း အမျိုးသားထုတ်ကုန်ပမာဏ ဒေါ်လာ ၃၁၂ ဘီလျံရှိတဲ့ ဒိန်းမတ်နိုင်ငံက စီးပွားရေးကဏ္ဍရဲ့ ၂ ဆ ကျော်ရှိပါတယ်။

- အားအလွန်ကောင်းတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီး အခု ၇၀ လောက် ၀ယ်နိုင်သလို အာကာသယာဉ်စခန်း ၇ ခုလောက် ဆောက်လို့ ရပါတယ်။

- အမေရိကန် ဆေးပညာ လေ့လာရေးသိပ္ပံကို အနှစ် ၂၀ လောက် ငွေကြေးထောက်ပံ့ထားလို့ ရပါတယ်။ ဒါမှမဟုတ် အမေရိကန် ထောက်လှမ်းရေးဌာနအတွက် ၁၅ နှစ်စာ အသုံးစရိတ် ပေးလို့ ရပါတယ်။ အမေရိကန် ထောက်လှမ်းရေးဌာနအတွက် တစ်နှစ်ကို အသုံးစရိတ် ၄၄ ဘီလျံ ကုန်ကျမှာ ဖြစ်ပြီး အေဂျင်စီ ၁၆ ခုမှာ လူပေါင်း ၁၀၀,၀၀၀ လောက်ကို ခန့်ထားနိုင်တဲ့ အပြင် ဂြိုဟ်တုနဲ့ အခြားလိုအပ်တဲ့ ကိရိယာတွေ၊ ကွန်ပျူတာစနစ်တွေ၊ လက်နက်တွေ၊ မော်တော်ယာဉ်တွေ ၀ယ်နိုင်ပါတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံဟာ အမေရိကန်က လူဦးရေ ၂၂ သန်းရဲ့ တစ်နှစ်စာ လစာငွေနဲ့ ညီမျှတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံနဲ့ဆို လဆီ ရောက်အောင်တောင် သွားနိုင်သေးတယ်။ ၁၉၆၉ မှာ လပေါ် အရောက် ခြေချနိုင်ခဲ့တဲ့ အပိုလို အစီအစဉ်အတွက် ကုန်ကျစရိတ်ဟာ ဒီကနေ့ ငွေကြေးနဲ့ဆိုရင် ဒေါ်လာ ၁၆၄ ဘီလျံလောက်ပဲ ရှိပါတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံသာ ရမယ်ဆိုရင် အမေရိကန်တစ်နိုင်ငံလုံး အစိုးရနဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေက ထုတ်ချေးထားတဲ့ ပညာရေးစရိတ် ကြွေးမှီ ဒေါ်လာ ၅၅၀ ဘီလျံကို လျော်ပစ်လိုက်လို့ ရပါတယ်။

- ဒေါ်လာ ၇၀၀ ဘီလျံဟာ ၂၀၀၅ ခုနှစ်မှာ ၀င်ရောက်ခဲ့တဲ့ ဟာရီကိန်း ကတ်သရီနာ ပြီးကတည်းက ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေမတည်ပေးခဲ့တာရဲ့ ၅ ဆ ရှိပါတယ်။

-ဒေါ်လာ ၇၀၀ ဘီလျံနဲ့ဆိုရင် Pentagon ဟာ နောက်ထပ် စစ်မျက်နှာ နှစ်ဘက်မှာ ၇ နှစ်လောက် စစ်တိုက်လို့ ရပါတယ်။ ဒါတောင်မှ တစ်နှစ်စာ အမေရိကန် စစ်တပ်ရဲ့ အသုံးစရိတ် ဒေါ်လာ ၁၄၀ ဘီလျံအတွက် သုံးစွဲဖို့ လုံလုံလောက်လောက် ကျန်ပါသေးတယ်။

- အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေအတွက် တပြည်လုံး အကောင်းဆုံးနဲ့ အထိရောက်ဆုံး ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေးကွန်ယက်စနစ် ချိတ်ဆက်ရင်ရော ကောင်းဦးမလား။ ဒီကိစ္စအတွက် ၁ နှစ်လောက် ကြိုးစားခဲ့ကြပေမယ့် ကွန်ဂရက်လွှတ်တော်က ပိုက်ဆံတစ်ပြားမှ မထုတ်ပေးခဲ့ပါဘူး။ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၁၅ ဘီလျံသာသာပဲ ကုန်မှာပါ။ ဆိုတော့ ဒေါ်လာ ၇၀၀ ဘီလျံနဲ့ အဲဒီလို စနစ်မျိုး ၄၇ လောက် ရမှာပါ။


ကဲ .. အမေရိကန် ဒေါ်လာ ၇၀၀ ဘီလျံနဲ့ သင်ရော ဘာလုပ်မလဲ.. ?


Reference : AP

Read More...

