Jun 3, 2009

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်

ဟန်ထူးလွင် (Big Bag) ရဲ့ သီချင်း တစ်ပုဒ်ထဲမှာတော့ “ရန်ကုန်မြို့ကြီးလဲ အရင်အတိုင်းပဲ” တဲ့။ မြန်မာနိုင်ငံ ခဏ ပြန်ဖြစ်တော့မှ ခင်ဗျား အရင်အတိုင်း မဟုတ်တော့မှန်း သိလိုက်ရတယ်ဗျို့။ အပြောင်းအလဲတွေ ခပ်များများနဲ့ ခင်ဗျားကို ကျုပ်တော့ မမှတ်မိလောက်အောင်ပဲ။ ခင်ဗျားဟာ ဟန်ပဲ ရှိပြီး အဆံမရှိတော့တဲ့ မြို့တစ်ခုလို့ ကျုပ် သိလိုက်ရတော့ အံ့အားသင့်သွားတယ်ဗျ။

ခင်ဗျား အသစ်ဆောက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆောက်အဦးထဲ အရင်ကလို ကားကြီးနဲ့ ခေါ်မသွားတော့ဘဲ စင်္ကာပူမှာလို လေယာဉ်တံခါးကနေ တခါတည်း လေဆိပ်ထဲ ၀င်သွားလို့ ရတော့ ကျုပ် .. ခင်ဗျားကို အထင်ကြီးမိတာ အမှန်ပဲဗျ။ နောက်ပြီး လူဝင်မှုကြီးကြပ်ရေး ရောက်တဲ့အထိ ရွေ့လျားစက်လှေကားတွေနဲ့ ဆိုတော့ ခင်ဗျားနဲ့ မတွေ့ဖြစ်တဲ့ ၂ နှစ်လောက် အတောအတွင်း ခင်ဗျား အတော်လေး ဟုတ်နေပြီကောလို့ ကျုပ်ထင်မိလိုက်သေးတာ။ ခင်ဗျား ရေနံသူဌေးဖြစ်နေတဲ့ သတင်းတွေလည်း ကြားနေရတာကိုး။ ဒါပေမယ့်ဗျာ ... ။

ရှေ့မှာ ကျုပ်တွေ့လိုက်တဲ့ လူတန်းကြီးက တမျှော်တခေါ်ပါလား။ ကျုပ်လည်း စင်္ကာပူမှာ ဆယ်စုနှစ်တစ်ခုလောက် နေခဲ့သူဆိုတော့ စည်းကမ်းတကျ တန်းဝင်စီလိုက်တာပေါ့လေ။ ခက်တာက အတော်လေး ကြာမှ လူတန်းကြီးက နည်းနည်းလေး ရွေ့တာပဲဗျို့။ မြန်မာနိုင်ငံသားတွေ မြန်မာပြည်ပြန်လာတာကို ဘာတွေများ အချိန်ဒီလောက်ယူပြီး ခင်ဗျား စစ်ဆေးနေမှန်း ကျုပ် မသိတာ အမှန်ပဲ။ တစ်ယောက်ပြီး တစ်ယောက်ကို အခွန်ဆောင်လာလား၊ ခွင့်စာပါလား၊ ကျောင်းပိတ်လို့ ပြန်လာတာလား လုပ်နေတာ လူဝင်မှုကြီးကြပ်ရေးရဲ့ အလုပ် ဟုတ်မဟုတ် ခင်ဗျား သေချာ တွေးကြည့်ဖို့ ကောင်းတယ်ဗျ။ ကျုပ်က စင်္ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူ တစ်ယောက် ဆိုတော့ စင်္ကာပူပြန်ရင် ဘယ်တော့မှ Arrival Form လည်း ဖြည့်စရာ မလိုဘူး။ ကျုပ် ဘယ်က ပြန်လာသလဲ။ ဘာသွားလုပ်သလဲ ဆိုတာလဲ စပ်စပ်စုစု မမေးဘူး။ ပြီးတော့ ကျုပ်ကို အခွန်ဆောင်သလားလည်း မမေးဘူးဗျ။ ဒါ IRAS (စင်္ကာပူ အကောက်ခွန်ဌာန) က လုပ်ရမယ့် အလုပ်လေဗျာ။

