Nov 3, 2007

ဒီကျောင်းဝင်းထဲမှာ

ကျွန်တော့်အမေ ကျောင်းတက်ဖူးခဲ့တဲ့ ကျောင်းရဲ့ နှစ်တစ်ရာပြည့်ပွဲအတွက် ကဗျာတစ်ပုဒ်ရေးပေးဖို့ အမေက အပ်ထားတာတော့ ကြာပါပြီ။ ဧပြီလ ရန်ကုန်ပြန်ကတည်းက ရေးခိုင်းထားတာ ဒီနေ့မှပဲ ရေးဖြစ်ပါတော့တယ်။ အဓိက ကတော့ ဘာရေးရမှန်း မသိတာကြောင့်ပါ။ ကိုယ်တိုင် တက်ခဲ့တဲ့ ကျောင်းလည်း မဟုတ်တော့ ဘာမှ အမှတ်တရ မရှိတာကြောင့်လည်းပါပါတယ်။ ဘာပဲဖြစ်ဖြစ် လုပ်ပေးမယ်ပြောထားတဲ့ အကြွေးတစ်ခု ဆပ်ပြီးသွားတဲ့အတွက် ၀မ်းသာပါတယ်။ ဒီရက်ပိုင်းတော့ စေတနာသက်သက်နဲ့ ရေးပေးနေတဲ့ ဆော့ဝဲလ်ပရောဂျက်တစ်ခုနဲ့ အလုပ်များနေမှာဖြစ်လို့ ဘလော့ခ်ကို အရင်လို ပုံမှန်ရေးဖြစ်ဦးမှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀အတွက် အရေးကြီးတဲ့ နေ့စွဲတစ်ခုဖြစ်တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ အရင်က ရေးဖူးတဲ့ ကဗျာတစ်ပုဒ်ကို တင်ဖို့ စိတ်ကူးထားပါတယ်။ အခုလောလောဆယ်တော့ “ဒီကျောင်းဝင်းထဲမှာ” ကဗျာကိုပဲ တင်ပေးထားပါတယ်။

“ဒီကျောင်းဝင်းထဲမှာ”

ဒီကျောင်းဝင်းထဲမှာ
အသားအရောင်မခွဲခြားဘူး
ဘာသာတရားမခွဲခြားဘူး
အဆင့်အတန်းမခွဲခြားဘူး
အဖြူအစိမ်းဆင်တူဝတ်
ခေတ်တစ်ခေတ်စီအတွက်
အနာဂတ်မျိုးဆက် မပြတ်ဖို့
မျှော်လင့်ချက် တပုံတပင်နဲ့
မင်းတို့ငါတို့ စာသင်ခဲ့ကြတယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
ငါတို့လိုပဲ အဖြူအစိမ်းတွေ အမြဲဝတ်
ဝါသနာ၊ စေတနာ၊ အနစ်နာ
နာသုံးနာနဲ့ သင်ပြခဲ့တဲ့ အနန္တဂိုဏ်းဝင်ဆရာ၊ဆရာမတွေ
သို့မဟုတ်
စုန်ရေသက်သက် စီးဆင်းရင်း ကျန်ရစ်ခဲ့တဲ့ မြစ်တွေ
မင်းတို့ငါတို့ အောင်မြင်မှုတွေကို ဂုဏ်ယူနေရှာမယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
မင်းတို့ငါတို့ ခြေရာတွေရှိတယ်
မင်းတို့ငါတို့ စာအံသံတွေရှိတယ်
မင်းတို့ငါတို့ ဆော့ကစားသံတွေရှိတယ်
မင်းတို့ငါတို့ ကမ္ဘာမကြေရွတ်သံတွေရှိတယ်
မင်းတို့ငါတို့ကို စာသင်ပြခဲ့တဲ့ ဆရာ၊ဆရာမတွေရှိတယ်
ဒီကျောင်းဝင်းထဲမှာလေ.. ။

ဒီကျောင်းဝင်းထဲမှာ
နှစ်တစ်ရာပြည့်မွေးနေ့ပွဲလုပ်တဲ့အခါ
မင်းတို့ငါတို့ မျက်နှာဖုံးတွေခွာချပြီး
အရင်လို မခွဲမခြားဘဲ တသားတည်းပျော်ချင်တယ် သူငယ်ချင်း
ဒီကျောင်းဝင်းထဲမှာလေ.. ။

ခေလွန်း
နိုဝင်ဘာ ၃ ရက်၊ ၂၀၀၇

4 comments:

Kaung Kin Ko said...

ကဗျာလေး အရမ်းကြိုက်တယ်ဗျို့ ။

Nay Nay Naing said...

ကိုညီညီ ... ၂၈ ရက်နေ့ မှာ တင်မယ့်ဆိုတဲ့ ကဗျာကို ဖတ်ဖို့  စောင့်နေပါတယ်။ ;)

ညီညီ(သံလွင်) said...

ကောင်းကင်ကို > ကဗျာကို ကြိုက်တယ်ဆိုလို့ ကျေးဇူးပါ

n3 > ကဗျာဖတ်ဖို့ စောင့်ခိုင်းထားရတာ အားနာတယ်။ ခုပဲ တင်ထားလိုက်ပြီ :)

Anonymous said...

anything about bot5?