Sep 26, 2008

အဝေးက စာ

တစ်နှစ်ကုန်သွားခဲ့ပြီလား။ အရာရာဟာ မနေ့ တစ်နေ့ကလိုပါပဲ.. ။ သံဃာတွေ စီတန်းပြီး ဆူးလေလမ်းမ တလျှောက် မေတ္တာသုတ်တွေ ရွတ်ရင်း သွားနေတဲ့ မြင်ကွင်းတွေကို ပြန် မြင်ယောင်မိတယ်။ ပြည်သူတချို့ ပါလာတော့ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ.. ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုတဲ့ အော်ဟစ်သံတွေ၊ မိနစ်တိုင်း မိနစ်တိုင်း အသစ်တက်လာတဲ့ သတင်းတွေကို ဖတ်ရတာ အမော၊ အဲဒီတုန်းက ကိုနစ်နေမန်းဘလော့က စီဘောက်စ်ဟာ လူ အစည်ဆုံးထင်ပါရဲ့။ အဲဒီ ရက်ပိုင်းတုန်းက စိတ်ကလည်း မဖြောင့်၊ အလုပ်လည်း ကောင်းကောင်း မလုပ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ နိုင်ငံ့အရေး ဆွေးနွေးရတာ ခဏ ခဏပဲ။ အမြဲတမ်း ထိပ်တိုက်တွေ့နေတဲ့ အင်အားစုတွေက စစ်တပ်နဲ့ ကျောင်းသား မဟုတ်လား။ အဲဒီတုန်းက ရုတ်တရက် သံဃာတွေ အများကြီး လမ်းပေါ်ထွက်လာတဲ့ ပုံတွေ မြင်ရတော့ ကိုယ့်မျက်လုံးကိုယ် မယုံချင်ဘူး။ ဒါ တကယ်မှ ဟုတ်ရဲ့လားပေါ့။ အတော်လည်း အံ့အားသင့်ခဲ့ရသလို အတော်လည်း ကျေနပ်မိတယ်။ ဒီတစ်ခါတော့ ကိစ္စပြတ်ပြီ တွက်ထားတာလေ။ သမိုင်းတလျှောက်လုံး ကျောင်းသားနဲ့ ထိပ်တိုက်တွေ့တိုင်း စစ်တပ်က အကြမ်းဖက် ဖြေရှင်းခဲ့တာချည်းပဲ မဟုတ်လား။ အခုတခါတော့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ မြန်မာပြည်မှာ သံဃာတွေ ရှေ့တန်းထွက်လာခဲ့ပြီဆိုတော့ စစ်တပ်က အကြမ်းဖက် မဖြေရှင်းလောက်ဘူး ထင်ခဲ့မိတာပဲ။ သူငယ်ချင်းတွေနဲ့ ဆွေးနွေးပွဲတွေမှာလည်း စစ်တပ်က အကြမ်းဖက်မလား မဖက်ဘူးလား ဆိုတာ အတော့်ကို ငြင်းခုန်ခဲ့ရတာပေါ့။ အကြမ်းမဖက်ဖို့ များတယ်။ အကယ်၍ အကြမ်းဖက်ခဲ့ရင် သံဃာကို ထိတဲ့အတွက် စစ်တပ် ကွဲသွားနိုင်တယ်ပေါ့ဗျာ။

တကယ့်ကို ထင်မထားမိဘူး။ အကြမ်းဖက်တဲ့ လမ်းကြောင်းကို သူတို့ ရွေးချယ်ခဲ့ကြတယ်။ နောက်ပြီး စစ်တပ်ကလည်း ခုထိ ဘယ်သူခွဲခွဲ တို့မကွဲ အော်နေတုန်း ဆိုတော့ စိတ်ပျက်မိတယ်။ သွေးတွေ ချွေးတွေ မိသားစုဘ၀တွေ ရင်းခဲ့ရတာတွေလည်း မနည်းမနောရှိပြီ။ ဒီ စစ်အာဏာရှင်တွေကို ဘယ်လိုနည်းနဲ့မှ မောင်းထုတ်မပစ်နိုင် ကြတော့ဘူးလား လို့ ခဏခဏ တွေးမိတယ်။ ဒီလိုနဲ့ပဲ ၂၀၁၀ ကို ရောက် .. သူတို့ ခင်းထားတဲ့ လမ်းအတိုင်းပဲ မလျှောက်ချင်လည်း သူ့အလိုလို ရောက်သွားတော့မယ်။

တကယ်တော့ မြန်မာပြည်သူတွေခမျာ လွတ်လပ်ရေးမရခင်ကရော လွတ်လပ်ရေးရပြီးနောက်ပိုင်းပါ မလွတ်လပ်ခဲ့ရတဲ့သူတွေ မဟုတ်လား။ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် အစစ လိုက်ပိတ်နေတဲ့ ပြိတ္တာလိုကောင်တွေကြောင့် ဒုက္ခရောက်ကြရတယ်။ စိတ်မကောင်းဘူး ဆိုတာက လွဲရင် လက်ပိုက်မကြည့်ချင်လည်း ဒီအတိုင်းပဲ ထိုင်ကြည့်နေလိုက်ရတာ တကယ့်ကို ရင်နာပါတယ်။ မြန်မာ့အရေးဟာ တကယ်တော့ နေ့စေ့လစေ့နဲ့ မီးမဖွားနိုင်ရှာတဲ့ ကိုယ်ဝန်ဆောင် တစ်ဦးလို ဖြစ်နေရပြီ။

ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတွေ လွတ်လွတ်လပ်နဲ့ ပြုံးပျော်နေမယ့် နေ့ကို အမြန်ဆုံး မြင်ချင်ပါပြီ။ အဲဒီအခါကျတော့ ကျွန်တော်တို့တတွေ အားလုံးရဲ့ မိသားစုဝင်တွေလည်း နိုင်ငံတွေ ဒေသတွေ ကွဲပြီး နေစရာ မလိုတော့ဘူးပေါ့။ အခြေအနေ အရပ်ရပ်ကြောင့် မဟုတ်ဘဲ မိသားစုနဲ့ ခွဲပြီး ပျော်လွန်းလို့ နိုင်ငံခြားမှာ နေ နေတယ်ဆိုတဲ့သူ ရှိရင် အဲဒီလူကို အတော် ချီးကျူးစကား ပြောမိမယ်.. “ခင်ဗျား တစ်ကိုယ်ကောင်း သိပ်ဆန်တယ်” လို့။ “အိမ် အပြန်လမ်း.. ဝေး... ” ဆိုတဲ့ မျိုးကြီးရဲ့ သီချင်းကို နားထောင်မိတိုင်း မျက်ရည်ဝဲမိတာ မဆန်းတော့ဘူး။ “သားရယ်.. မြန်မာပြည် ပြန်မလာပါနဲ့” ဆိုတဲ့ အသံရဲ့ နောက်ကွယ်မှာ အမေ့ရဲ့စိုးရိမ်မှုတွေ ကျွန်တော် မြင်ရတယ်။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ အစိုးရကို ဝေဖန်တဲ့ စာတွေ ကဗျာတွေကို ဘလော့ပေါ်မှာ အတော်များများ ရေးဖြစ်တော့ “မင်းက မြန်မာပြည်မှာ နေတာမှ မဟုတ်ဘဲ။ မင်းက လွတ်လွတ်လပ်လပ် ဘလော့မှာ ရေးတော့ရော မင်းကို ဘယ်သူက လာဖမ်းဦးမှာလဲ” ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ အပြောကို ကျွန်တော် ဘာမှ မတုံ့ပြန်ဖြစ်ခဲ့ဘူး။ စိတ်ထဲမှာ ပြန်ပြောနေမိတာက “အပြင်မှာ လွတ်လွတ်လပ်လပ် ရေးလို့ ရတယ် ဆိုပေမယ့် အထဲကို ပြန်ဝင်တဲ့အခါကျရင်ရော သူငယ်ချင်း” လို့ .. ။

ဒီလိုနဲ့ပဲ ကျွန်တော် ဘယ်နှစ်မိုး ဘယ်နှစ်နွေအထိ လွင့်စင်ထွက် သွားရဦးမှာလဲ.. ။ အိပ်မက်ထဲမှာတော့ ခဏခဏ ကျွန်တော် အထက်တန်းကျောင်း ပြန်တက်တယ်။ ဗိုလ်တထောင် (၅) လေ။ သူငယ်ချင်းတွေ အားလုံးနဲ့ တပျော်တပါး... ။

Read More...

Sep 17, 2008

မုန်တိုင်းအကြို ရာသီဥတု

၂၀၀၈ မှာ ဆိုင်ကလုန်း၊ တိုင်ဖွန်း၊ ဟာရီကိန်းတွေ တစ်လုံးပြီး တစ်လုံး တိုက်ခတ်နေပြီးတဲ့နောက် အမေရိကန် စီးပွားရေး မဏ္ဍိုင်ကြီးဖြစ်တဲ့ ဝေါစထရိက ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီးတွေမှာလည်း မုန်တိုင်းအသစ် တစ်မျိုး ၀င်ရောက် နေပါပြီ။

