May 31, 2007

Self-censorship ၊ လက်သီးဘရိတ် နှင့် ကျွန်တော်



ဒီနေ့ မောင်ပွတ်နဲ့ ဘလော့ဂ်စာအုပ်ကိစ္စအကြောင်း ဟိုအကြောင်းဒီအကြောင်း ပြောဆိုဆွေးနွေးကြရင်း Self-censorship အကြောင်းရောက်သွားတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ အကြောင်းလေးတစ်ခုကို ကျွန်တော် စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတာကို ပြန်ပြောပြမိတယ်။

အာဏာရှင်လက်အောက်မှာ နေခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခု (ဖိလစ်ပိုင်နိုင်ငံ ထင်ပါရဲ့ဗျာ) မှာ စာရေးဆရာတွေဟာ self-censorship ကြောင့် အတော်ဒုက္ခရောက်ကြရတယ်ဆိုပဲ။ အာဏာရှင်လက်အောက်မှာတုန်းကတော့ ဟိုဟာမရေးရ၊ ဒီဟာမရေးရ ဖမ်းမယ်ဆီးမယ် တကဲကဲလုပ်နေတော့ စိတ်ကပါသလောက် လက်က မရေးနိုင်ကြတော့ဘူးဗျာ။ စပြီး ရေးကတည်းက ဆင်ဆာလွတ်အောင် ရေးနေရရော ဆိုပါတော့ဗျာ။ ဒါကိုပဲ self-censorship လို့ ခေါ်ကြသတဲ့။ ဒီလိုနဲ့ သူတို့နိုင်ငံ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်လာရောတဲ့။ အဲဒီမှာ အာဏာရှင်လက်အောက်မှာတုန်းက လက်ကိုထိန်းပြီး ရေးရတာကို အကျင့်ပါသွားတဲ့ စာရေးဆရာတွေဟာ လွတ်လွတ်လပ်လပ် ရေးလို့ရပြီဆိုတဲ့အချိန်မှာတောင် self-censorship နဲ့ နေသားတကျဖြစ်နေလေတော့ ရေးခွင့်ရတာတောင် ငြိမယ်စွန်းမယ်လို့ စိတ်အထင်ရောက်နေပြီး စိတ်လွတ်ကိုယ်လွတ် မရေးတတ်ကြတော့ဘူး လို့ ဖတ်ရပါတယ်။

အဲဒါနဲ့ ပတ်သက်ပြီး ဘာကို ဆက်စပ်တွေးမိသွားသလဲဆိုတော့ ရုပ်ရှင်အနုပညာနယ်ပယ်သားတွေ သုံးလေ့ရှိတဲ့ စကားလုံးတစ်လုံးဖြစ်တဲ့ “လက်သီးဘရိတ်” ဆိုတာကိုပဲ။ ရုပ်ရှင်၊ ဗီဒီယိုတွေထဲမှာ လူကြမ်းတွေက မင်းသားတွေကို တကယ်မထိုးရဘူးဗျ။ သူတို့တွေ ထိုးတမ်း၊ချတမ်း၊ ဖိုက်တင်ခန်းတွေ ရိုက်ပြီဆိုရင် ထိုးတဲ့ လက်သီးက မင်းသားကို မထိခင် ဘရိတ်အုပ်ရတယ်။ လက်လွန်ပြီး ထိုးချမိရင်တော့ မင်းသားက ထိုင်ငိုချင် ငိုမှာပေါ့ဗျာ။ ထားပါတော့ .. အဲဒီလို မထိအောင် ထိုးရတာကို “လက်သီးဘရိတ်” လို့ ခေါ်ကြတယ်ဗျ။ မဂ္ဂဇင်းတစ်အုပ်မှာ ဟိုးတလောက ဖတ်လိုက်ရတာ စိတ်တောင်မကောင်းဘူး။ ရုပ်ရှင်ထဲ ပါလေ့ရှိတဲ့ လူကြမ်းတစ်ယောက်ကို အပြင်မှာ (ဘယ်ကတည်းက ငြိုးနေမှန်းမသိတဲ့ စိတ်နဲ့) ၀ိုင်းသမ လိုက်ကြတယ်တဲ့ဗျာ။ အဲဒီ လူကြမ်းနဲ့ အင်တာဗျူးတဲ့ အကြောင်း ရေးထားတာမှာ သူက လက်သီးဘရိတ်တွေချည်းပဲ ကျင့်ခဲ့တော့ တကယ်တမ်း ထိုးရပြီဆိုတဲ့အခါ တကယ်ထိအောင် မထိုးတတ်တော့ဘူးတဲ့။

ကျွန်တော် ဘလော့ဂ် စရေးတာ တစ်နှစ်တောင် မပြည့်သေးဘူးဗျာ။ ဒါပေမယ့် အခုထိ ဟိုငြိမှာ စိုးလို့ မရေးဘဲ ထားတာမျိုး၊ ဒီငြိမှာ စိုးလို့ ချန်ခဲ့တာမျိုး ခုထိမရှိဘူး။ ရေးချင်တဲ့ အခါ ရေးလိုက်တာပါပဲ။ ဆွေးနွေးချင်တဲ့သူကလည်း ၀င်ဆွေးနွေးတယ်။ မှတ်ချက်ဝင်ရေးတဲ့သူကလည်း ၀င်ရေးတာပဲ။ အဲ.. ၀င်ဆဲတဲ့သူကလည်း ၀င်ဆဲတာပဲဗျ။ ကိစ္စမရှိဘူး။ ကျွန်တော် စာတချို့ ပုံနှိပ်ဖော်ပြခြင်း ခံရဖူးတယ်ပေါ့ဗျာ။ အဲဒီတုန်းက ဂျာနယ်တစ်စောင်မှာ ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရတဲ့ အက်ဆေးတစ်ပုဒ်မှာ အရေးအသားက အဆုံးသတ်မှာ ကျွန်တော် ရေးထားသလိုနဲ့ နည်းနည်းပုံစံကွဲနေတယ်။ ဘာဖြစ်တာလဲပေါ့။ စာပေစိစစ်ရေး လက်ချက်များ ထိသွားတာလားပေါ့။ ဒါပေမယ့် အဖြစ်မှန်ကို တလောက ရန်ကုန်ပြန်ဖြစ်တော့ အဖေ ပြောမှ သိပါတယ်။ သူက ကျွန်တော် အီးမေးလ်နဲ့ ပို့လိုက်တဲ့ စာမူကိုဖတ်ပြီး စိစစ်ရေးမလွတ်မှာစိုးလို့ သူကိုယ်တိုင် တည်းဖြတ်ပြီး ဂျာနယ်တိုက်ကို ပို့လိုက်တယ်တဲ့။ Self-censorship က ကျွန်တော့်ကို လက်သီးဘရိတ်နဲ့ တစ်ချက်တည်း အလဲထိုးလိုက်တယ်ဗျာ။

Read More...

