မနက်ဖြန်ကို ရောက်ဖို့
စောင့်ရတာ ကြာခဲ့ပြီရော။
ဒီအလျော်အစားအတွက်
ဘ၀နှစ်ခုစာ လောင်းကြေးထပ်ခဲ့တယ်။
ထောင့်စုံအောင် မေးမယ့် မေးခွန်းတွေထက်
အဆုံးအဖြတ်တစ်ခုပဲ လိုချင်ခဲ့တာ။
ဒီတော့ .... တစ်ခွန်းထဲ ရဲရဲ ပြောလိုက်ပါ
ငါ .......... အဖြေကို နားစွင့်ထားတယ်။
ခေလွန်း
Oct 20, 2008
အသင့်အနေအထား
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 5:55 PM 2 comments
Oct 9, 2008
Rapidshare နဲ့ ဘာလုပ်နိုင်သလဲ
အခြားသူတွေကို ဝေမျှလိုတဲ့ ဖိုင်တွေကို Rapidshare မှာ သွားပြီး upload လုပ်ထားလို့ ရပါတယ်။ ဖိုင်တစ်ဖိုင်ကို အများဆုံး 200 MB အထိ ခွင့်ပြုပါတယ်။ ဖိုင်တစ်ဖိုင်ကို upload လုပ်လိုက်ပြီ ဆိုတာနဲ့ Download လုပ်နိုင်တဲ့ လင့်ခ်ကို ဖော်ပြပေးထားပါတယ်။ ဆိုတော့ 800 MB ရှိတဲ့ ဗီဒီယိုင်ဖိုင်တစ်ဖိုင်ကို File Splitter ဆော့ဝဲလ်နဲ့ အပိုင်းငယ်လေးတွေ ခွဲပြီး တင်ထားနိုင်ပါတယ်။
Download လုပ်မယ့်သူအနေနဲ့ မိမိ Download လုပ်ချင်တဲ့ Rapidshare ရဲ့ လိပ်စာကို အတိအကျ သိရမှာ ဖြစ်ပါတယ်။ Free User ဆိုရင်တော့ Download လုပ်ဖို့ အရေး စက္ကန့် ၃၀ ကနေ ၁၃၄ စက္ကန့်လောက်အထိ စောင့်ရနိုင်ပါတယ်။ တခါတလေမှာတော့ Download လုပ်လို့တောင် မရပါဘူး။ အဲဒီ ဒုက္ခကို ကျော်လွှားချင်ရင်တော့ Premium User အဖြစ် Rapidshare အကောင့် တစ်ခု ၀ယ်လိုက်ရင် ဖြစ်ပါပြီ။ ၂၀၀၈ စက်တင်ဘာ ၂ ရက်နေ့က စပြီး တစ်ရက်ကို ပမာဏ 10GB (10,000 MB ကျော်) Download လုပ်နိုင်ပါတယ်။ DVD ရုပ်ရှင်တစ်ကားကို ကွန်ပျူတာနဲ့ ကြည့်နိုင်အောင် ချုံ့ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ 700 MB ကနေ 800 MB အထိ ရှိနိုင်တဲ့အတွက် download လုပ်ဖို့ အချိန်လည်းရှိ မိမိရဲ့ အင်တာနက်ဆက်သွယ်မှုလည်း မြန်ဆန်မယ်ဆိုရင် တစ်ရက်ကို ရုပ်ရှင် တစ်ဒါဇင်လောက် Download လုပ်နိုင်ပါတယ်။ Download နှုန်းက တစ်စက္ကန့်ကို 25 KB ကနေ 250 KB အထိ ရပါတယ်။
ရုပ်ရှင်တွေချည်း download လုပ်နိုင်တာ မဟုတ်ပါဘူး။ အသစ်ထွက်တဲ့ သီချင်းအယ်လ်ဘမ်တွေလည်း ရှိပါတယ်။ ပြီးတော့ အသစ်ထွက်တဲ့ ဆော့ဝဲလ်တွေလည်း အများအပြားပါ။ ဂိမ်းအသစ်တွေ ရနိုင်သလို ကွန်ပျူတာဆိုင်ရာ၊ အခြားဘာသာရပ်ဆိုင်ရာ စာအုပ် စာတမ်းတွေ၊ မဂ္ဂဇင်းတွေ၊ ၀တ္ထုတွေလည်း အခမဲ့ အလွယ်တကူ ရနိုင်ပါတယ်။ စီးပွားရေး လုပ်ငန်းအတွက် သုံးမယ် ဆိုရင်တော့ လိုအပ်တဲ့အရာတွေကို Piracy ကို အားပေးရာ မရောက်အောင် အလကား download မလုပ်ဘဲ ကိုယ်ပိုင် ၀ယ်ယူထားစေချင် ပါတယ်။ ၀ယ်ဖို့လဲ မတတ်နိုင်ဘဲ တကိုယ်ရည်သုံးစွဲဖို့ အတွက်သာ ဆိုရင်တော့ Rapidshare က အထောက်အကူ ပေးနိုင်မှာပါ။