မုန်တိုင်းရဲ့ ဗဟိုကတော့ မနှစ် ဇူလိုင်လောက်ကတည်းက ဖြစ်ခဲ့တဲ့ Subprime ချေးငွေတွေက စတာပါပဲ။ ဘဏ်တွေ ရင်းနှီးမြုပ်နှံရေးကုမ္ပဏီကြီးတွေဟာ အိမ်ရာ ၀ယ်သူတွေကို အလိုလိုက်ပြီး သေသေချာချာ မစီစစ်ဘဲ အိမ်ဝယ်ဖို့ ချေးငွေတွေ ရက်ရက်ရောရော ထုတ်ပေးခဲ့ကြတယ်။ အရစ်ကျငွေတွေ ပြန်မဆပ်နိုင်တဲ့ အခါမှာ ပိုက်ဆံမရှိဘဲ ၀ယ်ထားတဲ့သူတွေဟာ အိမ်ကို အဆုံးခံလိုက်တယ်။ ဒီတော့ ငွေစိုက်ထုတ်ပြီး ၀ယ်ပေးခဲ့ရတဲ့ ဘဏ်တွေခမျာ အိမ်ဂရမ်တွေ ကိုင်ပြီး ငွေပေါ်အောင် ပြန်ရောင်းဖို့ ကြိုးစားရတယ်။ ဒါနဲ့ ၀ယ်လိုအားထက် ရောင်းလိုအားက များလာပြီး အိမ်ရာဈေးတွေ ထိုးကျလာတယ်။ တက်ဈေးနဲ့ ၀ယ်ထားရတဲ့ အိမ်တွေကို ကျဈေးနဲ့ ထိုးရောင်းရတဲ့အခါ ရင်းနှီးမြုပ်နှံထားတဲ့ဘဏ်တွေ အထိနာပါတော့တယ်။

အမေရိကန်ရဲ့ အိမ်ရာဈေးကွက်မှာ ချေးငွေ ဖောဖောသီသီ ထုတ်ပေးခဲ့တဲ့ Fannie Mae နဲ့ Freddie Mac ကုမ္ပဏီတွေ အတော်လေး ပြုတ်ထွက်သွားတာမှာ အမေရိကန် Federal Reserve က လက်မတင်လေး ၀င်ကယ်ခဲ့ရတယ်။ မတ်လမှာ နောက်ကုမ္ပဏီ တစ်ခု ထပ်ပြီးထိတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Lehman Brothers ဆိုတဲ့ အမေရိကန်မှာ စတုတ္ထမြောက်အကြီးဆုံး ရင်းနှီးမြုပ်နှံရေးဘဏ်ကြီး ဒေ၀ါလီခံလိုက်ရတယ်။ သူလည်း နှယ်နှယ်ရရတော့ မဟုတ်ဘူး။ တည်ထောင်ခဲ့တာ ၁၅၈ နှစ်ကျော် ရှိတဲ့ ဘဏ်ကြီးတစ်ခုပဲ။ ဒါပေမယ့် အကြွေးတွေ ခေါင်ခိုက်နေတယ်။ ဖတ်မိသမျှ ၆၀၀ ကနေ ၈၀၀ ဘီလျံလောက် အထိ အကြွေးတင်သွားတယ်။ ဒါကိုတော့ Federal Reserve လည်း ၀င်မကယ်ဘဲ လက်ပိုက်ကြည့်နေလိုက်ရတယ်။ ဗြိတိန်မှာ ရှိတဲ့ Barclays ဘဏ်က Lehman ကို ၀ယ်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ Lehman ခမျာ ကူသူ မရှိ ကယ်သူမရှိဘဲ Chapter 11 အရ ဒေ၀ါလီ ခံလိုက်တယ်။ Lehman ရဲ့ အချို့ ဌာနတွေကို Barclays ဘဏ်က ခပ်ပေါပေါဈေးနဲ့ ရလိုက်တယ်။

အမေရိကန်မှာ ကုမ္ပဏီတွေ ဒေ၀ါလီခံတဲ့အခါ ဥပဒေရှိတယ်။ တစ် မျိုးက Chapter 7.. နောက်တစ်မျိုးက Chapter 11 ဖြစ်တယ်။ Chapter 7 အရ ဒေ၀ါလီခံရင် လုပ်ငန်းတွေကို ချက်ချင်း ရပ်ဆိုင်းလို့ ရှိသမျှကို ရသလောက်ဈေးနဲ့ အကုန်ထုတ်ရောင်းပြီး မြီရှင်တွေကို အကြွေးဆပ်ရတယ်။ ကုမ္ပဏီလည်း ဖျက်သိမ်းရတယ်။ Chapter 11 အရ ဒေ၀ါလီခံတယ် ဆိုရင်တော့ လုပ်ငန်းတွေကို ချက်ချင်း ရပ်ဖို့ မလိုဘူး။ ရောင်းလို့ရတာတွေကို သေသေချာချာ စုစည်းပြီး တဖြေးဖြေး ရောင်းနိုင်တဲ့အတွက် ငွေပိုပြီး ပေါ်တယ်။ တချို့ ကန်ထရိုက်တွေကို လျှော်ပစ်နိုင်ပြီး တချို့ ကန်ထရိုက်အကြွေးတွေကိုတော့ ရတဲ့ ငွေနဲ့ ပြန်ဆပ်နိုင်တယ်။ ကြွေးမြီတွေ အားလုံး ရှင်းပြီးသွားပြီ ဆိုရင် ကုမ္ပဏီကို ပြန်ထူထောင်နိုင်တယ်။