ခက်တာက မြန်မာနိုင်ငံသား တစ်ယောက်အဖြစ်ကို ဘယ်လိုအခွင့်အရေး ပေးပေး မစွန့်လွှတ်ဘဲ တစ်နေ့ မြန်မာနိုင်ငံမှာ ပြန်နေမယ်ဆိုတဲ့ စိတ်နဲ့ ဖက်တွယ်ထားတဲ့ ကျုပ်ကိုမှ ခင်ဗျားက အခွန်ဆောင် မလာရင် ပြည်ဝင်ခွင့် မပေးဘူး ဆိုတာနဲ့၊ ခွင့်စာ မပါရင် နိုင်ငံကူးလက်မှတ် သိမ်းမယ် ဆိုတာနဲ့ ဟိန်းလား ဟောက်လား ခြိမ်းလား ခြောက်လား လုပ်နေတာ တဆိတ် မလွန်လွန်းဘူးလားဗျာ။ ပြီးတော့ ခင်ဗျားဟာ အတော် အရှက်အကြောက် ကင်းမဲ့စွာနဲ့ ခင်ဗျားအတွက် ဘာလက်ဆောင်ပါသလဲ မေးနိုင်သေးတာ အံ့ပါရဲ့ဗျာ။ ကျုပ် ခင်ဗျားဆီလာဖို့ အတွက် ပြန်ခါနီးလေးတင် ဆပ်ကြေးပေးခဲ့ရပြီးပြီလေ။ ကျုပ်ဆီက ဘာများ ထပ်လိုချင်သေးတာလဲ။

ခင်ဗျားနဲ့ ကျွန်တော်ဟာ ငယ်ပေါင်းကြီးဖော်ဆိုလဲ ဟုတ်ရဲ့။ ခင်ဗျားရဲ့ အဝေးမှာ ရောက်နေပေမယ့် ကျုပ်က ခင်ဗျားရဲ့ သတင်းတွေ အမြဲ နားစွင့်နေတဲ့သူပါဗျာ။ ခင်ဗျားကတော့ ကျုပ်လိုကောင်တွေ ခင်ဗျားကို စွန့်ပြီး အဝေးကြီးကို ထွက် ထွက်သွားနေတာ မြင်ရတော့ အရေးတယူ လုပ်ပြီး နေကောင်းလား ဘာလားတောင် မေးဖော်မရဘူး မဟုတ်လား။ ခင်ဗျား အတွက် ကျုပ်ဟာ သေလူ ဖြစ်သွားခဲ့ပြီလား ရန်ကုန်.. ။ ခင်ဗျားရဲ့ နေ့စဉ်ဘ၀ထဲမှာ ကျုပ်မရှိလည်း ခင်ဗျား ရှင်သန်လို့ ရနေတယ်ဆိုတော့ ကျုပ် ပြန်လာသည် ဖြစ်စေ မပြန်လာသည် ဖြစ်စေ ခင်ဗျားအတွက်က မထူးတော့ဘူးလေ။

ဒီလိုနဲ့ ကျုပ် အိမ်ပြန်ရောက်တဲ့ညမှာ ခင်ဗျားက မီးဖျက်ထားလိုက်သေးတယ်။ ဟိုး.. ကျုပ်ငယ်ငယ် မဆလခေတ်တုန်းကတောင် မီးပျက်မယ့်နေ့တွေ မီးလာတဲ့အချိန်တွေ မရှိဘူး။ သတင်းစာတွေထဲ ခင်ဗျား ရေးရေး နေတော့ ရန်ကုန်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေပြီဆို ဗျ။ တကယ်တမ်း ခင်ဗျား ရေးသင့်တာက ရန်ကုန်ဟာ ခေတ်နောက်ကျ မီးခဏခဏ ပြတ်နေပြီဆိုတာပဲလို့ ကျုပ်ပြောရင် ခင်ဗျားက စိတ်ဆိုးဦးမယ်။ ကျုပ်သိပါတယ်။ ကျုပ်က ခင်ဗျားကို ဝေဖန်တာနဲ့ ခင်ဗျား ငွေပေးပြီး လက်သပ်မွေးထားတဲ့ တေလေဂျပိုးတွေနဲ့ ကျုပ်ကို ရန်ရှာမယ် မဟုတ်လား။ မီးဖျက်ရုံနဲ့ ခင်ဗျားက အားမရတော့ ရေမလာအောင် လုပ်ပြန်ပါရော။ ကျုပ် အင်တာနက် သုံးမယ်လည်း လုပ်ရော ခင်ဗျားက ဖုန်းလိုင်းပါ ဖျက်လိုက်တယ်။ ခင်ဗျားမှာ ကောင်းတာ ဘာများ ကျန်သေးသလဲလို့ မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်ချင်တယ် ရန်ကုန်.. ။