ဖိုင်ဆိုဒ်ကို ချုံ့ပြီး အပိုင်းငယ်လေးတွေ ခွဲထားတဲ့ Rapidshare ဖိုင်တွေကို ပြန်ဖြည်ဖို့အတွက် Win Rar ဆော့ဝဲလ် လိုအပ်ပါမယ်။ အဲဒီ ဆော့ဝဲလ်ကို www.download.com မှာ အခမဲ့ ရယူနိုင်ပါတယ်။ အပိုင်းငယ်လေး ၇ ခု ရှိတယ်ဆိုရင် အားလုံးကို download လုပ်ပြီးတာနဲ့ ပထမဆုံးတစ်ခုကို ဖြည်လိုက်တဲ့အခါ ကျန်တာတွေပါ အလိုလို ဖြည်ပြီးသား ဖြစ်သွားပါမယ်။ တချို့ဖိုင်တွေကို ဖြည်ဖို့အတွက် password လိုမှာ ဖြစ်ပြီး Rapidshare လိပ်စာတွေ ပေးထားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြပေးထားတတ်ပါတယ်။ password မရေးထားဘူးဆိုရင်တော့ ပြန်ဖြည်စရာ password မလိုပါဘူး။
Internet Download Manager အပြင် Download Accelerator ပါတဲ့ ဆော့ဝဲလ် တစ်ခု ရှိမယ်ဆိုရင်တော့ ဖိုင်တွေကို ပိုပြီး လျင်လျင်မြန်မြန် download လုပ်နိုင်မှာ ဖြစ်ပြီး ဖိုင်တွေ ဆွဲနေတုန်း အင်တာနက်ဆက်သွယ်မှု ပြတ်တောက်သွားမှာကို ပူစရာ မလိုတဲ့အပြင် မိမိ ကွန်ပျူတာ အနားမှာ မရှိနေတဲ့ အချိန်တွေမှာလည်း သူ့ဟာသူ download လုပ်ပေးထားမှာပါ။ Broadband သုံးစွဲသူ တစ်ယောက်ဟာ ရုပ်ရှင်ကားတစ်ကားရဲ့ ဖိုင် ၇ ခု ၈ ခု လောက်ကို တပြိုင်တည်း ဆွဲမယ်ဆိုရင် နာရီဝက် တစ်နာရီအတွင်း ရပါတယ်။
ဒီရက်ပိုင်း ကျွန်တော် download လုပ်ဖြစ်တာတွေကတော့ Reader's Digest, PC World စတဲ့ မဂ္ဂဇင်းတွေ၊ ကွန်ပျူတာ ပရိုဂရမ်မင်းနဲ့ ဆိုင်တဲ့ စာအုပ်တွေ၊ Dreams from my father ၊ Audacity of Hope စတဲ့ အိုဘားမားရဲ့ စာအုပ်နဲ့ အခြား စိတ်ဝင်စားရာ စာအုပ်တွေ download လုပ်ဖြစ်တယ်။ ဂိမ်းတွေထဲကတော့ Fifa 09 ပါပဲ။ ဆော့ဝဲလ်ကတော့ အတော်များတယ်။ သီချင်းခွေထဲကတော့ Metallica ရဲ့ အခွေသစ်ပေါ့။ ရုပ်ရှင်ကား အသစ်တွေလည်း မနည်းဘူး။ ရုံမှာ သွားကြည့်ရလောက်အောင် မကောင်းနိုင်တဲ့ ကားမျိုးကို အိမ်မှာပဲ ကြည့်ဖြစ်တယ်။ နောက်ပြီး နောက်တခါ ပြန်ကြည့်ချင်အောင် ကောင်းတဲ့ ကားမျိုးကျတော့လည်း သိမ်းထားချင်ပြန်ရော။
Google မှာ rapidshare download ဆိုပြီး ရှာလိုက်မယ် ဆိုရင် Rapidshare နဲ့ download လုပ်နိုင်မယ့် လိပ်စာတွေ ပေးထားတဲ့ အင်တာနက်စာမျက်နှာ အများအပြားကို တွေ့ရမှာပါ။ အရင်က www.projectw.org မှာလည်း download လုပ်စရာ အများအပြား ရှိပေမယ့် အခုတော့ အဲဒီဆိုက်ဒ်ကို ပိတ်လိုက်ပြီ ထင်ပါတယ်။ Rapidshare နဲ့ download လုပ်လို့ရတဲ့ အင်တာနက်စာမျက်နှာတွေ အများကြီး ရှိတဲ့အထဲက ကျွန်တော် recommend လုပ်ချင်တာကတော့ www.alivedownload.com နဲ့ www.mechodownload.com ပါ။
