Jun 30, 2007

လမ်းလျှောက်တတ်တဲ့အိပ်မက်

ပင်လယ်လေနံ့သင်းနေသော လေက မှိတ်ထားသော မျက်လုံးအစုံကို တစ်ချက်တစ်ချက် အမှတ်မထင် တိုးဝှေ့နှုတ်ဆက်သွားသည်။ သင်းပျံ့ပျံ့စကားပန်း တစ်ပွင့်၏ ခပ်မှန်မှန်အသက်ရှူသံကို ပခုံးထက်ဆီမှ ကြားနေရသည်။ ပုန်းကွယ်လုဆဲဆဲ ညနေခင်းအရောင်များသည် ချစ်သူနှစ်ဦးကို ငေးမောရင်း တဖြည်းဖြည်း ပျောက်ကွယ်တော့မည်။ ကဗျာတစ်ပုဒ်ကို စိတ်ထဲမှာ ရေးနေမိသည်။ စကားလုံး တစ်လုံးမှ မပါသည့် ကဗျာတစ်ပုဒ်။ ဘာရယ်မဟုတ်ဘဲ တလောက ရေးဖြစ်သည့် အရောင်များဖြင့် ဖွဲ့စည်းထားသောကဗျာကို သတိရမိသည်။ အပူရှိန်ကဲလွန်းသော ရာသီဥတုကို နေရင်းထိုင်ရင်း မကျေမနပ်ဖြစ်မိသည်။ ခုအတိုင်းဆိုရင် ကမ္ဘာကြီးပူနွေးလာသည့်အကြောင်း လျစ်လျူရှုထားလို့ မဖြစ်တော့။ တကယ်တော့ တခါတခါ စိတ်ထင်ရာလုပ်တတ်သော အကျင့်ဆိုးကို မချင့်မရဲဖြစ်မိနေခြင်းသာ ဖြစ်သည်။ ရေတွေ အဆက်မပြတ် ပါးစပ်မှ ပန်းထွက်နေသော Merlion ရုပ်တုကို အဝေးမှ ငေးရင်း အမှောင်ကို အသံတိတ် ကြိုဆိုလိုက်သည်။ အမှောင်ခေတ်ထဲ လမ်းပျောက်နေတဲ့ သုညတစ်လုံးဖြစ်နေမှန်း ကိုယ့်ကိုယ်ကို သတိထားမိတာတော့ ကြာပြီ။ ဒီ မီးမှန်ရေမှန် စက်ရုပ်ဆန်ဆန်မြို့ပျက်ကြီးထဲမှာ အိပ်ပျော်နေတဲ့ တာရာမင်းဝေရဲ့ ဗျတ်စောင်းလေး တစ်လက်ရှိသည်။ အရည်ပျော်ကျနေတဲ့ ဒါလီရဲ့ နာရီ ပန်းချီကားလို စက္ကန့်တွေဟာ တစ်စက်ပြီးတစ်စက် အရည်ပျော်ကျသွားသည်။

လေထဲမှာ မိုးနံ့တွေ ပါလာပြီ။ ဒါဆို မကြာခင် မိုးရွာတော့မယ် ထင်ပါရဲ့။ ရွာမယ်ဆိုလည်း သည်းသည်းမည်းမည်းသာ ရွာချလိုက်တော့။ အနားမှာ ချစ်သူရှိနေမှပဲ အချိန်တွေက အရည်ပျော်တာ မြန်နေပြန်ရော။ စကားလုံး မပါတဲ့ ကဗျာတစ်ပုဒ်ကို ကြိုးစားပမ်းစား ရေးဖွဲ့နေတုန်း ဗြုန်းကနဲ မိုးစက်တွေ ကဆုန်စိုင်း ပြေးဆင်းလာသဖြင့် ထိုမိုးစက်များက အိပ်မောကျနေတဲ့ ချစ်သူကို ပုတ်နိုးလိုက်သည်ထင်၏။ အဆက်မပြတ်ကျနေသော မိုးစက်များအကြားတွင် ချစ်သူက သူ့အိပ်မက် အကြောင်းကို မမောတမ်း ပြောပြနေသည်။ မိုးတွေက မစဲတော့။