မကဖြစ်တဲ့ပြဇာတ် (အပိုင်း ၄)

အစ်ကိုအောင် ကြိုတင်ငှားထားသော တိုက်ခန်းသို့အရောက်တွင် စကားပြောခန်း


(အထုပ်အပိုးများ ကိုယ်စီချပြီး လှည့်ပတ်ကြည့်ရန်။ ထို့နောက် ထိုင်ကာ စကားပြောရန်)

အစ်ကိုအောင် - ကဲ ရောက်ပြီ .. ဒါ မင်းတို့နေရမယ့် တိုက်ခန်းပဲ။

ရှက်ကီ - ဟာ .. မဆိုးဘူးပဲ သန့်လို့ပြန့်လို့။

အစ်ကိုအောင် - အဲဒါက မင်းတို့မနေခင်ပါကွာ။ မင်းတို့ နေပြီး ၂လ၃လကြာရင် ဖုန်အလူးလူးနဲ့ဖြစ်နေမှာ ငါမြင်ယောင်သေးတယ်။

ချက်တီ - အင်း .. ဒီအတိုင်းဆို အမှတ်တရ ဓာတ်ပုံရိုက်ထားရမလို ဖြစ်နေပြီ။

ဘတ်တီ - ဘာလဲ ဆေးမစားမီပုံနဲ့ ဆေးစားပြီးပုံလို ယှဉ်ပြထားမလို့လား။

ချက်တီ - အစ်ကိုအောင် ကျွန်တော်တို့ကို အင်တာနက်အမြန်လျှောက်ပေးဦးနော်။

ရှက်ကီ - ဒီကောင်က အင်တာနက်ကို ညအိပ်ရာဝင်ရင်တောင် ဖက်အိပ်ချင်တဲ့ကောင်။ မင်း ဒီလောက် ရန်ကုန်မှာ ချက်လာတာ မညည်းငွေ့သေးဘူးလား။

ချက်တီ - ရှက်ကီ .. ခင်ဗျားလည်း ဒီလောက် ရန်ကုန်မှာ ဘီယာစတေရှင်တကာလှည့်သောက်လာတာ မညည်းငွေ့သေးဘူးလား။ အခုလည်း လေဆိပ်က သောက်ဖို့ ၀ယ်လာသေးတယ်။

ဘတ်တီ - အစ်ကိုအောင်ရေ .. ချက်တီအတွက် အင်တာနက်အရေးကြီးသလို ကျွန်တော့်အတွက်လည်း ဘောပွဲအရေးကြီးတယ်။ ဒီစင်္ကာပူမှာ ကေဘယ်တီဗီနဲ့မှ ဘောပွဲကြည့်လို့ရတယ်ဆို။

အစ်ကိုအောင် - အေးပါကွာ။ မင်းတို့ လိုချင်တာ ငါလျှောက်ပေးမယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ (ခဏနားပြီး ပြောရန်) ဘီလ်တော့ မှန်မှန်ဆောင်မှ ရမယ်နော်။

ဘတ်တီ - မပူပါနဲ့ အစ်ကိုအောင်ရယ်။ ဒီစနေနေ့ည ပွဲကောင်းတယ်။ အာကြီးနဲ့ မန်ယူကန်မှာ။ အာကြီးတစ်ပွဲနိုင်တာနဲ့ အစ်ကိုအောင် ကေဘယ်တီဗီဘီလ်ကို ဆောင်ဖို့ လုံလောက်သွားမှာဗျ။

သီတာ - ဘာရယ် အာကြီးနဲ့ မန်ယူ.. ဟုတ်လား။ မန်ယူကတော့ သိပါတယ်.. မန်ချက်စတာ ယူနိုက်တက်။ ဒေးဗစ်ဘက်ဟမ်အရင်က ကစားတဲ့အသင်း မဟုတ်လား။ တို့က မန်ယူ Fan လေ။ ရော်နယ်လ်ဒိုဆို ခရေဇီပဲ။ ဒါနဲ့ အာကြီးဆိုတာ ဘာလဲ။

ရှက်ကီ - အာကြီးဆိုတာ အာဆင်နယ်ကို ပြောတာလေ။ ဘာဘူဆိုတာက လစ်ဗာပူးကို ပြောတာ။ မြန်မာ ဝေါဟာရအသစ်တွေပေါ့။

အစ်ကိုအောင် - ဘာရယ် .. သီတာက ရော်နယ်လ်ဒိုကို ခရေဇီပဲ ဟုတ်လား။ ဒီ သွားခေါခေါနဲ့ ကတုံးကြီးကိုများ။

ဘတ်တီ - အဲ.. မဟုတ်သေးဘူးလေ.. မှားနေပြီ.. မန်ယူက ရော်နယ်လ်ဒိုနဲ့ အေစီမီလန်က ရော်နယ်လ်ဒို မတူဘူး။ ကမ္ဘာ့ဖလားပွဲတုန်းက တစ်ယောက်က ပေါ်တူဂီအသင်းက တစ်ယောက်က ဘရာဇီးလ်က ကန်တာလေ။

ချက်တီ - ဘတ်တီတို့များ သူ့အမျိုးတွေ ဘယ်သူက ဘယ်မှာနေပြီး ဘာလုပ်သလဲတောင် ဒီလောက်သိရဲ့လား မသိဘူး။

အစ်ကိုအောင် - မသိပါဘူးကွာ။ ရော်နယ်လ်ဒိုချင်းအတူတူပဲထင်လို့။ ငါ့သူငယ်ချင်း တစ်ခါကြုံဖူးသလို ဖြစ်နေပြီ။