တစ်ယောက်တည်း တစ်လကို စင်္ကာပူဒေါ်လာ ၁၅ ဒေါ်လာလောက် မသုံးချင်သူတွေကတော့ သူငယ်ချင်းတွေနဲ့ ဝေမျှကျခံပြီး သုံးလို့ ရပါတယ်။ တစ်နေ့ကို 10 GB download လုပ်လို့ ရတယ်ဆိုတာ နည်းနည်းနောနော ပမာဏတော့ မဟုတ်ပါ။ အားလုံး မိမိ အလိုရှိရာကို ရှာဖွေနိုင်ပါစေ။
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 12:47 PM 1 comments
Oct 8, 2008
အားလုံးကို ကျေးဇူး
ကျွန်တော့်မွေးနေ့အတွက် ဂျီတော့ခ်ကနေ တဆင့် ဆုတောင်းပေးခဲ့သူတွေ၊ sms ပို့ပြီး wish လုပ်ပေးခဲ့သူတွေနဲ့ အမှတ်တရ ရေးဖြစ်တဲ့ မွေးနေ့ ကဗျာမှာ ကွန်မန့်တွေ တကူးတက အချိန်ပေးပြီး ရေးသွားသူတွေ အားလုံးကို ကျေးဇူး အထူးပါပဲ။ နောက်ပြီး မွေးနေ့အကြိုပို့စ်ကတည်းက ကြိုဆုတောင်းပေးခဲ့ကြတဲ့ မဂျစ်နဲ့ ကိုသန့်ဇင်အောင်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။
မဇီဇ၀ါ .. ပို့စ်တင်ပြီး ခဏမှာပဲ ပထမဆုံး လာပြီး ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ။
ဇင်ကိုလတ် .. ကိုတွေ ဦးတွေ ထည့်ခေါ်မနေတော့ပါဘူး။ အသက်သိပ်မကွာလှတဲ့ ညီအစ်ကို အချင်းချင်းပဲ။ ဆုတောင်းနေကြထဲက ပထမဆုံးဟာ မဖြုတ်ရင် ပိုး နှုတ်ခမ်းစူနေလိမ့်မယ်။ အဲဒီ ဆုတောင်းအကြောင်း တွေးရင် နေဘုန်းလတ်ကို သတိရတယ်။ ဆုတောင်းအတွက် ကျေးဇူး။ မွေးနေ့ မကျွေးဖြစ်တော့ဘူး။ အဝေးကြီးသွားဖြစ်တဲ့အခါ သွားခါနီးမှ 2 in 1 မယ်။
မြတ်မင်းဟန် .. အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့ကို ကြိုက်ရုံတင် မကဘဲ ကိုယ်တိုင်လည်း တစ်နေ့ ပြန်နိုင်ပါစေဗျာ။ Birthday Wish အတွက် ကျေးဇူးပါ။
မမီ .. မွေးနေ့ဆုတောင်းအတွက် ကျေးဇူး။ ဗိုက်ကြောဆွဲခံမထိအောင် ၀မ်းလျားမှောက်အိပ်ပြီး ဆုတောင်းလိုက်မယ်။ :P
shin .. ခုလို ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။ ကဗျာကနေ အတွေးပွားသွားတယ် ဆိုလို့ ၀မ်းသာပါတယ်။
မဇင် .. ဆုတောင်းအတွက် ကျေးဇူးပါ။ အဝေးကြီးမှာ အစစအရာရာ အဆင်ပြေပါစေ။ သံလွင်အိပ်မက်အတွက်လည်း စာများများ ရေးနိုင်ပါစေလို့ ပြန်ဆုတောင်းပေးလိုက်ပါတယ်။ အနီးဆုံး ပြန်ကြရတဲ့ တစ်နေ့မှာ သံလွင်အိပ်မက်က ပင်တိုင် စာရေးဆရာတွေ အားလုံး Gathering လုပ်ကြတာပေါ့။
yin .. တစ်နှစ်တာလုံး အကောင်းဆုံးတွေချည်းရအောင် ဆုတောင်းပေးသွားတာ ကျေးဇူးပါပဲဗျာ။ ဒီနှစ်က ဘ၀ကို တစ်ကနေ ပြန်စရမယ့်နှစ်ဆိုတော့ အဲဒီလို ဆုတောင်းမျိုး တကယ်ကို လိုအပ်တယ်။
ကိုတက်စလာ .. မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါ။ ဟိုတခါ ဘူဖေးစားကြပြီးကတည်းက မတွေ့ဖြစ်တော့ဘူးဗျာ။ စလုံးပြန်ရောက်လာတဲ့အခါ မောင်ပွတ်တို့နဲ့အတူ တစ်ရက်တွေ့တာပေါ့။
ကိုပီတိ .. ဆုတောင်းပေးလို့ ကျေးဇူးပါပဲ။ အောက်တိုဘာ ၇ ရက်နေ့ဖွားတွေက ခေါင်းမာတယ်နဲ့ တူပါရဲ့။ မှန်တယ်ထင်ရင် နောက်မဆုတ်ချင်ဘူး။