ခင်ဗျား အရင်အတိုင်း မဟုတ်တော့ဘူး ရန်ကုန်။ ခင်ဗျားဟာ ဘီယာလေး တမြမြ ဖြစ်လာပြီ။ စီးကရက်ကိုလည်း လက်က မချဘူး။ အညောင်းအညာပြေ အနင်းအနှိပ်ခံဖို့လား သားပျိုသမီးပျိုတွေကို ဖျက်စီးဖို့လား ခင်ဗျားကတော့ နေရာတိုင်းလိုလို အနှိပ်ခန်းတွေ လိုက်ဖွင့်ထားတယ်။ ကာရာအိုကေဆိုင်တွေက မီးပျက်လည်း မီးစက်နဲ့ ဆိုနေတယ်။ စည်ဘီယာဆိုင်တွေက လက်ညှိုးထိုးမလွဲဘူး။ ဘီယာ အရောင်းမြှင့်တင်ရေးလုပ်နေရတဲ့ မိန်းမပျိုလေးတွေ၊ အနှိပ်ခန်းတွေထဲ အစော်ကားခံနေရတဲ့ မိန်းမပျိုလေးတွေ၊ ကာရာအိုကေဆိုင်တွေမှာ သီချင်းအတူ လိုက်ဆိုရင်း ငွေနဲ့ အနင်းခံလိုက်ရတဲ့ မိန်းမပျိုလေးတွေ၊ နိုက်ကလပ်က ဖက်ရှင်ရှိုးအမည်ခံ ပန်းကုံးစွပ်ပွဲတွေကနေ အသပြာရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းမပျိုလေးတွေ.. သူတို့တတွေဟာ ခင်ဗျားရဲ့ နှမသားချင်းတွေဆို ခင်ဗျား ခုလို ရီဝေေ၀ မျက်လုံးတွေနဲ့ စားမတတ် ၀ါးမတတ် စိုက်ကြည့်နေနိုင်ဦးမလား ရန်ကုန်။

ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ ပြန်တွေးဦး ရန်ကုန်။ ခင်ဗျား နောက်မှ လူဖြစ်တဲ့ စင်္ကာပူတောင် အတော် ပြည့်ပြည့်စုံစုံ ဖြစ်နေပြီ။ ခင်ဗျား ရှက်တတ်ရင် ခင်ဗျားဘ၀အတွက် ခင်ဗျားကို မှီခိုနေရတဲ့သူတွေအတွက် ခင်ဗျား လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ဖို့ လိုပြီ ရန်ကုန်။ ခင်ဗျား ပြောင်းလဲဖို့ အသင့်ဖြစ်တဲ့ အခါ ကျုပ်ရော ကျုပ်သူငယ်ချင်းတွေပါ ခင်ဗျားဆီ ဆက်ဆက် ပြန်ခဲ့မယ်ဆိုတာ မမေ့ပါနဲ့။ ဘာပဲဖြစ်ဖြစ် ကံကြုံတဲ့ အခါ ပြန်ဆုံကြဖို့ ခင်ဗျားကို ကျုပ် သံယောဇဉ် မကုန်သေးဘူး.. ရန်ကုန်..။

ညီညီ(သံလွင်)

19 comments:

Anonymous said...