မိုးသည်းသည်းထဲ အိမ်က လာကြိုသော ကားဆီရောက်အောင် ခြေကုန်သုတ်ပြေးခဲ့ရသော ကျောင်းသားဘ၀ကို သတိရသည်။ ဘေးခုံမှာ ထိုင်ပြီး စကားလာလာများတတ်သော သူငယ်ချင်းကိုဖြိုးနှင့် ရေခဲတုံးလို ငြိမ်ငြိမ်လေးနေတတ်သည့် အဘိုးကြီးဟု နာမည်ပြောင်ပေးထားသော သူငယ်ချင်းကို သတိရသည်။ ဆွယ်တာအင်္ကျီလေး ကျောင်းကို ၀တ်ဝတ်လာတတ်သော အတန်းထဲမှ ကောင်မလေး(သို့မဟုတ်) ကဗျာလေးကို သတိရသည်။ ထိုကောင်မလေး၏ အပြုံးသည် သူမ၏ အပြုံးနှင့် တစ်ထေရာတည်း တူသည့်အကြောင်း ပြောပြဖြစ်သည်။ ထိုကောင်မလေးကို မပေးဖြစ်သည့် အထက်တန်းကျောင်းသားဘ၀က ကဗျာတွေ ချစ်သူကို ပေးဖတ်ဖူးသည်။ ထိုကောင်မလေး သိပင် မသိလိုက်သော အတန်းဖော်ကောင်လေး အကြောင်း၊ မှော်မျက်လှည့်ဆန်ဆန် ဖြတ်သန်းခဲ့ရသော လမ်းတွေအကြောင်း၊ စာသင်နေတုန်း ခိုးခိုးကြည့်တတ်သည့် ကောင်လေးတစ်ယောက်အကြောင်း၊ ကောင်လေး ရီဝေတိမ်းမူးခဲ့ရသော ကောင်မလေး၏ အပြုံးများဖြင့် ရောစပ်ထားသော စာသင်ရက်များအကြောင်း ပြောပြလျှင် ချစ်သူက ပြုံးပြုံးလေး နားထောင်တတ်သည်။ လွန်ခဲ့သော ဆယ်နှစ်က သူမသည် ထိုကောင်မလေးဖြစ်ပြီး ကောင်လေးကတော့ သူမ၏ကဗျာဆရာ ဖြစ်ကြောင်း ပြောပြဖို့ လိုမည် မထင်ပါ။

မိုးက ထုံးစံအတိုင်း မရပ်မနားဘဲ ရွာစရာ မကျန်လောက်တော့အောင် ရွာချနေသည်။ မိုးရေများ စိုစိုရွှဲနေသော ချစ်သူနှစ်ဦးသည် မှိန်ပျပျလမ်းလေးအတိုင်း လက်တွဲပြီး ဖြည်းဖြည်းချင်း လျှောက်နေသည်။ လက်ချောင်းများ ယှက်ပြီး တစ်ယောက်လက်ကို တစ်ယောက် ချိတ်လျက် မမောတမ်း လျှောက်နေသည်။ အဝေးဆီမှ ရောင်နီများ မကြာခင် မြင်ရတော့မည်ဟု မျှော်လင့်ရင်း လျှောက်နေသည်။ အိပ်မက်တွေထဲ လျှောက်နေသည်။ မဖြစ်နိုင်ဘူးဆိုတဲ့ စကားတွေထဲ လျှောက်နေသည်။ နှစ်ကိုယ်ကောင်းဆန်ဆန် ယုံကြည်မှုတွေထဲ လျှောက်နေသည်။ ဆုတောင်းကိုယ်စီနဲ့ လျှောက်နေသည်။ မဆုံးတမ်းလျှောက်နေသည်။ ခရီးများ အဆုံးအထိ... ။ ။

Read More...