မောင်ပွတ် .. Birthday wish အတွက်ရော မွေးနေ့ဓာတ်ပုံကတ်ဒ်အတွက်ပါ ကျေးဇူး။ မွေးနေ့မှာ ခွင့်ယူထားလို့ မောင်ပွတ်ရဲ့ ဆုတောင်းအတိုင်း ပျော်ရွှင်စရာမွေးနေ့ပေါ့။ ဒီဆုတောင်းပဲ ခဏခဏ ခလုတ်တိုက်နေကြပါလား။ မသိသေးသူတွေ သိချင်ရော့မယ်။ ဆုတောင်းက ဒီလိုပါဗျာ.. “စော်ကြည် အကြွေးကျေ တော်တော်နဲ့ မသေ” တဲ့။
မောင်သန့်ဇင် .. အလုပ်တဖက် ကျောင်းတဖက် “..” တဖက်နဲ့ ဗျာများနေတဲ့ကြားက ခုလို လာဆုတောင်းပေးအတွက် ကျေးဇူးပါပဲ။ :)
မပန် .. ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရဖို့ ဆိုတာ နည်းနည်းနောနော အခွင့်အရေး မဟုတ်ပါဘူး။ ခုလို ဆုမျိုး တောင်းပေးတာ ကျေးဇူးပါ။
မနိုင်းနိုင်း .. တကယ်ပြန်လာခွင့်ရတဲ့အခါ တကယ်ပဲ ပြန်လာချင်ပါတယ်ဗျာ။ မွေးနေ့ဆုတောင်း အတွက် ကျေးဇူး။
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 3:09 PM 3 comments
ကဏ္ဍ - Blogger, Special Days in life
Oct 7, 2008
အတောင်ပံခတ်သံများ ၂၈ ခါတိတိ
၂၀ + ၈ ဖြစ်ဖြစ်
၃၀ - ၂ ဖြစ်ဖြစ်
မျှော်လင့်ချက်အသစ်နဲ့အတူ ၂၈ ရောက်လာတယ်။
၁၉၈၀ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်သလို
၂၀၀၈ ၁၀လပိုင်း ၇ ရက်နေ့ဟာ အင်္ဂါနေ့ ဖြစ်တယ်။
(၁၉၈၀-၁၉၉၉)
မိသားစုထဲ နောက်ဆုံးမှ ရောက်လာတဲ့ သားကို
ဘယ်သူနဲ့ ယှဉ်ယှဉ်
အမြဲရှေ့ဆုံးမှာ ရောက်ချင်ခဲ့ပေမယ့်
ကျရှုံးတိုင်း နားလည်တတ်တဲ့ အဖေနဲ့ အမေ
အောင်မြင်တိုင်း ဂုဏ်ယူတတ်တဲ့ အဖေနဲ့ အမေ။
(၁၉၉၉)
ဦးသုံးကြိမ်ချပြီး ခပ်မြန်မြန် ခတ်လိုက်တဲ့ မျက်တောင်တွေ အောက်
ငိုမဲ့မဲ့ဟန် မပေါက်အောင် ကြိုးစား..
"သား .. သွားတော့မယ်" လို့ နှုတ်ဆက်
နယ်မြေသစ်တွေ ရှာဖို့ထွက်ခဲ့ရ
စင်္ကာပူရဆိုတဲ့ ကျွန်းကလေးထဲ ၉ နှစ်တာ။
(၂၀၀၈)
၉ နှစ်ကြာ ရှာတာတောင် အခြေချစရာ နေရာ စိတ်တိုင်းကျ မတွေ့
အရိုးများသလေး ချီးခါးသလေး ပြောတတ်တဲ့ သား
ကမ္ဘာတဘက်ခြမ်းမှာ ထပ်ရှာဖို့ ကြိုးစားမယ်။
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
အဝေးကြီးသွားတာ အနီးဆုံးပြန်ဖို့
ဒီလိုပဲ ကိုယ့်ဟာကိုယ် ဖြေသိမ့်
နိမ့်ဆင်းလိုက် မြင့်တက်လိုက်
လေဟုန်စီးဆဲ ငှက်တစ်ကောင်
ကမ္ဘာဆိုတဲ့ လှောင်ချိုင့်ထဲ ၂၈ နှစ်တာ။
ခေလွန်း
၇၊ ၁၀၊ ၂၀၀၈
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 12:05 AM 15 comments
ကဏ္ဍ - My Poems, Poems, Special Days in life
Oct 3, 2008
စည်းအပြင်ကလူ