By the time, the fruit is ripen, we will come back to serve our motherland.

ကိုပေါ said...

အရင်အတိုင်းမဟုတ်ဆို တို့ကို အစိမ်းရောင် မုဒိန်းတန္တတတွေ မစာမနာ ၀ိုင်းဝန်းဖျက်ဆီးလိုက်လို့ ကျမမှာ အရွယ်လွန်ပြည့်တန်ဆာ တယောက်ဘ၀နဲ့ ကျက်သရေဆုတ်ယုတ်နေခဲ့တာ အနှစ်၂၀ တောင် ကြာခဲ့ပြီကောရှင်။

ပုံ.... မရန်ကုန်။

Anonymous said...

Very good post

Angel Eyes said...

ညီ…ဟီး…မှန်တာတွေပြောနေပြန်ပြီ…(-း

မေငြိမ်း said...

အဲဒါကိုက အရင်အတိုင်းလေ..
နှစ်၂၀အတွင်း အရင်အတိုင်းကိုပြောတာ..:(

Anonymous said...

So after 10 years at singapore,

Ofcourse ...

That's why we talk about...

you need to used to it..

Only once in 10 years come back and don't expect too much..

Where are you..?

Tin Moe Aye said...

:-) don't you feel like you are in the "Back to the Future" movie? Other countries are in 21th century, but our beloved motherland doesn't even get to the 20th century yet.

Unknown said...

Hi...Congratulation "Nyi Nyi".Your post is so nice & right..But., you forget one thing..you can't compare to YANGON & SINGAPORE..Because these two are different..Everything have no completion.....Example...: so many peoples in the world..so many different language & different colour of the skins....YANGON's never become likes SINGAPORE...NEVER & EVER...MY FRIENDS

ညီညီ(သံလွင်) said...

Reply To Myint

I'm not comparing Ygn and SG. I know these two are totally different. But, u can't juz blindly said no complaint is allowed since these two are inequal. Shouldn't we need to find out the root cause what makes us different from SG? Is it due to our ineffective way to handling matters? Or simply put, Is it due to the red tape system?

Like u said, nothing is perfect. But, I merely explained the different situations over the immigration counters in both Ygn and SG. It is ridiculous to be checked if the income taxes were duly paid or whatsoever to myanmar nationals. Let me ask if the Ministry of Immigration and Population takes over Ministry of Finance and Revenue in Myanmar.

If SG can get rid of such rep tape system for smooth processing over the immigration counter, tell me why we burmese can do the same and not to be bribed under daylight by corrupted officials.

Everyone knows we have red tape system in Myanmar. We have corrputed officials who are taking advantage of that system, we have people who are supportive of that system and we have people who are against that system. Although we all have the rights to support or against that abusive system, that will decide if u r creditable enough. Thank you.

တေဇာ (လရောင်လမ်း) said...

ခင်ဗျား ပြောင်းလဲဖို့ အသင့်ဖြစ်တဲ့ အခါ ကျုပ်ရော ကျုပ်သူငယ်ချင်းတွေပါ ခင်ဗျားဆီ ဆက်ဆက် ပြန်ခဲ့မယ်ဆိုတာ မမေ့ပါနဲ့။

ရန်ကုန်ကြီး အမြင်မှန်ရတော့မှ ပြန်လာခဲ့တော့မယ်ပေါ့နော် ကိုညီ။ သူ့ကို တတ်နိုင်သလောက်လေး ပြုပြင်ဖို့ ကြိုးစားကြည့်ရင်ရော မကောင်းဘူးလားဗျာ။ သူနဲ့ ငယ်ပေါင်းတွေ ဆိုရင်ပေါ့လေ။ ကျွန်တော်ကတော့ အားလုံးမှာ တာဝန်ရှိတယ် ထင်တာပဲ။

ညီညီ(သံလွင်) said...

ကိုတေဇာ..