ချက်တီ - ဘာအကြောင်းလဲ လုပ်ပါဦး။ ချက်ထဲက ဇာတ်လမ်းတွေလား။

ရှက်ကီ - ဒီကောင်ကတော့ ၀င်ရှုပ်ပြန်ပြီ။ ချက်မပါရင် မင်းစကားမပြောတတ်ဘူးလား။

ဘတ်တီ - အစ်ကိုအောင့်သူငယ်ချင်း ဘယ်လိုကြုံတာလဲ ပြောပါဦး။

အစ်ကိုအောင် - ဒီလိုကွ .. တစ်ခါက ဒီကောင် အလုပ်အင်တာဗျူး တစ်ခုသွားတော့ အင်တာဗျူးတဲ့သူက မေးတယ်တဲ့။ မင်းနာမည်က စိုးမင်းဆိုတော့ မင်း မြန်မာပြည်မှာ ကောင်းကောင်းနေ ကောင်းကောင်းစား မလုပ်ဘဲ ဘာလို့ စင်္ကာပူလာ အပင်ပန်းခံရတာလဲတဲ့။ ဒါနဲ့ ဒီကောင်က မေးလိုက်တယ်။ ဘယ်လိုလုပ် အဲဒီလို နေလို့ဖြစ်မလဲပေါ့။ အဲဒီတော့ သူ့ကို ပြန်ပြောလိုက်တာက မင်းက ၀န်ကြီးအမျိုးမဟုတ်ဘူးလား တဲ့။ ဒီကောင်လည်း ကြောင်သွားပြီး ပြန်မေးရတာပေါ့။ ငါ ၀န်ကြီးအမျိုးလို့ မပြောမိပါဘူးလဲဆိုရော အင်တာဗျူးတဲ့သူက ဘာပြန်ပြောလဲဆိုတော့ “မသိဘူးလေ .. ဟိုတလောက သတင်းထဲမှာ မင်းနာမည်နဲ့ ဆင်တူတဲ့ မင်းတို့ တိုင်းပြည်က ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်လို့” တဲ့ .. ဟားဟား..

ရှက်ကီ - အေးလေ.. သူ့ နာမည်က စိုးမင်းဆိုတော့လည်း.. မှားစရာရှားလို့ဗျာ.. တော်သေးတာပေါ့။ ကျွန်တော့်နာမည်မှာ ညွန့်တို့ ရွှေတို့ မပါတာ ကံကောင်းတာပဲ။

အစ်ကိုအောင် - ကဲ .. ငါတို့ ပြန်ဦးမယ် .. မနက်ဖြန်မှ လျှောက်လည်ဖို့ မင်းတို့ကို လာခေါ်မယ်။

Read More...

မကဖြစ်တဲ့ပြဇာတ် (အပိုင်း ၃)

စင်္ကာပူလေဆိပ်တွင် လာကြိုသူ အစ်ကိုအောင်နှင့် စကားပြောခန်း


(ဘတ်တီ၊ချက်တီနှင့် ရှက်ကီ သုံးယောက်သား လေဆိပ် immigration မှ အထုပ်အပိုးကိုယ်စီဖြင့် ထွက်လာရန်)
(အစ်ကိုအောင်နှင့် သီတာစောင့်နေရန်)

ဘတ်တီ - ဟား အစ်ကိုအောင် .. လာမှကြိုပါ့မလားလို့။

အစ်ကိုအောင် - လာကြိုမယ်ပြောထားပြီးသားပဲကွာ.. ငါမှာထားတဲ့ ပုလင်းလေးတွေရောပါလား။

(အသီးသီးကိုင်ထားသော ကြွတ်ကြွတ်အိတ်များပေါ်တွင် DFS (Duty Free Shop) ဟုရေးထားသည်များကို မြှောက်ပြရန်)

ရှက်ကီ - အစ်ကိုအောင်ရယ် .. ကျန်တာတွေ မေ့ချင်မေ့မယ်။ ရှက်ကီက ဒါတော့ မမေ့ပါဘူး။ ၀ယ်ဖို့ Quota ရသမျှ အကုန်ဆွဲလာခဲ့တယ်။

အစ်ကိုအောင် - အေး.. မင်းတို့ကို မိတ်ဆက်ပေးမယ် .. ဒါက အစ်ကို့ရဲ့ ချစ်သူရည်းစား .. ဇနီးမယားအလောင်းအလျာ .. သီတာ တဲ့

(ချက်တီ၊ရှက်ကီနှင့် ဘတ်တီ တို့ တညီတညွတ်တည်း ပြောရန်)
ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ခင်ဗျာ။

(သီတာ ပြုံးပြပြီး ပြန်ပြောရန်)
Hello! Nice to meet you all.

(ချက်တီက ဘတ်တီကို ခပ်တိုးတိုးပြောရန်)
ချက်တီ - ဟေ့ကောင် အစ်ကိုအောင့် ရည်းစားအလန်းလေးက ဘိုလိုတော့နေပြီ။

ဘတ်တီ - ဒါများကွာ.. မင်းလည်း ဘိုလို ပြန်တော့လိုက်ပေါ့။

(အောက်ပါအတိုင်း ပြောပြီး သီတာ့ထံ လက်ဆွဲနှုတ်ဆက်ရန် ဟန်ပြင်ပါ)
ချက်တီ - အေး ငါချက်ထဲက အတိုင်း ဘိုလို ပြန်တော့လိုက်မယ်။ Asl pls?

(သီတာ အူကြောင်ကြောင် အမူအရာ ဖြစ်သွားရန်)
သီတာ - ဘာမေးတာလဲဟင်။

အစ်ကိုအောင် - ဒါ ချက်ထဲက ဘာသာစကားတွေ။ သီတာမသိပါဘူး။ asl pls ဆိုတာ age, sex(gender) နဲ့ location (country) ကိုပြောတာ သီတာရဲ့။

ဘတ်တီ - ဆောရီး .. ချက်တီက စတတ်နောက်တတ်လို့ပါ။

(ထို့နောက် ရှက်ကီက အခြေအနေ၀င်ထိန်းရန်)

ရှက်ကီ - ဟဲဟဲ.. လက်စသတ်တော့ ဟိုသီချင်းထဲမှာ ဆိုထားသလို မယ်သီတာခိုးတာ ဘယ်သူလဲမှတ်တယ်။ အစ်ကိုအောင်ဖြစ်နေတာကိုး.. ။

(အစ်ကိုအောင်မှ ရှက်ကိုးရှက်ကန်းအမူအရာ အသံဖြင့် ပြောရန်)
အစ်ကိုအောင် - ရှက်ကီကတော့ ပြောတော့မယ်။ ကဲ .. မင်းတို့အတွက် ငှားပေးထားတဲ့ အိမ်ကို ရောက်မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။

Read More...