၂၀၀၇ ဇူလိုင်လ ၁၁ ရက်မှာ ဒီအလုပ်ကို စ၀င်ခဲ့တော့ အခုဆို ဘာလိုလိုနဲ့ တစ်နှစ်ကျော် ရှိပါပြီ။ Job Title ကတော့ System Analyst ပေါ့။ ၆ နှစ်လောက် စင်္ကာပူမှာ အလုပ် လုပ်ဖူးခဲ့သမျှ အတွေ့အကြုံအရတော့ Software Developer ဖြစ်ဖြစ်၊ Software Engineer ဖြစ်ဖြစ်၊ System Analyst ဖြစ်ဖြစ် သံတူကြောင်းကွဲ အမည်သာကွဲပေမယ့် လုပ်ရတာကတော့ သိပ်မကွာလှပါဘူး။ လုပ်သက်များရင် ကုမ္ပဏီ ခပ်သေးသေးမှာ လုပ်တဲ့အခါ Senior ရာထူး ရတတ်ပြီး ကုမ္ပဏီကြီးတွေမှာတော့ တော်ရုံနဲ့ Senior ပေးလေ့ မရှိပါဘူး။ အခုအလုပ်မှာလည်း စင်္ကာပူက အိုင်တီအလုပ်တို့ ထုံးစံအတိုင်း ကန်ထရိုက် (contract) နဲ့ လုပ်ရတာပါ။ အလုပ်မ၀င်ခင်ကတော့ ၆လ ကန်ထရိုက်မို့ မလုပ်ချင်ပါဘူး။ ဒါပေမယ့် အေးဂျင့်က ၆လလောက် လုပ်ပြီးရင် အမြဲတမ်းဝန်ထမ်း (Permanent Staff) ပြောင်းချင် ပြောင်းလိမ့်မယ်လို့ မက်လုံးပေးတာရယ် ရမယ့် လခက ကိုယ်မှန်းထားသလောက် ဖြစ်နေတာရယ်ကြောင့် ၀င်လုပ်ဖြစ်ခဲ့တယ်။
ကျွန်တော့်ကို အင်တာဗျူးလုပ်ခဲ့တဲ့ ပရောဂျတ်မန်နေဂျာနဲ့ကလည်း အတော်လေး အဆင်ပြေပါတယ်။ သူက မလေးရှားမှာ မွေးတဲ့ တရုတ်အမျိုးသားပါ။ ကျွန်တော်တို့က Client ရဲ့ ရုံးမှာ အဖွဲ့လိုက်လာပြီး လုပ်ရတာပါ။ ကျွန်တော်တို့လိုပဲ HP ၊ Accenture ၊ Avanade ၊ NCS စတဲ့ အခြား IT Vendor တွေလည်း ရှိပါတယ်။ ပရောဂျတ် မန်နေဂျာကတော့ ကိုယ့်ကို ကန်ထရိုက်နဲ့ လုပ်နေတဲ့လူဆိုပြီး ခွဲခြား ဆက်ဆံတာမျိုး မရှိပါဘူး။ အဲဒီတုန်းက ကျွန်တော်ရယ်၊ အဖွဲ့ထဲမှာ အတူ အလုပ်လုပ်တဲ့ အိန္ဒိယအမျိုးသမီး နှစ်ယောက်ရယ်က ကန်ထရိုက်နဲ့ လုပ်ကြတဲ့သူတွေပါ။ နောက်တော့ ပရောဂျတ် မန်နေဂျာက OCBC ဘဏ်ကို အလုပ်ပြောင်းသွားတယ်။ အတူ လုပ်ခဲ့တဲ့ အိန္ဒိယအမျိုးသမီးကလည်း JP Morgan မှာ အမြဲတမ်းဝန်ထမ်း အနေနဲ့ အလုပ်ရသွားတော့ ပြောင်းသွားတယ်။
ပရောဂျတ် မန်နေဂျာအသစ်က အမျိုးသမီးပါ။ လူမှုရေးနားမလည်သလို အလိုက်ကန်းဆိုးလည်း မသိပါဘူး။ သူ့အတွက် အလုပ်ပြီးဖို့က လိုရင်းပါ။ တခြား ကိစ္စ တွေကို လူသားဆန်ဆန် သိပ်မတွေးပါဘူး။ သူရောက်လာပြီးကတည်းက တစ်ဖွဲ့လုံးဟာ အဖွဲ့ငယ်လေးတွေ ကွဲသွားတယ်။ ပရောဂျတ် မန်နေဂျာ အသစ်က စလုံး (စင်္ကာပူနိုင်ငံသား) ဆိုတော့ အခြား စလုံး အမျိုးသမီး နှစ်ယောက်နဲ့ပဲ အဖွဲ့ကျလေ့ရှိတယ်။ သူ ပြောင်းလာကာစက နေ့လည်စာကို တစ်ဖွဲ့လုံး အတူသွားစားကြတဲ့အခါ ဘာစကားမှ မပြောဘဲ ငြိမ်နေပါတယ်။ သူက ဘာမှ မပြောဘဲနေနေတော့ ကျန်တဲ့သူတွေက ဘာအသံမှ မထွက်တော့ဘူး။ ပြောင်းလာကာစ နည်းနည်းရှိန်နေသေးလို့လားလို့ ထင်မိပေမယ့် နောက်ပိုင်းလည်း အဲလိုပါပဲ။ ဒီလိုနဲ့ တစ်ဖွဲ့လုံးအတူ နေ့လည်စာ သွားစားတယ် ဆိုတာ အတော့်ကို နည်းသွားပြီး ကျွန်တော်လည်း ကိုယ့်ဟာကိုယ် သွားစားဖြစ်တာ များလာတယ်။ နောက်ပိုင်းမှာ နေ့လည်စာကို ကျွန်တော်တို့နဲ့ ကုမ္ပဏီတူပေမယ့် အခြား အဖွဲ့တစ်ခုက အိန္ဒိယအမျိုးသား တစ်ယောက်နဲ့ တစ်ပတ်ကို တစ်ခါ နှစ်ခါလောက် သွားစားဖြစ်တယ်။ သူကလည်း နိုင်ငံရေး စိတ်ပါတော့ သူနဲ့ နေ့လည်စာ အတူစားကြတဲ့အခါ စားရင်းသောက်ရင်း နိုင်ငံရေး အကြောင်းတွေ၊ ကမ္ဘာ့ရေးရာတွေချည်း ပြောနေမိတာပဲ များတယ်။