Jun 28, 2007

လွတ်ကျခဲ့သောမြို့တော်မှ မြို့စားကြီးနေဘုန်းလတ်၏ မွေးနေ့ပွဲ

လွတ်ကျခဲ့သောမြို့တော်မှ မြို့စားကြီးနေဘုန်းလတ်၏ မွေးနေ့ပွဲကို ယနေ့ ဇွန်လ ၂၈ရက်နေ့က ဂျီတော့ခ်တွင် ကျင်းပခဲ့ရာ တက်ရောက်အားပေး ချီးမြှင့်ကြသူများကို မှောက်ကျခဲ့သော ကော်ဖီများ တစ်ခွက်စီ တိုက်ခဲ့ကြောင်း၊ ထို့အပြင် ဘလော့ဂ်ကို လည်ရောက်လည်ပတ်ကြသူများကို ကဗျာတစ်ပုဒ်ရွတ်ပြခဲ့ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ရရှိသည်။ ဆက်လက် စုံစမ်းရာတွင် မြို့စားကြီးနေဘုန်းလတ်၏ သူငယ်ချင်း အန္တရာယ်ဇုံတွင် နေထိုင်သူ ခင်မင်တတ်သော ဇင်ကိုလတ်မှ လတ်ပုံတူခြင်း အကြောင်းစုံကို ရှင်းလင်းကာ Birthday Wish လုပ်ခဲ့ကြောင်း၊ ဘလော့ဂ်များအကြားတွင် အိုအေစစ်ပိုင်ရှင် (သူဋ္ဌေးအိုနာစစ်နှင့် အမျိုးတော် မတော်မသိပါ) မောင်ပွတ် (ခ) Mr. Pooh မှလည်း စားချင်စဖွယ်မွေးနေ့ကိတ်ကြီးဖြင့် မြို့စားကြီးအတွက် မွေးနေ့လက်ဆောင် ပို့စ်တစ်ခု ရေးကာ Birthday Wish လုပ်ခဲ့ကြောင်း ဘလော့တိုင်း ဂျာနယ် အတွက် ဖောင်ပိတ်သတင်း အနေဖြင့် ရရှိသည်ဟု သိရပါသည်။


censored on 29th Jan, 2008

ယခုပုံမှာ တိုက်ဂါးဖလားတွင် မြန်မာအသင်းဖက်မှ တခဲနက်ထောက်ခံအားပေးနေသော နေဘုန်းလတ်၏ ရှားပါး ပုံ တစ်ပုံဖြစ်ပြီး ဂျီတော့ခ်မှတဆင့် ဇင်ကိုလတ်ပေးပို့သည်။


မြို့စားကြီးနေဘုန်းလတ် အောင်မြင်မှုမှတ်တိုင်များကို ဒီထက်မက စိုက်ထူနိုင်ပါစေ။

Read More...

Jun 25, 2007

နားလည်မှုလွဲခြင်း

နားလည်မှုလွဲမှားခြင်းကြောင့် ပို့စ်တစ်ခုကို မနက်က ရေးဖြစ်သည်။ ယခုတော့ ကာယကံရှင်ကိုယ်တိုင်မှ ကျေနပ်အောင် တောင်းပန်လာသဖြင့် ထိုပို့စ်ကို ကျွန်တော် ပြန်လည်ရုပ်သိမ်းလိုက်ပါသည်။ အမှန်ကတော့ ကျွန်တော်သည် အားနာတတ်သူတစ်ယောက်ဖြစ်သဖြင့် ယခုလို တောင်းပန်လာချိန်တွင် ကျွန်တော်၏ တုံ့ပြန်သောအရေးအသားအတွက် အထူးပင် အားနာမိပါသည်။ အမှန်တရားဘက်မှ ရပ်တည်တတ်သည့် မိမိအမှားကို မှားကြောင်းဝန်ခံတတ်သည့်သူတစ်ယောက်ကို ကျွန်တော် လေးစားပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်တွင် သူငယ်ချင်းအသစ်တစ်ယောက် တိုးလာသည်ဟု ခံယူပါသည်။ နားလည်မှုလွဲမှားခြင်းကြောင့် လူအချင်းချင်း စည်းတစ်ဘက်ခြားကာ ဆက်ဆံမိစေသလို နားလည်မှုတစ်ရပ်တည်ဆောက်နိုင်ခြင်းကြောင့် မိတ်ဆွေများ တိုးပွားစေသည်ဟုလည်း ယုံကြည်ပါသည်။

Read More...