May 30, 2007

မကဖြစ်တဲ့ပြဇာတ် (အပိုင်း ၂)

စင်္ကာပူလေဆိပ်တွင် လေယာဉ်ဆိုက်ခါနီး စကားပြောခန်း


(ထို့နောက် မီးပြန်လင်းလာရန်)
(ရှက်ကီ နှင့် ချက်တီတို့ အိပ်နေရန်။ ဘတ်တီ နိုးနေရန်)

(လေယာဉ်ပျံ စင်္ကာပူချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မကြာမီ ဆိုက်တော့မည်ဖြစ်ကြောင်း ကြေညာရန်)

ဘတ်တီ - ဟေ့ကောင်တွေ အိပ်မနေနဲ့ ထကြတော့ .. စင်္ကာပူရောက်တော့မယ်တဲ့။

ရှက်ကီ - (လန့်နိုးလာပြီး အိပ်ချင်မူးတူးအသံဖြင့်) ဟင်.. ဒါဆို ဘီယာကို ရေခဲနဲ့သောက်ရတော့မှာပေါ့ ..

ဘတ်တီ - ဘာ.. ဘီယာကို ရေခဲနဲ့သောက်ရမယ်။ မင်းကို ဘယ်သူပြောလဲ။

ရှက်ကီ - ငါက စင်္ကာပူမလာခင်ကတည်းက အပီစုံစမ်းပြီးသား။ ရှက်ကီပါကွ။ ရန်ကုန်မှာကတည်းက အကျင့်ရအောင် စမ်းသောက်ကြည့်ပြီးပြီ။

ဘတ်တီ - အေး ကောင်းတယ်.. ငါလည်း စင်္ကာပူပူးအကြောင်း လေ့လာခဲ့တယ်။

ရှက်ကီ - ဘာလဲကွ။ စင်္ကာပူမှာ စင်္ကာပူပူးတွေ။ စင်္ကာပူကြွက်တွေ ရှိလို့လား။

ဘတ်တီ - မသိရင်မှတ်ထား .. အစ်ကိုအောင် ရန်ကုန်ကို ဟိုတစ်ခါပြန်လာတုန်းက ငါ့ကို ပြောဖူးတယ်။ စင်္ကာပူမှာ စင်္ကာပူပူးဆိုတာရှိတယ်တဲ့။ မင်းတို့ရန်ကုန်မှာက နှစ်လုံး၊သုံးလုံးပဲ ဆော့ကြတာ။ စင်္ကာပူမှာက လေးလုံးဆော့ကြတယ်တဲ့။

ရှက်ကီ - ဘာလဲ 4D(4 digits) ဆိုတာလား။

ဘတ်တီ - ဟုတ်တယ် .. 4D .. Toto .. S'pore Sweep .. ဘောလုံးပွဲ အစုံရှိတယ်။ ငါတော့ စင်္ကာပူရောက်တာနဲ့ တရားဝင်လောင်းကစားသမားဖြစ်ပြီ။

ရှက်ကီ - အံမယ် .. တယ်ဟုတ်ပါလား .. ဘာတဲ့ .. တရားဝင်လောင်းကစားသမားဆိုတာ လင်းစမ်းပါဦး။

ဘတ်တီ - ဒီမယ် ကိုယ့်လူ .. မင်းကို တစ်ခုမေးမယ် .. ရန်ကုန်မှာ လောင်းကစားဒိုင်ဆိုတာ တရားဝင်လား။ လောင်းကစားလုပ်တာဟာ တရားဝင်လုပ်ကြတာလား။

ရှက်ကီ - ရန်ကုန်မှာ တရားဝင်ဒိုင် မရှိပါဘူး။ ဒီလိုပဲ တိုးတိုးတိတ်တိတ် ဖုန်းဆက်လောင်းကြတာပဲ။

ဘတ်တီ - အေး .. စင်္ကာပူမှာတော့ စင်္ကာပူပူးဆိုတာ တရားဝင်ဒိုင်ပဲ။ တရားဝင်ဒိုင်ကနေ လောင်းတာဟာ တရားဝင်တယ်။ ဒါကြောင့် ငါက တရားဝင်လောင်းကစားသမားဖြစ်ပြီလို့ ပြောတာ။

ချက်တီ - (မျက်စိနှစ်လုံးပွင့်လာပြီး ပြောရန်) ဟေ့ကောင်တွေ တရားဝင်တာတွေ တရားမ၀င်တာတွေ ဘာတွေ လျှောက်ပြောနေတာလဲ။ လောင်းကစားလုပ်တယ်ဆိုတာ မကောင်းတာလုပ်တာပဲ။ မကောင်းတာလုပ်ပြီး လူကြားကောင်းအောင် ငါလုပ်တာ တရားဝင်ပါတယ် တရားဝင်ပါတယ် ထထ အော်နေလို့ ဘယ်ဖြစ်မလဲ။

ရှက်ကီ - ဟုတ်ပါပြီကွာ ချက်တီ .. ချက်တာကရော ကောင်းတာလုပ်တာလား မကောင်းတာလုပ်တာလား။

ချက်တီ - ဒီလို ငါ့ကို ပြန်ပြန်မမေးနဲ့ကွာ။ ငါပြောတာနားထောင်။ ငါပြောသလိုလိုက်လုပ်။ ငါ့ကိုပြန်မပြောနဲ့။ ငါ့ကို ဘုမတောနဲ့။ မင်းကို အချိန်မရွေး ဖြုတ်ပစ်လိုက်လို့ရတယ် နားလည်လား။ ဒါ .. ငါတို့ အဖိုးကြီးရဲ့ ပေါ်လစီပဲ။

ဘတ်တီ - ဘယ်က အဖိုးကြီးလဲ ။

ချက်တီ - မင်းကလဲကွာ .. ငါတို့ လမ်းထဲက ဘုရင်ရူးရူးနေတဲ့ အဖိုးကြီးလေ ..။

ရှက်ကီ - ဒါနဲ့ ချက်တီ .. မင်းက ရန်ကုန်က မဟုတ်ဘူးဆို။

ချက်တီ - အေး .. ငါက နေပြည်တော်ကလာတာ ... ။

Read More...

“မကဖြစ်တဲ့ ပြဇာတ်” (အပိုင်း ၁)

ပိုလီ သင်္ကြန်တစ်ခုအတွက် အကူအညီတောင်းတာနဲ့ ရေးပေးဖြစ်ခဲ့ပြီး အချိန်အလုံအလောက်မပေးနိုင်တာနဲ့ အပြီးသတ်မရေးဖြစ်လို့ မကဖြစ်ခဲ့တဲ့ ပြဇာတ်တစ်ပုဒ်ရှိပါတယ်။ အဲဒီ ပြဇာတ်ကို အချိန်ပေးရင် ပေးသလို ရေးသွားဖို့ စဉ်းစားထားပါတယ်။ ဘာခေါင်းစဉ် ပေးရမှန်း စဉ်းစားမရတာနဲ့ “မကဖြစ်တဲ့ ပြဇာတ်” လို့ နာမည်ပေးဖြစ်ခဲ့ပါတယ်။

လေးစားစွာဖြင့်
ညီညီ(သံလွင်)

-------------------------------------------------------------------
“မကဖြစ်တဲ့ ပြဇာတ်”

(ဇာတ်လမ်းအဖွင့်)

(စင်္ကာပူအလာ လေယာဉ်ပေါ်တွင် စကားပြောခန်း)

(နောက်ခံ အဖွင့် စကားပြောရန်)

“လောင်းကစားခုံမင်သူ .. ဘတ်တီ
ချက်နေရမှ နေပျော်သူ .. ချက်တီ
အသောက်အစား မက်မောသူ .. ရှက်ကီ တို့ သုံးဦးဟာ စင်္ကာပူနိုင်ငံတွင် ကျောင်းအသီးသီးတက်ရောက်ရန် လေယာဉ်ပျံစီးကာ ထွက်ခွာလာခဲ့ကြပါတယ်...”