Lehman ဒေ၀ါလီ ခံသွားရတော့ သူ့ကို တဆင့် ငွေချေးထားတဲ့ ဘဏ်တွေလည်း အတော် ဒုက္ခရောက်ကြတယ်။ ချေးငွေအများဆုံး ထုတ်ချေးထားတဲ့ ဘဏ်တွေ ထဲမှာ ဂျပန်က ဘဏ်တွေလည်း ပါတယ်။ ဘီလျံပေါင်းများစွာ ထုတ်ချေးထားတာ။ Lehman ဒေ၀ါလီ ခံရတဲ့ တချိန်တည်းလိုလိုမှာပဲ အခြား ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီး တစ်ခုဖြစ်တဲ့ Merrill Lynch ပြိုလဲ မလို ဖြစ်သွားတယ်။ ဒါပေမယ့် သူ့ကိုတော့ Bank of America (BoA) က အချိန်မီ ၀င်ကယ်လိုက်တယ်။ ဒီတော့ Merrill Lynch ရဲ့ ရှယ်ယာတွေဟာ BoA ရဲ့ လက်ထဲ ရောက်သွားတယ်။ စင်္ကာပူ အစိုးရရဲ့ ငွေတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတဲ့ GIC (Gov. Investment Corp) ဟာ တလောကပဲ Merrill Lynch ရဲ့ ရှယ်ယာတွေ ၂၀ ဘီလျံဖိုးလောက် ၀ယ်လိုက်တာ သတင်းထဲ ဖတ်လိုက်ရတယ်။ အခု Merrill Lynch ကို BoA သာ ၀င်မကယ်ဘဲ Lehman နောက်သာ လိုက်ရမယ် ဆိုရင် GIC ရဲ့ ရှယ်ယာတွေ ပလုံသွားမှာပဲ။ ဘာပဲဖြစ်ဖြစ် BoA က ၀ယ်ပြီးတဲ့နောက်ရော ဒီ ရှယ်ယာ တန်ဖိုးတွေ တည်ငြိမ်နေမယ်လို့ ဘယ်သူက အာမခံရဲလို့လဲ။

အဲဒီလို ပြဿနာတွေ တစ်ခုပြီး တစ်ခု တက်နေတာကို ကာကွယ်ကြဖို့ အမေရိကန်ရဲ့ အကြီးဆုံး ရင်းနှီးမြုပ်နှံရေး ဘဏ်ကြီး ဆယ်ခုဟာ ဒေါ်လာ ၇ ဘီလျံစီ ငွေထုတ်ပြီး ဒေါ်လာ ၇၀ ဘီလျံနဲ့ အရေးပေါ် ရန်ပုံငွေ ထူထောင်လိုက်ရတယ်။ Federal Reserve ကလည်း ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ရပ်မသွားစေဖို့ ဘီလျံရာနဲ့ချီ သွင်းပြီး လည်ပတ်အောင် လုပ်ပေးနေရတယ်။ ဒီဂယက်ဟာ အမေရိကသာ မက ဥရောပ နဲ့ အာရှမှာပါ အတော်လေး ဂယက်ရိုက်ကုန်တယ်။ စတော့ဈေးကွက်ရဲ့ ညွှန်းကိန်းတွေ အကုန်နီးပါး ထိုးကျသွားတယ်။ အီးယူနဲ့ ဂျပန်အစိုးရတွေဟာ Federal Reserve လိုပဲ ဈေးကွက်ထဲမှာ ငွေကြေးလည်ပတ်မှု ရပ်မသွားစေဖို့ ဘီလျံပေါင်းများစွာ ထပ်မံ ထည့်သွင်းပြီး လည်ပတ်အောင် လုပ်ပေးနေရတယ်။ စင်္ကာပူ အစိုးရကလည်း လိုအပ်ရင် အဲဒီလို လုပ်ပေးနိုင်အောင် အခြေအနေကို အကဲခတ်နေတယ်။

Lehman နဲ့ Merrill Lynch တို့ရဲ့ ခြေရာကို နင်းဖို့ တံခါးခေါက်သူက .. AIG ။ အင်္ဂလန်မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို စပွန်ဆာပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး အာမခံကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ AIG ရဲ့ ရှယ်ယာတွေဟာလည်း အရှိန်ခပ်ပြင်းပြင်းနဲ့ ၅၀-၆၀% ကျော်လောက် ကျသွားတယ်။ Federal Reserve က တစ်ရက်အချိန်ပေးပြီး ငွေ ၈၀ ဘီလျံလောက် ထုတ်ချေးဖို့ စဉ်းစားတယ်။ တစ်ကမ္ဘာလုံးမှာ AIG ရဲ့ အာမခံပေါ်လစီတွေကို ၀ယ်ထားတဲ့သူတွေ သန်းပေါင်းများစွာ ရှိတယ်။ နောက်တော့ ထုတ်ချေးဖို့ ဆုံးဖြတ်လိုက်ပြီး AIG ရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းလောက်ကို လက်လွှဲရယူလိုက်တယ်။