တယ်လီဖုန်း

“တယ်လီဖုန်း”

“ချစ်တယ်” လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး...။

ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ။
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့...။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် သံသယဖြစ်နေကြတာလဲ။
“ယုံကြည်ပါ” လို့ ပြောစရာမလိုလောက်အောင် ယုံကြည်ထားခဲ့ရဲ့သားနဲ့...။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် ဒေါသတွေဖြစ်နေကြတာလဲ။
တို့နှစ်ယောက်ရဲ့ အချစ်ဟာ ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်...။

ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က စောင့်ကြည့်အကဲခတ်နေကြပုံမျိုး။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်...။

မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောမယ်။
“ချစ်တယ်” ဆိုတဲ့ စကားကို မကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့...။

အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကိုပိတ်ထားရင်
ဘာမှ အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့ ဘာထူးတော့မှာလဲ...။

(မင်းခိုက်စိုးစန်)

Read More...

Jun 24, 2007

အမေ



“အမေ”

အဲဒီလို
လွတ်လပ်စွာ လှောင်ပိတ်မိချိန်မျိုးမှာ
ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသမျှ
အမေ့ကို သတိရတဲ့အကြောင်း
မျက်ရည်တွေနဲ့ စာလုံးပေါင်းပြမယ်
ကျွန်တော့်ရှေ့က ကွန်ပျူတာဖန်သားပြင်ဟာ
တစ်ကမ္ဘာလုံးကို အပေါ်စီးက ကြည့်နိုင်ပေမယ့်
အမေ့အိမ် မပါနိုင်ခဲ့တာ သား ရင်နာတယ်
အမေရယ်
အင်တာနက်ဆိုပေမယ့်
အမေ့လို မကြင်နာတတ်ဘူး
ကျွန်တော်ကတော့ ကူးလို့ခတ်လို့
ရောက်လိုရောက်ငြား
အိပ်မက်ချိုခါးတွေ တပွေ့တပိုက်နဲ့ပေါ့ အမေ
ပထမဆုံး လှေကားတစ်ထစ်အတွက်
သုံးနှစ်တိတိ ဖြတ်ရမတဲ့
ကျွန်တော့်ရင်ထဲက ငိုမဲ့မဲ့မျက်နှာဟာ
အမေ့ကို တမ်းတနေပါတယ်
ကျွန်တော် အကြိမ်ကြိမ်ခူးစားခဲ့ပေမယ့်
အရသာမခံစားတတ်ခဲ့မိတာ ခွင့်လွှတ်ပါ အမေ
အခုအချိန်ဆို
ဘယ်လိုပဲ ဝေေ၀
ကျွန်တော် အမေ့အနား နေခွင့်မရတော့ဘူး
အမေ့ဆီကစာ အကြိမ်ကြိမ်ဖတ်ရင်း
အမေ့ကို ပြင်းပြင်းရှရှရှူသွင်း
(ဒီလိုနဲ့ပဲ ... )
ကျွန်တော့် အဆုတ်ဟာ သန့်ရှင်းခဲ့ပေါ့ အမေ
တစ်ခါတစ်ခါ
ကျွန်တော်က သီချင်းဆို
ဂစ်တာက ငိုနဲ့
ကောင်းကင်တစ်ခုလုံး ပြိုကျမတတ် မှိုင်းညှို့
အမေရယ်
အလွမ်းတွေ ပျို့ပြီး သားအန်ခဲ့မိတာ
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိခဲ့ပါပြီလဲ
အမေ
အမေ
အမေ
အခါခါခေါ်နေမိဆဲ
မိုးကလည်း မစဲသေး.. ။ ။

ခေလွန်း

(၂၀၀၁ ဧပြီလတွင် စင်္ကာပူ နန်ယန်းပေါ်လီမှ ထုတ်ဝေခဲ့သော ခြေရာ ၂၁ အွန်လိုင်း မဂ္ဂဇင်းမှ)

Read More...

Jun 21, 2007

နင် ငါ့အနားကို ရောက်လာတယ်

“နင် ငါ့အနားကို ရောက်လာတယ်”

လွမ်းနေတဲ့ရာစုတွေ ထားခဲ့ပြီ
ဘ၀ရထား ဥသြတစ်ချက်အဆွဲမှာ
ငါ့လက်ကို မြဲမြဲတွဲ
ကောင်းကင်ထဲထိုးခွဲပျံကြမယ်...။

ဘ၀ဆိုတာ တိုက်ပွဲတဲ့
အလဲလဲအကွဲကွဲငါ့အနားကို
အပြုံးချိုချိုတွေ စစ်ကူပေးရင်း
နင်
ငါ့အနားကို
ရောက်လာတယ်... ။