(နောက်ခံစကားပြောပြီးလျှင်)

(ကားလိပ်ဖြည်းဖြည်းချင်းဖွင့်)

(နောက်ခံသီချင်း - ဟန်ထူးလွင်ရဲ့ “တို့ရဲ့ကမ္ဘာပေါ်မှာ ဂြိုဟ်သားတွေ” ကို ဖွင့်ထားရန်။)

(ပရိုဂျက်တာဖြင့် လေယာဉ်ပျံပုံပြ။ ဖြစ်နိုင်လျှင် မြန်မာ့အပြည်ပြည်ဆိုင်ရာလေကြောင်းပုံ)

(ထို့နောက် ဆက်တင်ကို မီးဆလိုက်ထိုးရန်)

(ဆက်တင် - ထိုင်ခုံများချထားပြီး ချက်တီ နှင့် ရှက်ကီတို့ထိုင်နေရန်။ ဘတ်တီ အိပ်နေရန်။)

(စကားပြော .. စ)

ချက်တီ - ပျင်းဖို့ကောင်းလိုက်တာကွာ။ စင်္ကာပူကို မရောက်သေးဘူးလား။

ရှက်ကီ - အေး။ အမြန်ရောက်အောင် လေယာဉ်ပိုင်းလော့ကို အောက်ဆိုက်သွားပေးလိုက်ရင် မကောင်းဘူးလား

ချက်တီ - ကြည့်လဲလုပ်ပါ ကိုရှက်ကီရယ် .. အခု ကျွန်တော်တို့ မြန်မာပြည်မှာ မဟုတ်တော့ဘူး။ ညက သောက်ထားတဲ့ အရှိန်အခုထိ မပြေသေးဘူးလား။

ရှက်ကီ - အဟား .. ဟုတ်သားပဲ။ အခု မြန်မာဘီယာလေး နည်းနည်းထပ်တင်လိုက်ရင်ကောင်းမယ်။ တောက် .. အပြင်းလေးတောင် မပေးဘူးကွာ။

ချက်တီ - ချန်ဂီလေဆိပ်ရောက်တော့ ၀ယ်ပေါ့ဗျာ။ အစ်ကိုအောင်က ရသမျှ ၀ယ်ခဲ့ဖို့ မှာထားပြီးသားပဲ။

ရှက်ကီ - ဟိုအကောင် ဘက်တီပဲ ကောင်းတယ်။ အိပ်နေလိုက်တာ သိုးလို့။

ချက်တီ - အိပ်မှာပေါ့။ ဒီကောင် မနေ့ညက ချန်ပီယံလိဂ်ကြည့်တာ မိုးအလင်းပဲလို့ သူ့အမေက ပြောတယ်။ ဒီကောင်က တရေးနိုး ထပြီး ယောင်ရင်တောင် ဂိုး လို့ ထ ထအော်တတ်တယ်တဲ့။ အိပ်ရာထဲ ဂျပိုးတွေ့တဲ့အခါကျတော့ “အမေရေ.. ဟောဒီမှာ ဂျရတ်ကို ဖမ်းပါဦး” လို့ အော်တယ်ဆိုပဲ။

ရှက်ကီ - ငါကတော့ ဒီကောင့်လို ဘောလုံးပွဲလောင်းပြီး အကွဲမခံချင်ပါဘူးကွာ။ အပြင်းလေးချပြီး ကွဲရတာပဲ ပိုကောင်းတယ်။

ချက်တီ - ဒါပေါ့ဗျာ .. ရှက်သမားကတော့ စကားပြောရင် ရှက်ကီမပါရင်မပြီးဘူး။

ရှက်ကီ - ချက်တီ .. မင်းလည်း ဟိုသီချင်းထဲကလို “မချက်ရင်မနေနိုင်တာကလွဲလို့” ဖြစ်နေတာ ငါမသိဘူး မှတ်လို့လား။ ချက်ထဲက ကောင်မလေးတွေ မိုက်လား။

ချက်တီ - ရုပ်မမြင်ရရင် အကုန်မိုက်တာချည်းပဲ။ ၀ါသနာပါရင် voice chat ပါလုပ်လို့ ရတယ်။

ရှက်ကီ - ဒါဆို မင်းဟာက ရုပ်မမြင်အသံကြားပေါ့ .. စိတ်ကူးယဉ်မနေစမ်းပါနဲ့ကွာ။ ရုပ်မမြင်အသံကြားရော ရုပ်မြင်သံကြားရော အတူတူချည်းပဲ။ ပြောသမျှ မှန်တာကို မပါဘူး။ လိမ်နေညာနေတာတွေချည်းပဲ။

ချက်တီ - ဟေ့လူ .. ရှေ့ပြော နောက်ကြည့် နော်။

ရှက်ကီ - မကြောက်ပါနဲ့ကွ။ မိုင်တွေအဝေးကြီးမှာ ကျန်ခဲ့ပြီ။။

ချက်တီ - ဒီလူ ပြောလေ ကဲလေ ပါလား။

ရှက်ကီ - လေယာဉ်ပျံက သွားတာ မြန်လို့ မိုင်တွေ အများကြီးနောက်မှာ ကျန်ခဲ့ပြီလို့ပြောတာ။ မင်းက ဘယ် “မိုင်” ကို သွား စဉ်းစားမိလို့တုန်း။

ချက်တီ - တော်ပြီ .. ကိုရှက်ကီ .. ခင်ဗျားနဲ့ ပြောရတာ လက်ကောက်စော်နံလာပြီ။

(ထို့နောက် ဆလိုက်မီးရောင် အနည်းငယ်မှိန်လိုက်ရန်)

ရှက်ကီ - ချက်တီရေ .. ဒီလေယာဉ်လည်း မီးအားမမှန်ဘူးနဲ့တူတယ်။ တော်ကြာ မီးပါပျက်သွားရင် ဒုက္ခပဲ။

ချက်တီ - ဟာ လေယာဉ်ပျံပေါ်မှာ မီးပျက်မလား။ အခု .. ခရီးသည်တွေ အိပ်လို့ကောင်းအောင် မီးကို မှိန်မှိန်လေး လုပ်ပေးလိုက်တာ။

ရှက်ကီ - ဒီလိုလား။ ဒါဆိုရင်လည်း အိပ်တော့မယ်။ မြန်မာဘီယာလေးသောက်ထားတော့ တငွေ့ငွေ့လေးနဲ့ အတော်လာနေပြီ ...