AIG ရဲ့ လက်အောက်ခံ ကုမ္ပဏီဖြစ်တဲ့ AIA စင်္ကာပူ ရုံးမှာတော့ မနေ့ကတည်းက အတော်လေး လူစည်ကား နေတယ်။ အာမခံပေါ်လစီ ပြန်အပ်ချင်သူတွေလည်း ပါတယ်။ အခြေအနေကို တိတိကျကျသိချင်သူတွေလည်း ပါတယ်။ စင်္ကာပူမှာ AIA က ရောင်းထားတဲ့ အာမခံပေါ်လစီ စုစုပေါင်း ၂ သန်းလောက် ရှိတယ်လို့ ဖတ်ရတယ်။ အခုတော့ AIG ကိုလည်း အမေရိကန် အစိုးရရဲ့ Federal Reserve က ၀င်ကယ်လိုက်ပြန်ပြီ ဆိုတော့ စိတ်ပူနေသူတွေ သက်မ ချနိုင်တော့မယ် ထင်ပါရဲ့။

နောက်တစ်ခါ ဘယ်သူ့အလှည့်လဲ ဆိုတာ အားလုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ ရင်းနှီးမြုပ်နှံရေးပါရဂူတစ်ဦးဖြစ်တဲ့ ဆိုးရော့စ်ကတော့ အခြေအနေတွေ ဒီထက် ပိုဆိုးလာနိုင်တယ်လို့ ဆိုတယ်။ သေချာတာတော့ Federal Reserve လည်း ပြိုမလို ဖြစ်တဲ့ ကုမ္ပဏီတိုင်းကို ၀င်ပြီး တာဝန်ယူနိုင်မယ် မထင်ဘူး။ တချို့ ကုမ္ပဏီတွေကို Lehman ဒေ၀ါလီခံ သွားရသလို လက်ပိုက်ကြည့်နေရတော့မှာပဲ။

ဒီ ငွေကြေးဈေးကွက်မှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အမေရိကန် သမ္မတလောင်း ရွေးကောက်ပွဲ အပေါ် လွှမ်းမိုးမှု ကြီးနိုင်လိမ့်မယ်။ အီရတ်အရေး၊ လူထု ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးအတွက် အပြောင်းအလဲ၊ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေ အရေးကြီးသလို အခု ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အသစ်တက်လာမယ့် အမေရိကန်သမ္မတအတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာလိမ့်မယ်။

ဒီ မုန်တိုင်းက အခုမှ အစပဲ ရှိသေးတယ်လို့ ထင်နေတယ်။ ဟိုးတုန်းက ကြားဖူးတဲ့ ၁၉၃၀ ၀န်းကျင်က စီးပွားပျက်ကပ် ဘာညာ တစ်ပတ်ပြန်လည်လာဦးမလား။ ကမ္ဘာ့စီးပွားရေး အခြေအနေတွေမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပြီး အဲဒီ ဂယက်ရိုက်မှုတွေကို ဘယ်လောက်အတိုင်းအတာနဲ့ ဘယ်လောက်ကြာကြာ ခံစားရဦးမလဲ မသိပါဘူး။ ဘာပဲဖြစ်ဖြစ် ရာသီဥတုက ကိုယ့်ဘက်မှာ ရှိမနေတော့ အစစ အရာရာ နားစွင့် မျက်စိဖွင့်ထားဖို့ လိုမှာတော့ အသေအချာပဲ။

ညီညီ(သံလွင်)

Read More...

Sep 11, 2008

United 93




တလောက ရုပ်ရှင်ကား အဟောင်း တစ်ကား ကြည့်ဖြစ်တယ်။ နာမည်က United 93 တဲ့။ လွန်ခဲ့တဲ့ ၇ နှစ် ဒီကနေ့မှာ အမေရိကန် နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုလဲခဲ့ရတယ်။ အဲဒီအကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်ကား တစ်ကားပါ။ မင်းသား၊ မင်းသမီးရယ်လို့ မယ်မယ်ရရ မပါဘူး။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်မှာ လေယာဉ် ၄ စီးကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲခဲ့ကြတယ်။ နှစ်စီးက ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ၀င်တိုက်လို့ လုံးဝ ပြိုလဲ ပျက်စီးသွားရတယ်။ တစ်စီးကတော့ Pentagon ကို အနည်းငယ် ပျက်စီးစေခဲ့တယ်။ နောက်ဆုံး တစ်စီးဖြစ်တဲ့ United 93 ကတော့ သူ့ရဲ့ ပစ်မှတ်လို့ ယူဆရတဲ့ အိမ်ဖြူတော် သို့မဟုတ် Capitol အဆောက်အဦးကို ၀င် မတိုက်ဖြစ်ခဲ့ဘူး။ ပျက်ကျသွားခဲ့တယ်။ အကြမ်းဖက်သမား ၄ ဦး အပါအ၀င် ခရီးသည် ၃၇ ဦး သေဆုံးခဲ့တယ်။