ကျွန်တော်တို့ အဖွဲ့မှာ ရှိတာမှ လူ ၇ ယောက်ထဲကို အိန္ဒိယအုပ်စု ၊ စလုံးအုပ်စုနဲ့ ကျွန်တော် တစ်ယောက်တည်း မြန်မာ ဆိုပြီး သုံးစု ကွဲသလို ဖြစ်လာတယ်။ အိန္ဒိယအမျိုးသား နှစ်ယောက်ကလည်း အားအားရှိ ဆေးလိပ်ဆင်းသောက်မယ် ဆိုတာချည်းပဲ။ ကျွန်တော့်မှာ ဆေးလိပ်လည်း မသောက်တတ် နေ့လည်စာလည်း အတူ ထွက်မစားဖြစ်ကြတော့ အလုပ်ကိစ္စက လွဲရင် စကားအပို မပြောဖြစ်တော့ဘူး။ တခါတခါ အလုပ်ပါးတဲ့ ရက်၊ ရေးထားတဲ့ ပရိုဂရမ်တွေကို User တွေ အဆင်ပြေမပြေ စစ်နေတုန်း စောင့်နေရတဲ့ရက်တွေမှာဆို မနက် ရုံးလာ၊ သတင်းဖတ်၊ အီးဘွတ်ခ်လေး ဘာလေးဖတ်၊ နေ့လည်စာ တစ်ယောက်တည်း သွားစား၊ ဘလော့ဂ်တွေ ဖတ်၊ ဘလော့ဂ်ရေး၊ ကွန်ပျူတာနဲ့ ပတ်သက်တာလေးတွေ လေ့လာစရာ ရှိတာ လေ့လာ၊ ညနေ အိမ်ပြန်နဲ့ တစ်နေ့လုံး ဘယ်သူနဲ့မှ စကားတစ်ခွန်းတောင် မပြောဖြစ်ဘူး။ ပရောဂျတ် မန်နေဂျာကလည်း လုပ်စရာရှိရင် အီးမေးလ် ပို့ထားသေးတယ်။ အဲဒီ အီးမေးလ်ကို မစစ်မိရင် သူခိုင်းထားတာကို မလုပ်သေးဘူးလား ဘာလုပ်နေလဲ ဆိုပြီး ရစ်ဦးမယ်။ အမှန်က သူထိုင်တဲ့ နေရာနဲ့ ကျွန်တော် ထိုင်တဲ့ နေရာက ၁ ကိုက်လောက်ပဲ ကွာမယ်။ အဲဒါကို လှမ်းပြောရင် ရသားနဲ့ မပြောဘူး။ ဒီအလုပ်မှာ လုပ်ရတာ အတော့်ကို စိတ်ပျက်မိတယ်။
အဲဒီလို စည်းအပြင်ကို ရောက်နေသလို ခံစားမိစေတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိသေးတယ်။ အလုပ်ဝင်ပြီး ၄ လ လောက်အကြာမှာ ကျွန်တော့် မွေးနေ့ ရောက်လာပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ တစ်ယောက်ယောက် မွေးနေ့ရှိတယ် ဆိုရင် မွေးနေ့ကတ်တစ်ခု အပေါ်မှာ အားလုံး ဆုတောင်းတွေ ရေး နာမည်တွေ ထိုးနဲ့ လုပ်လေ့ ရှိတယ်။ မှတ်မှတ်ရရ ကျွန်တော့်လိုပဲ အောက်တိုဘာထဲမှာ မွေးတဲ့သူ နှစ်ယောက်အတွက် ဆုတောင်း ရေးခိုင်းလို့ ရေးပေးခဲ့ရသေးတယ်။ သူများတွေအတွက် ဆုတောင်းတွေ ကတ်ပေါ်မှာ ရေးပေးခဲ့ရပေမယ့် ကျွန်တော့် မွေးနေ့မှာ ဘာတစ်ခုမှ မရခဲ့ဘူး။ ဘာလဲ။ ကန်ထရိုက်နဲ့ လုပ်တဲ့ လူမို့ ဒီလို လုပ်တာလား။ ဒီကတ်လေး တစ်ခု ပိုသုံးလိုက်လို့ သူတို့ ဘယ်လောက်များ ကုန်ကျသွားမလဲ။ စိတ်ထဲမှာတော့ ဒဏ်ရာ ခပ်ပြင်းပြင်း တစ်ခု ရလိုက်တယ်။ ဘာမှတော့ မပြောဖြစ်ဘူး။