(မီးခဏ အမှောင်ချ)
(တီးလုံး အနည်းငယ်ဖွင့်)

Read More...

May 29, 2007

ပြန်ဆုံမယ့်နေ့



ပြန်ဆုံမယ့်နေ့

အလွမ်း ဆိုတဲ့ တေးသွားသက်သက်တွေချည်း
ဆက်တီးခတ်စရာ မလိုတော့ဘူး
ဂစ်တာကို ပွေ့ဖက်ထားတဲ့ လက်တွေကိုဖြန့်
သင်းပျံ့တဲ့ရနံ့နဲ့ ခုန်ဆင်းလာမယ့် စကားပန်းပွင့်လေးကို မျှော်
စကားပင်ကြီးအောက်မှာ ကျွန်တော်ထိုင်နေတယ် ... ။

လာမယ်ဆိုလို့ စောင့်ခဲ့တယ်
အိပ်မက်တွေ လွယ်လွယ်နဲ့ မက်ခဲ့ပေမယ့်
ငယ်ငယ်ကလို အရောင်ပြိုးပြိုးပြက်ပြက်မထွက်ဘူး
ဟောဟို အရုဏ်ဦးရဲ့ မှိန်ပျပျအလင်းထဲ
မသေချာမှုတွေ ထိုးခွဲဝင်ရောက်လာတဲ့ မနက်ခင်းမှာ
အိပ်စက်ခြင်းဘာသာစကားကို ကျွန်တော်မေ့လျော့ခဲ့တယ် ... ။

ဖွေးဖွေးလှုပ်အောင်ပွင့်နေတဲ့ စကားပန်းတွေကြားမှာ
သွားတက်ကလေးနဲ့ ပြုံးပြတတ်တဲ့ နတ်သမီး အိပ်ပျော်နေရော့မယ်
သတိရရဲ့လားကွယ်
ဟယ်လိုဆိုတဲ့ ဖုန်းထူးသံလေးအောက် ဆောက်တည်ရာမရခဲ့တဲ့ ရင်ခုန်သံတွေရယ်
စတော်ဘယ်ရီအတူသောက်ရင်း ပြန်ဆုံခဲ့ရတဲ့ ညနေခင်းရယ်
ကြယ်တွေရေရင်း သက်ပြင်းချခဲ့ရတဲ့ ညရယ်
သတိရခြင်း ထုံကူးပြီး
ကမ္ဘာဦးလူ အလင်းကို မျှော်သလို
ပြန်ဆုံမယ့်နေ့ကို ကျွန်တော် အော်ခေါ်နေမိတယ်... ။

ဒီလိုနဲ့ပဲ..
၂၀၀၇ ပြက္ခဒိန်ထဲက
ဘယ်နေ့မှန်းရေရေရာရာမသိရသေးတဲ့ သေချာတဲ့ဇွန်ရက်စွဲတစ်ခုမှာ
အဝေးကြီးက ပျံလာမယ့် စကားပန်းတစ်ပွင့်ကို ငံ့လင့်
ကျွန်တော့်မျှော်လင့်ချက်တွေ အတောင်ပံလွှင့်ဆဲ ... ။

ခေလွန်း

မနက် ၃နာရီ ၂၅မိနစ်
၂၉ရက် မေလ၊ ၂၀၀၇

Read More...

May 27, 2007

ချုပ်ရိုးပေါ်ကနွေ

ချုပ်ရိုးပေါ်ကနွေ

သေတာနဲ့
ရှင်တာကို
အမြီးက စပြီး မျိုခဲ့တယ်
အပ်နှစ်စင်း ထိခွင့်ရတဲ့နေ့က။

ထိုမှအစ
မှားမှန်းမသိခင် မှားခဲ့
မှားမှန်းသိတော့လည်း ပိုမှားခဲ့
ဒါ ငါ့ရဲ့အားကစား ထူးချွန်ဆုတစ်ခုပါ။

အခုမှ
အလဟဿဖြုန်းတီးမိတဲ့
နောင်တနဲ့ နေ့စဉ်
ကိုယ့်အတ္တကို အလှပြင်လို့
ငယ်သံပါအောင် အော်ခေါ်ခဲ့
ကောင်းကောင်းနေချင်တဲ့စိတ်တွေ
ကောင်းကောင်းစားချင်တဲ့စိတ်တွေ
ကောင်းကောင်းဝတ်ချင်တဲ့စိတ်တွေ
အဲဒီ မိုက်တွင်းနက်နက်ထဲမှာလေ။

လူဘ၀ဟာသတစ်ခုမှာ
ဘယ်လိုမှ ရယ်စရာမကောင်းလို့
ရယ်ရ
နောက်ထပ်ပြကွက်တစ်ခု
ငါနဲ့ငါတည့်အောင်မနေတတ်ခဲ့တာလည်းပါ
ဒါ တစ်သက်လုံး တောင့်တင်းနေခဲ့တဲ့ ဝေဒနာပဲ။

ဒီမှာ
ငါမှတ်သားမိသလောက်တော့
ငယ်ငယ်တုန်းကနွေဟာ
အခုလောက် မပူတာ သိပ်သေချာတယ်။ ။

ဝင်းမောင်
ဟန်သစ်၊ ဇူလိုင်၊ ၁၉၉၄


ကဗျာဆရာ ၀င်းမောင်ရဲ့ “အပြုံးရောင်သီချင်းကဗျာများ” ကဗျာစာအုပ်ကို ဖတ်မိတော့ “ချုပ်ရိုးပေါ်က နွေ” ဆိုတဲ့ ဒီကဗျာလေးက ရင်ကို လာထိခတ်တယ်။ ဒါနဲ့ အဲဒီကဗျာကို စကားပြေနဲ့ နားလည်သလို ပြန်ရေးဖြစ်ပါတယ်။ တချို့တချို့သောကဗျာတွေကို ဖတ်ပြီး နားမလည်ဘူးချည်းပြောတတ်တဲ့ သူငယ်ချင်းတွေအတွက်ပါ။ ကဗျာကို ခံစားနားလည်နိုင်တဲ့ သူငယ်ချင်းများအတွက်တော့ ကျွန်တော် ခံစားပြီး ရေးထားတာတွေက ရယ်စရာသက်သက် ဖြစ်ကောင်းဖြစ်နေမှာပါ။