စစ်သူရဲတစ်ယောက်ရဲ့ ဓားအိမ်မှာ
ချိတ်ဆွဲထားတဲ့ ပန်းတစ်ပွင့်လိုမျိုး
အနှောင်အဖွဲ့ကင်းကင်း
မျှော်လင့်ခြင်း တစုံတရာမပါဘဲ
အရှုံးအနိုင်မရေရာတဲ့တိုက်ပွဲမှာ
နင်
ငါ့အနားကို
ရောက်လာတယ်... ။

မလွယ်မှန်းသိလျက်နဲ့
စစ်ကြေညာခဲ့တာ
မိုက်ရူးရဲရုံသက်သက် မဟုတ်ခဲ့ကြောင်း
ဘယ်ခုံရုံးကမှ ငါ့ကို ဖြေရှင်းချက်မတောင်းခဲ့ဘူး
ခပ်ကျယ်ကျယ်ဖွင့်ထားတဲ့ အော်တာနေးတစ်ဗ်မြူးဇစ်လို
မောင့်ကိုချစ်တယ်ဆိုတာ တစ်ကြောင်းတည်း အထပ်ထပ်ဆိုရင်း
နင်
ငါ့အနားကို
ရောက်လာတယ်... ။

နာကျင်မှုတွေ ဝေးလွင့်
ကြင်နာမှုတွေ ရောက်နှင့်ပြီလား
နှလုံးသားကို နားစွင့်ကြည့်လိုက်တဲ့အခါ
ငါ မျက်စိမှိတ်ထားပေမယ့် အသေအချာသိလိုက်တယ်
နင်
ငါ့အနားကို
ရောက်လာတယ်... ။

ခေလွန်း
ဇွန်လ ၂၁ရက်၊ ၂၀၀၇။

Read More...

Jun 15, 2007

အရောင်များဖြင့် ဖွဲ့စည်းသော

Read More...

Jun 10, 2007

If we hold on together

Diana Rose ရဲ့ နာမည်ကြီးလှတဲ့ ဒီသီချင်းကို တင်ဇာမော်က “ကြင်နာသူနှစ်ဦးဆုံနိုင်ရင်” ဆိုပြီး ပြန်လည်သီဆိုဖူးပါတယ်။ ဒါကတော့ Original English version အတိုင်း တင်ဇာမော် ဆိုထားတာပါ။

“If we hold on together, I know our dreams will never die”

Listen the song



If We Hold on Together


C F7 F G
Don't lose your way, with each passing day, you've come so far, dont throw it away
Am C Am Em
Live believing, dreams are for weaving
F C G
wonders are waiting to start
Am C Am Em
Live your story, faith, hope and glory
F C G
Hold to the truth in your heart

C Em F G
If we hold on together
C Em F G
I know our dreams will never die
C Em F
dreams see us through to forever
Am F C
Where clouds roll by
Am F C
For you, and I


C F7 F G
Souls in the wind must learn how to bend, seek out a star, hold on to the end
Am C Am Em
Valley, mountain, there is a fountain
F C G
Washes our tears all away
Am C Am Em
Worlds are swaying, someone is praying
F C G
please let us come home to stay


C Em F G
If we hold on together
C Em F G
I know our dreams will never die
C Em F
Dreams see us through to forever
Am F C
Where clouds roll by
Am F C
For you, and I

F (G) Em C
When we are out there in the dark
Dm G C
We'll dream about the sun
D# Dm Bb
In the dark we'll feel the light
G# D G
Warm our hearts, everyone


C Em F G
If we hold on together
C Em F G
I know our dreams will never die
C Em F
Dreams see us through to forever
Am F Am
As high as souls can fly
F Am
Where clouds roll by
G C
For you and I

Read More...