အလုပ်မှာက အပတ်စဉ် ကြာသပတေးနေ့တိုင်း မနက် ၉ နာရီမှာ အဖွဲ့အစည်းအဝေးလုပ်တယ်။ အဖွဲ့ရဲ့ နည်းပညာပိုင်း ခေါင်းဆောင်က အလုပ်ကို အမြဲ နောက်ကျမှ လာတတ်တယ်။ ကြာသပတေးနေ့ လုပ်တဲ့ အစည်းအဝေးတွေမှာ တခြားသူတွေ အထူးသဖြင့် စလုံးတွေ မရောက်သေးရင် ၉ နာရီမှာ မစဘူး။ သူတို့ ရောက်မှ စတယ်။ နည်းပညာပိုင်း ခေါင်းဆောင် အိန္ဒိယအမျိုးသား နောက်ကျတဲ့အခါ ပရောဂျတ် မန်နေဂျာက မသိချင်ယောင်ဆောင်နေတယ်။ အဲ.. ကျွန်တော်များ နောက်ကျလို့ကတော့ အစည်းအဝေး မပြီးခင်မှာ "အခုတလော တချို့အဖွဲ့သားတွေ အလုပ်ကို နောက်ကျမှ လာတယ်။ အလုပ်ချိန်က ၈ နာရီခွဲ ဖြစ်လို့ အားလုံး အချိန်မီ ရောက်အောင် လာကြပါ" ဘာညာနဲ့ စောင်းမြောင်းပြီး ပြောတော့တာပဲ။ တခါကတော့ အမြင်ကတ်လို့ တစ်ပတ်လုံး ၈ နာရီခွဲ အတိ ရုံးရောက်အောင် သွားပစ်လိုက်တယ်။ ဘယ်သူမှဖြင့် မရောက်သေးဘဲနဲ့။ ပရောဂျတ် မန်နေဂျာက ၈ နာရီ ၄၀ .. ၄၅ မိနစ်လောက်မှ လာတယ်။ သူ မရောက်ခင် ကျွန်တော် ရောက်နေတာ သိသားပဲ။ ဒါပေမယ့် ဘာမှ အသိအမှတ်ပြုတာမျိုး မလုပ်ဘူး။ ရတယ်လေ။ အဲဒီ နောက်ပိုင်း ကျွန်တော် ရုံးကို ကြာသပတေးနေ့က လွဲရင် အရင်ကအတိုင်းပဲ ၉ နာရီနဲ့ ၉ နာရီခွဲကြားပဲ ရောက်အောင် သွားတော့တယ်။ မကျေနပ်ဘူးလား။ မတတ်နိုင်ဘူး။ ဆောရီးပါပဲ။
အခု ပရောဂျတ် မန်နေဂျာ လက်အောက်မှာ လုပ်နေရတာ အာဏာရှင်လက်အောက်မှာ နေ နေရသလိုပဲ။ ဘယ်လိုလုပ်လုပ် အလုပ်ထဲ မပျော်ဘူး။ သူ ရုံးမလာတဲ့ နေ့ရက်မျိုး၊ သင်တန်းသွားတက်နေရတဲ့ နေ့ရက်မျိုးဆို တစ်ဖွဲ့လုံး ဖရီးရိုက်တော့တာပဲ။ စိတ်လည်း အတော်လေး ပေါ့ပါးတယ်။ ဒီ ပရောဂျတ် မန်နေဂျာရဲ့ ပြဿနာက မချီးကျူးတတ်တာပဲ။ ဘယ်လောက်ခက်ခဲတာ ဖြစ်ဖြစ် ဖြေရှင်းပေးလိုက်တဲ့အခါ သြော်.. အင်း အင်းနဲ့ မသိချင်ယောင်ဆောင်တတ်တယ်။ အမှားများ လုပ်မိလို့ကတော့ ပြောမဆုံးတော့ဘူး။ ပြီးခဲ့တဲ့ လကလည်း ကျွန်တော့်ကို တာဝန်ပေးထားတဲ့ အလုပ်အပြင် တစ်ဖွဲ့လုံးက ရေးထားတဲ့ PL/SQL Script တွေကို ဆာဗာပေါ် မပြောင်းခင် စစ်ပေးပြီး ဘယ်မှာ မှားနေသလဲ ဆိုတာ ပြပေးတဲ့ Utility တစ်ခုကို ကျွန်တော် ထပ်ရေးရတယ်။ ခပ်လွယ်လွယ် မဟုတ်ဘူး။ အတော်လေး အားစိုက် ရေးခဲ့ရတယ်။ ဒါပေမယ့် ဘာမှ appreciate မလုပ်လာဘူး။ လုပ်စရာ အလုပ်တစ်ခုကို လုပ်တာ ဘာမှ ချီးမွမ်းစရာ မလိုဘူးထင်နေလား မပြောတတ်ဘူး။ ဟိုဟာလေး ထည့်ရင် ပိုကောင်းမယ် .. ဒီဟာလေး ထပ်လုပ်နိုင်ရင် ပိုကောင်းမယ် လုပ်သေးတာ။ တခြား အလုပ်တွေ ပိနေတဲ့ မလုပ်နိုင်သယောင် မသိချင်ယောင်ဘဲ ဆောင်နေလိုက်တယ်။ လုပ်ပေးလည်း ဘာထူးဦးမှာလဲ။ လခရလို့ အလုပ် လုပ်နေတယ် ဆိုတာ မှန်ပေမယ့် စေတနာ မပါအောင် လုပ်တာ ကျွန်တော်မှ မဟုတ်ဘဲလေ။