သေတာနဲ့
ရှင်တာကို
အမြီးက စပြီး မျိုခဲ့တယ်
အပ်နှစ်စင်း ထိခွင့်ရတဲ့နေ့က။


ကောင်းကင်က အပ်ရယ် မြေပြင်က အပ်ရယ် နှစ်စင်းထိစပ်ဖို့ကမှ လွယ်ပါဦးမယ်။ လူသားဘ၀ကို ရဖို့ဆိုတာ ခဲယဉ်းလှတယ်တဲ့။ အဲဒီ အပ်နှစ်စင်းထိတွေ့ခွင့်ရတဲ့နေ့မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ အဲဒီနေ့ကစပြီး ရှင်သန်နေရတဲ့ရက်စွဲတွေကို တန်ဖိုးထားရကောင်းမှန်းမသိ ကွယ်လွန်သေဆုံးမယ့်ရက်စွဲကိုမေ့ချင်ယောင်ဆောင် အချိန်တွေကို ဖြုန်းတီးရင်း ကိုယ့်ဘာသာ တစတစနဲ့ အမြီးကနေ ခေါင်းအထိ ၀ါးမျိုနေမှန်းမသိတဲ့ မြွေတစ်ကောင်လို ငါ ကြီးပြင်းခဲ့တယ်။

ထိုမှအစ
မှားမှန်းမသိခင် မှားခဲ့
မှားမှန်းသိတော့လည်း ပိုမှားခဲ့
ဒါ ငါ့ရဲ့အားကစား ထူးချွန်ဆုတစ်ခုပါ။


အဲဒီအချိန်က စပြီး အမှားလုပ်မိလို့ လုပ်မိမှန်း နားမလည်နိုင်သေးတဲ့ ကလေးဘ၀မှာလည်း မှားခဲ့။ အမှားကို အမှားမှန်းသိသိကြီးနဲ့ နားလည်တတ်သိတဲ့အရွယ်ရောက်တော့လည်း မှားခဲ့။ အမှားအယွင်းဆိုတာ ငါထူးချွန်တဲ့ အားကစားတစ်ခုပဲလေ။ အမှားအယွင်း ဆုတံဆိပ်တွေ မနည်းမနော အရယူခဲ့တာပေါ့။

အခုမှ
အလဟဿဖြုန်းတီးမိတဲ့
နောင်တနဲ့ နေ့စဉ်
ကိုယ့်အတ္တကို အလှပြင်လို့
ငယ်သံပါအောင် အော်ခေါ်ခဲ့
ကောင်းကောင်းနေချင်တဲ့စိတ်တွေ
ကောင်းကောင်းစားချင်တဲ့စိတ်တွေ
ကောင်းကောင်းဝတ်ချင်တဲ့စိတ်တွေ
အဲဒီ မိုက်တွင်းနက်နက်ထဲမှာလေ။


အခုဆို နေ့စဉ်နေ့တိုင်း အတ္တကို ဖီးလိမ်းပြင်ဆင်ပြီး မရေမတွက်နိုင်အောင် အလဟဿဖြုန်းတီးပစ်မိတဲ့ နောင်တတွေ တပွေ့တပိုက်နဲ့ ငယ်သံပါအောင် အော်ဟစ်နေတတ်ခဲ့ပြီ။ ကောင်းကောင်းမွန်မွန် နေချင်တဲ့ စိတ်တွေရယ် ကောင်းကောင်းမွန်မွန် စားချင်တဲ့ စိတ်တွေရယ် ကောင်းကောင်းမွန်မွန် ၀တ်ချင်တဲ့ စိတ်တွေရယ် အဲဒါတွေ အကုန်လုံးလိုချင်ပေမယ့် မိုက်တွင်းက နက်သထက် နက်မိနေတုန်းပဲ။

လူဘ၀ဟာသတစ်ခုမှာ
ဘယ်လိုမှ ရယ်စရာမကောင်းလို့
ရယ်ရ
နောက်ထပ်ပြကွက်တစ်ခု
ငါနဲ့ငါတည့်အောင်မနေတတ်ခဲ့တာလည်းပါ
ဒါ တစ်သက်လုံး တောင့်တင်းနေခဲ့တဲ့ ဝေဒနာပဲ။


လူဘ၀ဆိုတာ ရယ်စရာအကောင်းဆုံး ဟာသတစ်ပုဒ်တဲ့လား။ ငါ့အတွက်တော့ ဘယ်လိုမှ ရယ်စရာမကောင်းခဲ့တာ ရယ်ရတယ်။ နောက်ထပ် ပြကွက်တစ်ခုလို ကွက်ကွက်ကွင်းကွင်း မြင်လာတာက ငါနဲ့ ငါတည့်အောင် မနေတတ်ဘဲ အမြဲလိုလို ကတောက်ကဆဖြစ်နေခဲ့တာပဲ။ တကယ်တော့ ဒါဟာ တစ်သက်လုံး ဖုံးမရအောင် တင်းကျပ်နေခဲ့တဲ့ ဝေဒနာသက်သက်သာ ဖြစ်တယ်။

ဒီမှာ
ငါမှတ်သားမိသလောက်တော့
ငယ်ငယ်တုန်းကနွေဟာ
အခုလောက် မပူတာ သိပ်သေချာတယ်။


ဒီမှာ ခဏလောက် ပြောပါရစေ။ ငါ မှတ်မိသလောက်ပြောရရင် ငယ်ငယ်တုန်းက နွေဟာ အခုလောက် မပူတာ အရမ်းကို သေချာတယ်။ မိဘမောင်ဖွားအားလုံးနဲ့ အဝေးဆုံးအရပ်မှာ ချုပ်ရိုးပေါ်ကနွေထဲ ဖိနပ်မပါဘဲ ဖြတ်လျှောက်နေမိခဲ့တာ ငါ့တစ်ဘ၀စာ... ။ ။

Read More...

May 24, 2007

သီချင်းနားထောင်ရင်းလွမ်းတဲ့အက်ဆေး

“ဟိုအရင်ကလိုပဲ မင်းရဲ့အနားမှာ ရှိချင်တာ... ဒီလိုနဲ့ပဲ သစ်ရွက်ကလေးတွေ တဖြုတ်ဖြုတ်ကြွေ...”