Jun 9, 2007

မနက်ဖြန်မှာ နင်နဲ့ငါ

“မနက်ဖြန်မှာ နင်နဲ့ငါ”

ပထမအရွယ်မှာ
စကားပန်းပွင့်လေး နင့်ကို စတွေ့ခဲ့တယ်
အဲဒီတုန်းက
ကဗျာအပိုင်းအစတွေရေး
နင့်အပြုံးလေးတွေ ငေးမောရင်း
ငါတစ်ယောက်ထဲ မိုးလင်းသွားတဲ့ညတွေရှိဖူးတယ်။

နောက် ၁၀နှစ်အကြာ ..
ဒုတိယအရွယ်မှာ
ငါတို့ တစ်ခါပြန်ဆုံခွင့်ရ
ပန်းစကားအိပ်မက်ညတွေ
ချိုမြိန်လှပတဲ့နေ့စွဲတွေ
နင့်အသံလေးတွေ ကြားယောင်ရင်း
ငါတစ်ယောက်ထဲ မိုးလင်းသွားတဲ့ညတွေရှိဖူးတယ်။

မနက်ဖြန်မှာ
နင်နဲ့ငါ
ကောင်းကင်ပြာကြီးအောက်
နှစ်ယောက်အတူ ထိုင်
ကဗျာဝိုင်တွေပဲ သောက်နေမလား
နှစ်ယောက်အတူ အော်ဟစ်
အချစ်သီချင်းတွေပဲ ဆိုနေမလား
နှစ်ယောက်အတူ ဆုတောင်း
အတောင်ပံတွေညောင်းတဲ့အထိပဲ ပျံနေမလား
ပြီးတော့
နင်နဲ့ငါ
နှစ်ယောက်အတူပဲ လျှောက်နေမလား
ဘ၀ရဲ့ နေရောင်တွေ ပျောက်သွားတဲ့အထိ ... ။ ။

ခေလွန်း

Read More...

Jun 8, 2007

ခြင်ကိုက်ခြင်း

“ခြင်ကိုက်ခြင်း”

တ၀ီဝီနဲ့ကွာ
မှားတယ် တဲ့
မှန်တယ် တဲ့
မှားတယ်ဆိုတာ မှန်ကြောင်း
မှန်တယ်ဆိုတာ မှားကြောင်း
သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း
လူ့သွေးချိုကြောင်း လူတွေအသုံးမကျကြောင်း
ခဏခဏ စာလုံးပေါင်းပြဖို့
ထုံးစံအတိုင်း
ခြင်တစ်ကောင် စာအုပ်လှန်နေတာတွေ့တယ်
စာတစ်ကြောင်းဖတ်လိုက်
သွေးတစ်စက်စုပ်လိုက်
အိုသွေးဆို ဒီခြင်က ပိုကြိုက်တယ်
ငြိမ်ငြိမ်လေးနေတော့ ဒီခြင်က ပိုကိုက်တယ်
လက်ခုပ်သံတွေ မစဲတော့ဘူး
ဆက်ကိုက် ဆက်ကိုက် မရပ်လိုက်နဲ့
ခြင်ကိုက်ခြင်းဟာ ခြင်ရဲ့မွေးရာပါဗီဇဖြစ်တယ်
ခြင်ဟာ ခြင်တစ်ကောင်သာဖြစ်ကြောင်း
လှစ်ကနဲ တစ်ချက်ပျံ ပြလိုက်တယ်
ဆစ်ကနဲ တစ်ချက်ကိုက် ပြလိုက်တယ်
“အား” ကနဲ အော်သံကြားမှ
ခြင်က ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးတော့တယ် ... ။ ။

ခေလွန်း
၂နာရီ ၅၅မိနစ်
ဇွန်လ ၈ ရက်၊ ၂၀၀၇

Read More...

Jun 7, 2007

ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့

စာရေးဆရာမဂျူးရဲ့ “ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့” ဆိုတဲ့ ဇာတ်လမ်းထဲက ကျွန်တော့် ရင်ကို လှုပ်ခတ်စေတဲ့ စကားလုံး တချို့ပါ။ ဟိုး ရေနံချောင်းမြို့တနေရာမှာ ရှိတဲ့ ဖူးစာကုန်းဆိုတဲ့ နေရာလေးမှာ ထိုင်နေတဲ့ တချိန်က သိပ်ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ စိတ်ခံစားမှုတွေကို မြင်ယောင်လာအောင် စူးစူးနစ်နစ် ရေးဖွဲ့ထားပုံဟာ ဖတ်ရှုသူတွေကို လွမ်းမောဖွယ်ဖြစ်စေမှာပါ...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သြော် ကြည့်ပါဦး..။