၂၀၀၁ ခုနှစ်က ၂၁ နှစ်သားပဲ ရှိသေးတဲ့ ကျွန်တော့်အတွက် ကမ္ဘာ့ရေးရာတွေကို အခုလောက် စိတ်ဝင်စားရကောင်းမှန်း မသိသေးဘူး။ အဲဒီတုန်းက ကျောင်းစာတွေနဲ့ပဲ လုံးလည်ချာလည် လိုက်နေတဲ့အချိန်။ အဲဒီတုန်းက BBC နဲ့ CNN မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ၀င်စိုက်နေတဲ့ လေယာဉ်ပျံပုံတွေ၊ ပြေးလွှားနေတဲ့ မီးသတ်သမားပုံတွေချည်း တိုက်ရိုက်လွှင့်နေတယ်။ နောက်တစ်နေ့ မနက်နိုးတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီး ပြိုကျသွားပြီတဲ့။ သတင်းတွေ ကြည့်လိုက်တော့ ပြိုကျသွားပုံကို အနှေးပြကွက်နဲ့ ပြနေတယ်။ နောက်တစီးက Pentagon ကို ထိတယ်။ နောက်တစ်စီး ပျက်ကျသွားတယ် ဆိုတာကလွဲလို့ ဘာဖြစ်လို့ ဆိုတာ အသေအချာ မသိခဲ့ဘူး။ အဲဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကို ကြည့်ပြီးမှပဲ United 93 လို့ အမည်ရတဲ့ United လေကြောင်းလိုင်းက လေယာဉ် ဘယ်လိုဖြစ်ပြီး ပျက်ကျသွားရသလဲ ဆိုတာ သိခဲ့တယ်။

အကြမ်းဖက်သမားတွေဟာ ဒီ စက်တင်ဘာ ၁၁ မှာ အမေရိကန်သာမက ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားအောင် အကြံအစည် ကြီးကြီးနဲ့ လုပ်ခဲ့ကြတယ်။ လေယာဉ်တွေကို ပြန်ပေးဆွဲရာမှာ သုံးခဲ့တဲ့ အသေခံ အကြမ်းဖက်သမားတွေကိုလည်း လိုအပ်တဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပေးခဲ့သလို လေကြောင်း ကျွမ်းကျင်သူ၊ ဖောက်ခွဲရေး ကျွမ်းကျင်သူ တွေကိုလည်း စုစည်းခဲ့တယ်။ United 93 လေယာဉ်ကို ပြန်ပေးဆွဲရာမှာ ပါခဲ့တဲ့ ခေါင်းဆောင် လုပ်သူဆိုရင် ဂျာမနီမှာ လေကြောင်းအင်ဂျင်နီယာသင်တန်းတက်ခဲ့သူ တစ်ဦး ဖြစ်တယ်။ အကြမ်းဖက်သမား ၄ ဦးက ခေါင်းစီးအနီတွေ ကိုယ်စီ စီးပြီး လေယာဉ်ကို အပိုင်စီးပြီးသွားတဲ့ အချိန်မှာ ခေါင်းဆောင်က လေယာဉ်ပိုင်းလော့နေရာကနေ ခရီးသည်တွေဆီကို လေယာဉ်အပိုင်စီးထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။ အဲဒီလို အပြောမှာ ခလုပ်မှားနှိပ်ပြီး အဲဒီ ပြောတဲ့အသံက လေယာဉ်ပျံထိန်းချုပ်ရေးစခန်းကို ရောက်သွားခဲ့တယ်။

"Ladies and gentlemen: Here the captain, please sit down keep remaining seating. We have a bomb on board. So sit."
[Announcement made by Ziad Jarrah]

ဝီကီပီးဒီးယားမှာ အဲဒီ အသံကို နားထောင်ကြည့်လို့ ရတယ်။ ခရီးသည် အချို့ကလည်း ဆွေမျိုးသားချင်းတွေဆီ ဖုန်းတွေ ဆက်ကြ၊ နှုတ်ဆက်ကြနဲ့ အတော် ကြေကွဲဖို့ ကောင်းတယ်။ နောက်တော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကြီးကို ခရီးသည်တင် လေယာဉ် ၂ စီးက အသေခံ ၀င်တိုက်လိုက်ပြီဆိုတာတွေ၊ Pentagon ကို လေယာဉ်တစ်စီး ၀င်တိုက်တယ် ဆိုတာတွေကို လေယာဉ်ပေါ်မှာ ရှိသူတွေ သိသွားကြတဲ့အခါ ... ။

တကယ် ၀မ်းနည်းဖို့ ကောင်းသလို အတုယူစရာလည်းကောင်းတဲ့ ခရီးသည်တွေရဲ့ စွန့်စားမှုအကြောင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ကား တစ်ကားပါပဲ။

ဒီဇာတ်လမ်း အကြောင်း အသေးစိတ် သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရတယ်။

စက်တင်ဘာ ၁၁ မှာ အသက်ပေးခဲ့ရတဲ့သူအားလုံး နောင်ဘ၀ဆက်တိုင်း အခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

May God bless u..!