ရန်ကုန်မြို့ကြီးကို ပြုပြင်ဖို့ အားလုံးမှာ တာဝန်ရှိတယ် ဆိုပြီး “တာဝန်” အရ လုပ်ရမယ်ဆိုတာထက် ပြုပြင်ချင်စိတ် ရှိသူတွေက တာဝန်အရ မဟုတ်ဘဲ ကိုယ်ပိုင်အသိစိတ်နဲ့ တတ်စွမ်းသရွေ့ ပြုပြင်ကြမယ်ဆို ပိုကောင်းမှာပါ။ ရန်ကုန်မြို့ကြီး ပြောင်းလဲဖို့ အသင့်မဖြစ်သေးရင်တောင် ကျွန်တော် ပြန်ဖို့ အဆင်သင့်ဖြစ်တဲ့ အခါကျရင် ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ကျွန်တော် ပြန်လာခဲ့မှာပါ။ လောလောဆယ်တော့ ပြုပြင်ပြောင်းလဲခြင်းအနုပညာကို ကျွန်တော် သင်ယူခွင့်ရဖို့ ကြိုးစားရပါဦးမယ်။

Anonymous said...

ခင်ဗျားအဲ့လိုအရာတွေမကြုံချင်ရင်ပြန်မလာနဲ့လေ
ခင်ဗျားသွားတုန်းကဘယ်သူမှာ နှုတ်မဆက်လိုက်သလို
ခင်ဗျားကို ပြန်လာပါလို့လဲ ဘယ်သူမှမခေါ်ဘူး
ခင်ဗျားသာခင်ဗျားပြန်လာတာလေ
ကျုပ်ကိုအပြစ်တင်ရအောင် ခင်ဗျားကရောဘယ်လောက်များ ကောင်းနေလို့လဲ
ခင်ဗျားမနေချင်လို့စွန့်သွားခဲ့ပြီ
ခင်ဗျားပြန်လာတော့ကျုပ်က ကောင်းကောင်းမွန်မွန်ဝတ်စားပြီးကြိုနေရမှာလား
နေကောင်းလားလို့မေးနေရအုံးမှာလား

ညီညီ(သံလွင်) said...

အမည်မသိသူ

ခင်ဗျားက ရန်ကုန် နေရာကို ၀င်ယူပြီး ကျုပ်ကို ဆူချင်ငေါက်ချင်သေးတာလား။
ဘယ်သူခေါ်ခေါ် မခေါ်ခေါ် ရန်ကုန်ဆိုတာ ကျုပ်ဇာတိမြေ ကျုပ်ချစ်တဲ့မြန်မာနိုင်ငံရဲ့ မြို့တော် ဖြစ်လို့ ကျုပ်က အခါအခွင့်သင့်တိုင်း ပြန်လာနေဦးမှာပဲ။ ကျုပ်သာ မနေချင်လို့ စွန့်ချင်သပဆို ကျုပ် မြန်မာနိုင်ငံသား အဖြစ်က စွန့်ပြီးတာ ကြာလှပေါ့ဗျာ။ ခင်ဗျားလို လူစားမျိုးကတော့ ကျုပ်ပြန်လာရင် လာကြိုဖို့ မစဉ်းစားလေနဲ့ဗျို့။ ခင်ဗျား လာကြိုလည်း ကောင်းသော ကြိုခြင်း မဟုတ်မှာ ကျုပ်က ကြိုသိနေတာ မဆန်းဘူးလားဗျာ။ သေချာတာကတော့ ခင်ဗျားလို လူစားမျိုးတွေ များလာလို့ ရန်ကုန်ဟာ အရင်အတိုင်း မဟုတ်တော့တာဘဲ။

Anonymous said...

အရမ်းကောင်းလို့ ယူသွားခွင့်ပြုပါနော်....
သူများတွေသိအောင်လို့ ပြချင်လို့ ပါ...

ကိုချစ်ဖေ said...