နင့်ဆံပင်မှာ စကားပွင့်ဖြူဖြူလေးကလဲ အရင်လိုပါပဲလား။ စကားပွင့်လေးကို ငါငေးနေမိတာ အကြာကြီးပဲ။ နင်ကလဲ ငါ့ကို ငေးနေပါတယ်။ နင်ဘာတွေ တွေးနေမလဲ။

ငါ့ပုံစံ ဘာမှ မပြောင်းလဲသေးတာကို နင်တွေးနေမှာပေါ့..။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဟိုတုန်းက ငါကဗျာရေးတာ ပန်းချီဆွဲတာကို နင်မသိဘူးလား။

ဟောဒီ ဖူးစာကုန်းမှာရော..၊ ကျောင်းခန်းထဲမှာရော.. ၊ ကျောင်းဝိုင်းထဲက တမာပင်အောက်မှာရော.. ငါ့လွယ်အိတ်ထဲက ငါ့ကဗျာတွေ ဖတ်ခဲ့တာ နင်မေ့ပြီလား။ ငါ့ပန်းချီတွေကို ကြည့်ခဲ့တာ နင်မေ့ပြီလား။ ဟိုတုန်းကတော့ နင်ပဲ ငါ့ကဗျာတွေကို ငါ့ကို ချစ်သလို ချစ်ပါတယ်ဆို ... ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မငိုနဲ့ အချစ်ရယ်လို့ မျက်ရည်သုတ်ပေးရင်း ချော့ရမလား။ နင့်မျက်နှာပေါ်က ဆံနွယ်စတွေကို လက်နဲ့ အသာအယာဖယ်ပေးရင်း နှစ်သိမ့်ရမလား။ နင့်မေးစေ့လုံးလုံးလေးကို လက်နဲ့ အသာပင့်တင်ရင်း နဖူးလေးကိုပဲ ဖွဖွလေး နမ်းလိုက်ရမလား။ ငါ့မှာ နင့်အငိုကို ချော့ပိုင်ခွင့်ရော ရှိရဲ့လား...။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဝတ္ထုတိုဇာတ်လမ်း အပြည့်အစုံကို ဒီမှာ နှိပ်ပြီး ယူပါ။

Read More...

Jun 4, 2007

တနင်္ဂနွေနေ့မှာ

ကဗျာတစ်ပုဒ်ရေးပေးမယ်လို့ ချစ်သူကို ဒီနေ့ ကတိပေးလိုက်တယ်။ ဒီတော့ ကဗျာတစ်ပုဒ် ချရေးဖြစ်တယ်။ ထုံးစံအတိုင်း စိတ်ထဲ ရှိရာတွေပါပဲ။ စကားလုံးတွေက လက်ရှိစိတ်ခံစားချက်ကို အကုန်မဟုတ်တောင် တ၀က်တပျက်တော့ ပုံဖော်နိုင်မယ် ထင်ပါတယ်...

“တနင်္ဂနွေနေ့မှာ”

ကြားနေကျ ခပ်များများမယုံသင်္ကာစကားလုံးတွေ .. လွှင့်ပစ်ထားခဲ့
အေးခဲလုမတတ်ဖြစ်နေတဲ့ သွေးခွဲချင်သူတွေရဲ့ ခပ်ရိုင်းရိုင်းအမူအကျင့်တွေ .. လွှင့်ပစ်ထားခဲ့
မမီတဲ့ စပျစ်သီးကို ချဉ်တယ် ပြောတတ်တဲ့ ခပ်ပြင်းပြင်းခံတွင်းနံ့ဆိုးတွေ .. လွှင့်ပစ်ထားခဲ့
စတုရန်းနဲ့ စက်ဝိုင်း ထပ်တူမကျကြောင်း အားအားယားယား စာလုံးပေါင်းပြတတ်တဲ့ ခပ်ထူထူအတ္တတွေ .. လွှင့်ပစ်ထားခဲ့
အလိုမတူတိုင်း အလိုမကျ မလိုတမာဖြစ်နေတဲ့ အရူးအနှမ်းတွေ .. လွှင့်ပစ်ထားခဲ့
ဒီ ပုပ်သိုးသိုး ညှီစို့စို့ အမှောင့်ပယောဂတွေအတွက်
တစ်လက်မတောင် လမ်းဖယ်ပေးစရာ မလိုဘူး။

ဟောဒီမှာ ...
ရေကြည်တယ် မြက်နုတယ်
တိမ်ပြာတယ် .. နေသာတယ်
ချစ်သူရေ ..
ငါ့လက်ကို မြဲမြဲဆုပ်ပါ
ယုံကြည်ရာ နားလည်ရာ ခြေရာလက်ရာမပျက်သရွေ့
ရှေ့မှာ ..
ဆန်းဒေးဆိုတဲ့ နေ့တစ်နေ့က စောင့်နေတယ် ... ။ ။

ခေလွန်း

Read More...