အလုပ် ကန်ထရိုက် ၆လ ပြည့်ခါနီးတော့ မေးတယ်။ ငါ့ကို ထပ်တိုးမှာလား။ ဘယ်တော့ အမြဲတမ်းဝန်ထမ်း ပြောင်းပေးမလဲဆိုတော့ ပရိုဂရမ်မန်နေဂျာက နောက်ထပ် ၆ လ ထပ်တိုးပြီး ကြည့်တာပေါ့တဲ့။ ၁ နှစ် မပြည့်သေးဘဲ အမြဲတမ်းဝန်ထမ်း မပြောင်းချင်သေးဘူးဆိုတော့ အိုကေပေါ့။ တစ်နှစ်ပြည့်အောင်တော့ လုပ်လိုက်ဦးမယ် ဆိုပြီး ၆လ ထပ်တိုး လိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ အတူ အလုပ်လုပ်တဲ့ အိန္ဒိယအမျိုးသမီးက အမြဲတမ်းဝန်ထမ်း ဖြစ်သွားပြီ။ ဆိုတော့ ကျွန်တော် တစ်ဖွဲ့လုံးမှာ ကျွန်တော် တစ်ယောက်တည်း ကန်ထရိုက်နဲ့ လုပ်တဲ့သူပေါ့။ စည်းအပြင်မှာ ရောက်နေတာ သေချာနေပြီပေါ့လေ။ ကျွန်တော့် နောက် ၂ လ လောက် နောက်ကျပြီး အလုပ်ဝင်တဲ့ စလုံး အမျိုးသမီးကိုတော့ ဘယ်အချိန်က အမြဲတမ်း ၀န်ထမ်း ပြောင်းပေးလိုက်မှန်းတောင် မသိပါဘူး။ အဟား.. Foreign Talent ဆိုတော့ စိတ်က မလျော့သေးဘူး။ ကျွန်တော့်အလှည့်တော့ စောင့်ရဦးမှာပေါ့လေ။ အဲ.. ၁ နှစ် ပြည့်ပြန်တော့လည်း အမြဲတမ်းဝန်ထမ်း မပြောင်းသေးပြန်ဘူးတဲ့။ နောက်ထပ် ၆ လ ပဲ ထပ်တိုးမယ် လုပ်လာပြန်ရော။ ဒီတခါတော့ ပရောဂျတ်မန်နေဂျာရဲ့ စနက်ဆိုတော အတော်လေး သေချာသလောက် ရှိသွားပြီ။ သူ အကောင်းမပြောပေးလို့ကတော့ ပရိုဂရမ်မန်နေဂျာက ဘယ်လုပ်ပေးလိမ့်မလဲ။ အဲဒါနဲ့ အေးဂျင့်ကို အမြဲတမ်းဝန်ထမ်း ပြောင်းမပေးသေးတဲ့အတွက် လခ တိုးမပေးရင် ထွက်တော့မယ် ဘာညာ လုပ်တော့မှ လခ ၅ ရာခိုင်နှုန်းတိုးတယ်။ ဟူး.. တကယ့်ကို မလွယ်ဘူး။ ထွက်မယ်။ ကန်ထရိုက် သက်တမ်းပြည့်ဖို့ကလည်း မကြာတော့ပါဘူး။ ၃ လ လောက်ပေါ့။ ဇန်န၀ါရီ ၁၀ ရက်ဆိုရင် ကန်ထရိုက်သက်တမ်းလည်း ပြည့် ကန်ထရိုက်ပြီးအောင် လုပ်တဲ့ ဘောနပ်စ်လေးယူပြီး အမြန်ဆုံး စလုံးက ခွာနိုင်အောင် ကြိုးစားတော့မယ်။ ဒီနေ့ဟာ မနေ့ကထက်တော့ တစ်ရက် ပိုနီးလာတာပဲလေ။
အောက်တိုဘာရောက်လာပြန်ပြီဆိုတော့ မနေ့ကပဲ မွေးနေ့ကတ် နှစ်ခုမှာ ဆုတောင်း ရေးပေးလိုက်တယ်။ မကြာခင် ရောက်တော့မယ့် ကျွန်တော့် မွေးနေ့အတွက်ရော ဒီတစ်နှစ်မှာတော့ ပေးလိမ့်မယ် ထင်သလား။ အဟား .. မစဉ်းစားတာဘဲ ကောင်းပါတယ်။ စည်းအပြင်မှာပဲ တိတ်တိတ်လေး ဘလော့ဂ်ရေးနေလိုက်တယ်။
မှောင်ရတဲ့ကြားထဲ
စိတ်ဓာတ်တွေက
ခရမ်းရင့်ရင့် အေးခဲ
ခွေးဟောင်သံတွေ တိတ်အောင်စောင့်လိုက်ရတာ
စည်းအပြင်ကကောင်အတွက်
ခုထိ .. အလင်းဆိုတဲ့ အရောင် မလက်သေးဘူး။
နောက်ကို လည်ပြန်ကြည့်မိတိုင်း
ကိုယ့်ခြေရာတွေက ရုပ်ရှင်ထဲကလို
အဖြူအမည်းနဲ့ နောက်ကြောင်းပြန်တယ်
စိတ်မကောင်းပါဘူး ခုလို ကြားရတာ ၀မ်းသာပါတယ်
ကွယ်.. ဘ၀ဆိုတာ လမ်းတဲ့လား
ခြေသံပြင်းပြင်းထွက်အောင် နင်းလျှောက်ခဲ့တယ်
အသံတိတ် ဖိနပ်ကို စီးရင်း။
ခေလွန်း
ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 12:19 PM 14 comments
ကဏ္ဍ - Blogger, Essays, Experience, My Poems, Poems, Singapore