ကိုညီညီ ကလည်းဗျာ ရန်ကုန်က အရင်အတိုင်းမဟုတ်လို့ မနေချင်ရင်လည်း နေပြည်တော်ကြက်ပြေးမှာပြောင်းနေလေဗျာ..ဟို..ဟို...ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့.အဲ့ဒီဟာကို.ရန်ကုန်က
ဒီလိုဗျ.ကျန်တဲ့မြို့တွေ ဖွံဖြိုးတိုးတက်နေပြီးဆိုတော့ ရန်
ကုန်မြို့ကြီးကို ပြတိုက်လုပ်ဖို့ ထားရတာလေဗျာ..တော်ကြာ စစ်အစိုးမင်းတက်တုန်းက ဒီလို ဟော ခုဒီလို နှိုင်းယှဉ်ပြစရာမရှိမှာစိုးလို့တဲ့ အနှိပ်ခန်းတွေလား. ဒါက ညောင်းနိုင်တဲ့သူတွေအတွက်ဖွင့်ထားတာလေ ခင်ဗျားကျမ်းမာရေးကောင်းရင် အညောင်းမခံနဲ့လေ အဲ့ဒါက ညောင်းလေ့ ညာလေ့ရှိတဲ့ လူကြီး (လူကြီးဆိုတိုင်းအသက်ကြီးတယ်မထင်နဲ့ဗျာ.ဟို လူကြီးဆိုတာသိတယ်မှလား လူကြီးဆိုတာ လူကြီးပေါ့ဗျာ)တွေအတွက်ဖွင့်ထားတာဗျာ..နှိပ်ပေးရတဲ့သူတွေထဲမှာ သူတို့အမျိုးတွေမှမပါသေးပဲဟာ..မီးပျက်တာလား ဒါချွေတာနေတာ သူများနိုင်ငံတွေမှာ ညစာစားပွဲတွေမှာ ဖယောင်းတိုင်လေးတွေထွန်းပြီးစားတာလေဗျာ..အဲ့ဒီလိုပွဲတွေကို အတုယူစေချင်တာ..ခေတ်မီဖွံဖြိုးတယ်ဆိုတာလည်းပြရင်းပေါ့..ဟိုတလောက မီးပွိုင့်တွေမီးလာနေလို့ သတင်းအဖြစ်ထူးထူးဆန်းဆန်း ပြောနေရသေးတယ်လေ.ဗျာ..ကိုယ့်အမျိုးတွေဖွံဖြိုးတိုးတက်နေသရွေ့ ကျန်တဲ့သူတွေ ဘာဖြစ်ဖြစ် ဆိုတဲ့သူတွေကတော့ ခင်ဗျားပြောတာတွေဘယ်ကြိုက်ပါ့မလဲဗျာ..ခင်ဗျားဘယ်သူဘယ်ဝါသိသွားလို့...ဟင်း ရန်ကုန်ကိုတောင် အရင်အတိုင်း ခင်ဗျားကိုလည်း လုပ်လေ့လုပ်ထရှိတဲ့အတိုင်း မပြန်ရ လုပ်လိုက်ဦးမယ်..၇န်ကုန်က..

Thuta said...

ကျွန်တော့်အမြင်တော့ဗျာ..

ရန်ကုန်မှာ..
ကိုယ်လက်ဝါးကြီး အုပ်ဖို့အတွက် ဖိနှိပ်ချင်တဲ့ သားသမီးတွေ ရှိတယ်..
ကိုယ်လက်ဝါးကြီး မအုပ်ရလို့ ကဖျက်ယဖျက် လုပ်နေတဲ့ သားသမီးတွေ ရှိတယ်..
ညံ့ဖျင်းချက်မှန်သမျှ လွှဲချစရာ ခပ်ညံ့ညံ့ အုပ်ချုပ်သူရှိနေတဲ့အတွက် အဲဒါကို အသုံးချပီး တိုးတက်ရာတိုးတက်ကြောင်းကို မရှာကြံတော့ပဲ စည်းပျက်ကမ်းပျက် လေနေကြတဲ့ သားသမီးတွေလဲ ရှိတယ်..
သာမှ ပြန်ပေါင်းပါမယ်ဆိုတဲ့ သားသမီးတွေလဲရှိတယ်..
ကိုယ်လွတ်ရုံးသွားပီး အချိန်တန်နှာခေါင်းရှုတ်လို့ အပြစ်တင်ရုံလောက် မြင်တော့တဲ့ သားသမီးတွေလဲရှိတယ်..