Jun 3, 2007

ဓားသွားတွင် စီးမြောခြင်း

ဒီကဗျာကို ရေးဖြစ်တာ အတော့်ကို ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ ၃နှစ်လောက်က ထင်ပါရဲ့။ ဟိုးတုန်းက ရေးဖြစ်တဲ့ ကဗျာအဟောင်းတွေ ပြန်ဖတ်မိတော့ ဘလော့ဂ်ထဲတင်ရင် ကောင်းမယ်လို့ တွေးပြီး တင်ထားလိုက်တယ်။

“ဓားသွားတွင် စီးမြောခြင်း”

တစွန်းတစခေါ်သံကြားမှာ
လေဟာနယ်က လာခံနေ
ကြွေတော့မှာပဲ
တကယ်တမ်းကျ
ဝန်မခံရဲပြန်ဘူး။

လွတ်မြောက်ခြင်းလား
ချုပ်နှောင်ခြင်းလား
ခံစားချက်ကို မျက်နှာသစ်လို့လည်း
အရုဏ်တွေ ဖြန့်ကျဲမှာ မဟုတ်ဘူးလေ။

ဂီတရှိမယ်
ကဗျာရှိမယ်
ချိုချိုနွဲ့နွဲ့ ပြောတတ်တဲ့ ရွှေဝါရောင်ကြက်တူရွေးလေးရှိမယ်
အိပ်မက်နောက်လိုက်နေတဲ့ ခပ်မှန်မှန်ခြေသံတွေရှိမယ်
မှုန်မှုန်ဝါးဝါး အမှောင်မှာ ကျင့်သားရနေတဲ့နှလုံးသားရှိမယ်
လင်းတောက်ပြာလဲ့ အသွားပဲ့နေတဲ့ ဓားတစ်ချောင်းရှိမယ်။

ဒါပေမယ့်..
ဂီတမရှိဘူး
ကဗျာမရှိဘူး
ရွှေဝါရောင်ကြက်တူရွေးလေးမရှိဘူး
ခြေသံတွေမရှိဘူး
နှလုံးသားမရှိဘူး
ဓားတစ်လက်ကတော့ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲ..... ။ ။

ခေလွန်း

Read More...

ကိုယ်ရံတော်


အချစ်.. မင်းကိုယ့်ကို သေနတ်တစ်လက် ၀ယ်ပေးသင့်တယ်
ကျည်တစ်တောင့်စီပေါ်မှာ
မင်းရန်သူတွေရဲ့ နာမည်တွေလည်း ရေးပေးလိုက်ပေါ့
ကျန်တာက ကိုယ့်လက်ကလေးကို
မင်း နမ်းလိုက်ရုံပါပဲ.. ။ ။

ညိုမင်းထက်






အရမ်းကြိုက်လွန်းလို့ ကူးထားတဲ့ ညိုမင်းထက်ရဲ့ ကဗျာလေး တစ်ပုဒ်ပါ။
ချစ်သူအတွက် တခါတခါ ရူးသွပ်မိုက်မဲစွာ စဉ်းစားဆင်ခြင်ခြင်းကင်းမဲ့စွာ ဒီကဗျာထဲက ကိုယ်ရံတော်လို ဖြစ်ချင် ဖြစ်မိတတ်သေးတယ်။
မျက်လုံးအစုံကို ပိတ်ပြီး ကျည်တစ်ကပ်လုံးက ရှိသမျှ ကျည်တောင့်တွေမှာ ခါးခါးသီးသီးမုန်းတီးရတဲ့ လူတွေရဲ့ နာမည်တွေကို ချရေးပြီး တစ်ချက်ချင်း တစ်တောင့်ချင်း ... ။

Read More...