Read More...

Sep 3, 2008

သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ (၂) အမှတ် (၃) အတွက် စာမူများပေးပို့နိုင်

သုံးလ တစ်ကြိမ် ထုတ်ဝေနေကျ သံလွင်အိပ်မက်မဂ္ဂဇင်းအား လာမည့် အောက်တိုဘာလတွင် ဆက်လက် ထုတ်ဝေသွားမည် ဖြစ်သည့်အတွက် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ ကာတွန်း စသဖြင့် စာမူ ပေးပို့လိုသူများသည် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး thanlwinainmat@gmail.com သို့ ပေးပို့နိုင်ကြပြီ ဖြစ်သည်။ ဓာတ်ပုံကဏ္ဍအတွက်လည်း မိမိစိတ်ကြိုက် ရိုက်ကူးထားသော ဓာတ်ပုံကို ရှင်းလင်းဖော်ပြချက်နှင့် တကွ ပေးပို့နိုင်သည်။

သံလွင်အိပ်မက်သည် လူငယ်များအား ကိုယ်စားပြုသည့် အင်တာနက်မဂ္ဂဇင်းတစ်စောင် ဖြစ်သည်နှင့်အညီ သံလွင်အိပ်မက် မဂ္ဂဇင်းတွင် ရေးသားလျက်ရှိသော ပင်တိုင် ကလောင်ရှင်များသာမက ကလောင်သစ်များကိုပါ ရေးသားပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။

သံလွင်အိပ်မက်၏ မူအရ အခြားသော အင်တာနက်စာစောင်၊ မဂ္ဂဇင်းများ၊ ဘလော့များတွင် ဖော်ပြပြီး ဖြစ်သော စာမူများအား လက်မခံပါ။ ပြည်တွင်းရှိ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများတွင် ဖော်ပြပြီးသော စာမူဖြစ်ပါက မည်သည့်လထုတ် မည်သည့် စာစောင်တွင် ပါဝင်ခဲ့သော စာမူဖြစ်သည်ကို ဖော်ပြရန် လိုပါသည်။ ထို့ပြင် စာရေးသူသည် ဘလော့ဂါတစ်ဦး ဖြစ်ပါက မိမိ၏ ဘလော့တွင် ဖော်ပြပြီး ဖြစ်သော ဘလော့ဂ်ပို့စ်များကို ပေးပို့ခြင်း မပြုပါရန်၊ သံလွင်အိပ်မက်သို့ ပေးပို့ထားသော စာမူများကို သံလွင်အိပ်မက် မထွက်မီ မိမိ၏ ဘလော့တွင် ဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ သံလွင်အိပ်မက် မဂ္ဂဇင်း ထွက်ရှိပြီးပါက ထိုမဂ္ဂဇင်းပါ မိမိ၏ စာမူကို မိမိပိုင် ဘလော့တွင် ပြန်လည်ဖော်ပြနိုင်ပါသည်။

စာမူများကို ဇော်ဂျီသို့မဟုတ် ၀င်းစာလုံးဖြင့် ပေးပို့နိုင်ပြီး ဇော်ဂျီစာလုံး ဖြစ်လျှင် ပိုမိုကောင်းမွန်ပါသည်။ ကွန်ပျူတာဖြင့် မြန်မာစာလုံးများ ရိုက်ရန် အခက်အခဲရှိသူ၊ အဆိုပါ မြန်မာစာလုံးများ မရှိသူများအနေဖြင့် Scan လုပ်ထားသည့် စာမူများကိုလည်း ပေးပို့နိုင်ပါသည်။

ပြည်တွင်းပြည်ပရှိ မြန်မာလူငယ်လူရွယ်များ အတွက် အသိပညာ၊ အတတ်ပညာ၊ ရသ နှင့် ဗဟုသုတပေးစွမ်းနိုင်မည့် စာမူများအား သံလွင်အိပ်မက် အယ်ဒီတာအဖွဲ့မှ ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။

သံလွင်အိပ်မက် မဂ္ဂဇင်း အတွဲ (၂) အမှတ် (၃) အတွက် အစည်းအဝေးကို တနင်္ဂနွေနေ့ညက ကျင်းပခဲ့ပြီး မတရားဖမ်းဆီး အကျဉ်းချခြင်း ခံနေရသည့် အယ်ဒီတာဖြစ်သူ ကိုနေဘုန်းလတ်မှ အပ သံလွင်အဖွဲ့သားများ စုံလင်စွာ တက်ရောက်ကြသည်။

(သံလွင်သတင်း)


Read More...