အင်း.. ဒီရန်ကုန်ဟာ အရင်လိုမဟုတ်တာ ဘာဆန်းလဲဗျာ..

htakekhaungtin said...

ဒီ ကိုရန်ကုန် ကိုသေခန်းဖြတ် ရှင်ခန်းဖြတ် အကုန်ဖြတ်ထားခဲ့တာကြာခဲ့ပါပြီ၊ကိုညီရေးလိုက်တော့လဲလွမ်းတော့လွမ်းမိသား၊လွမ်းစရာရှိပေတဲ့ နာစရာနဲ့ဖြေရပေအုန်းတော့မပေါ့၊ နာစရာနဲ့ဖြေတော့လဲ
နာစ၇ာတွေကလဲမနည်းလှပါ ။ ရင်နာစရာတွေ ၊အော့နှလုံးနာစရာတွေနဲ့ ပြည့်နှက်လို့

Anonymous said...

ရေးထားတဲ့ ပို့စ်လေးက သဘောတော့ကျချင်စရာပဲ့ လက်တွေ့ အများကောင်းစားရေးအတွက်လုပ်နေတဲ့လူဆိုရင်ပေါ့ ဘယ်လိုလဲ ကိုယ့်လူ အကြီးကြီးတွေလျှောက်ပြောပြီး ခင်ဗျားကိုယ်တိုင်ရော ဘာတွေများလုပ်ခဲ့ပြီးပြီလဲ။ ခင်ဗျား အခု ဘယ်သူတွေကောင်းစားရေးအတွက် လုပ်နေလဲ ခုသားကောင် ဖြစ်နေတဲ့ မိန်းမ တွေထဲက ဘယ်နှစ်ယောက်များ ခင်ဗျား လက်တွေ့ ကယ်တင်ခဲ့ဖူးလဲ။ ပြောပြနိုင်မလား ကိုယ့်လူ။ နောက်မှ အဆင့်သင့် မှ လုပ်မယ်ဆိုတာ လူဆိုတဲ့ အဆင့်တန်းမရှိတဲ့ သတ္တဝါတွေ လုပ်ကြတယ် တိုယ့်လူ လူဆို တာဝန်သိစိတ် တာဝန်ယူရဲတဲ့ သတ္တိ ရှိမှ လူလို့ခေါ်လို့ရတယ် ခင်ဗျားလဲလူ ဖြစ်မယ်လို့ထင်ပါတယ် မဖြစ်သေးရင်လဲ ကြိုးစားကြည့်ပါ။ ခင်ဗျားအတွက် ကျွန်တော် ဂုဏ်ယူချင်ပါတယ်ဗျာ။ pls visit it;;;
http://picasaweb.google.com/eden.ukm.mls ဖြစ်အောင်တော့လာခဲ့ဗျာ လက်တွေ့လုပ်ချင်ရင်ပေါ့ဗျာ စကားတွေနဲ့ ဘာကိုမှ တည်ဆောက်လို့မရဘူးဗျ။ ရွေ့လျားမှုရှိမှ အလုပ်တွေက ပြီးမြောက်တာပါ။ နိုးထပါလော့ နွားစာခွက် အသိလောက်နဲ့တော့ ကမ္ဘာကြီးကို ကြည့်လို့မရဘူး ကိုယ့်လူ။ နွားစာခွက်ထဲက ထွက်လာခဲ့လော့ သူများ တည်ဆောက်ပြီးသား နေရာပေါ်မှာ အခန့်သားအခွင့်ရေး ၁၀ စုနှစ်လောက်သွားခံစားနေပြီး နွားစာခွက်အတွေးခေါ်တွေနဲ့ အသုံးမကျတဲ့ စကားတွေကို ရပ်လိုက်ပါတော့ နိုးထပါလော့

သိ င်္ဂါ ရ said...

ဟုတ်တယ်ဗျာ ... ရန်ကုန်မှာတင် မဟုတ်ပါဘူး

တိုးတက်လာတာကတော့ စည်ဘီယာဆိုင် နဲ့

Massage တွေပဲ ... ထင်မိတယ် ။