သီချင်းသံက အဆက်မပြတ်ထွက်လာ နေတယ်။ ဟိုအရင်ကလိုပဲ နင့်မျက်နှာလေးကို ငေးမောပြီး နင့်အနားမှာ ငါထိုင်နေချင်တာ။ နင်ဟာ ငါ့ဘ၀တဆစ်ချိုးမှာ တိတ်တခိုးဝင်ရောက်လာတဲ့ စကားပန်းတစ်ပွင့်။ နင့်ကိုငါ လွမ်းဆွတ်ပြီး တစ်ယောက်တည်း အတွေးတွေ ရွက်လွှင့်နေဆဲ။ ညို့လိုက်မှိုင်းလိုက်နဲ့ ရွာမယောင် ဟန်ဆောင်ကောင်းတဲ့မိုးကို မျှော်လင့်တကြီး စောင့်ရသလိုမျိုး နင့်ကိုငါ နေ့စဉ်ရက်ဆက် စောင့်နေခဲ့တာ နင်သိပါ့မလား။ “လွမ်းတယ် မောင်ရယ်” လို့ နင့်နှုတ်ခမ်းဖျားက တိုးတိုးလေးထွက်ကျလာတတ်တဲ့ စကားသံလေးတွေ ငါ့နားထဲ ပဲ့တင်ခတ်နေတုန်းပဲ။ အမြဲလိုလို ရုတ်တရက် ပြိုင်တူ ပြောမိတတ်ကြတဲ့ ငါတို့နှစ်ယောက်မှာ ဘယ်လို စိတ်ချင်းဆက်သွယ်မှုတွေ ရှိနေမယ်လို့ နင်ထင်သလဲ။

“မလာပါနဲ့ ငါလျှောက်မယ့် ဘ၀ခရီးကြမ်းတယ်.. ကြုံတွေ့မယ့် အခက်အခဲဒုက္ခကျောက်ဆောင် မင်းရင်ဆိုင်ဖို့ခက်မယ်....မလာပါနဲ့ အချစ်ရေ မလာခဲ့နဲ့... ”

သီချင်း နောက်တစ်ပုဒ်ပြောင်းသွားပြီပဲ။ ငါကိုယ်တိုင်က နင့်ကို ငါနဲ့အတူ ရှိနေစေချင်မှတော့ မလာနဲ့လို့ နင့်ကို ငါဘယ်ပြောရက်ပါ့မလဲ။ ဒါပေမယ့် ရှေ့ခရီးက အန္တရာယ်လှိုင်းတွေ ထန်ကောင်း ထန်မယ်။ အဆင်မပြေမှု မုန်တိုင်းတွေ လာကောင်း လာမယ်။ ဒုက္ခကျောက်ဆောင်တွေ ရှိကောင်း ရှိမယ်။ အဲဒါတွေကို ငါနဲ့အတူ ရင်ဆိုင်ဖို့ နင့်ကို လာခဲ့ဖို့ ခေါ်ခဲ့တာ ငါ သိပ်များ တကိုယ်ကောင်းဆန်လွန်း နေသလား။ အမှန်က တစ်ယောက်တည်း နင်မရှိဘဲ ရင်ဆိုင်ရတာထက် နင့်အတွက် ဆိုတဲ့စိတ်နဲ့ နင့်လက်ကို ကိုင်ဆွဲပြီး အရာရာကို နှစ်ယောက်အတူ ဖြစ်ချင်တာဖြစ် ရင်ဆိုင်ပစ်လိုက်ချင်တာ။ ငါ စိတ်ကူးယဉ်နေတာ မဟုတ်ဘူးလို့ နင့်အပြုံးလေးနဲ့ ငါ့ကို နှစ်သိမ့်ဦးမလား။ ငါ့ စိတ်ကူးတွေ ရိုင်းနေပြီ ဆိုတဲ့ စကားကို ဟိုးအရင် ငါ့ခံစားချက်တွေ ကသောင်းကနင်း ဖြစ်တုန်းက နင့်ကို ပြောဖူးတာ သတိရတယ်။

“Hold me up, hold me tight, lift me up to touch the sky. Believe me I can fly. I'm proud that I can fly...”

ဒီသီချင်းကို နင် မှတ်မိသေးလား။ ဒီသီချင်းနဲ့ ငါရဲ့ အိပ်မက်တွေကို နင်ကိုယ်တိုင် အတောင်ပံတွေ တပ်ပေးခဲ့တာလေ။ ငါ့ပခုံးပေါ်မှာ မှီနွဲ့ပြီး မှေးစက်ဖူးတဲ့ နင့်ပါးမို့မို့လေးတွေကို ငါအဝေးက လှမ်းပြီး နမ်းနေမိတယ်။ နင် လန့်နိုးသွားမှာ စိုးလို့ ထုံကျင်နေတဲ့ လက်တွေကို မလှုပ်မယှက်ဘဲ ငြိမ်ငြိမ်လေးထားခဲ့ဖူးတာ အမှတ်ရဆဲ။ “ကျွန်မရဲ့ကဗျာဆရာ” ဆိုပြီး နင်ရေးပေးဖူးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို နင့်ကို သတိရတိုင်း ပြန်ပြန်ဖတ်မိတယ်။ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ပြန်ကြည့်မိတာ ခဏခဏပဲ။ ငါ့အခန်းနံရံမှာ ကပ်ထားတဲ့ နင့်ဓာတ်ပုံတွေဘာလိုလိုနဲ့ အတော်လေးများနေပြီ။

“I give my hand to you with all my heart. Can't wait to live my life with you, can't wait to start. You and I will never be apart. My dreams came true because of you...”

ငါ့နံရိုးတစ်ချောင်းကို ထုတ်ပြီး နင်အဖြစ် ဖန်ဆင်းခဲ့တာမှ ဟုတ်ရဲ့လား။ တကယ်က ငါ့အိပ်မက်တွေကို နင်အဖြစ် ဖန်ဆင်းခဲ့တာ ဖြစ်မယ်။ မကြာတော့တဲ့ အချိန်ကာလမှာ အရင်လို ငါ့ဘေးမှာ နင်အတူ ရှိနေတော့မယ်ဆိုတဲ့ အတွေးနဲ့ ဘယ်တော့မှန်းမသိတဲ့ အဲဒီနေ့ကို ငါ စောင့်နေဆဲ။ ငါတို့ နှစ်ယောက် အမြဲမခွဲစတမ်း အိပ်မက်လမ်းတွေထဲ ပျံသန်းသွားကြရအောင်။

Read More...

May 22, 2007

ကျွန်တော် ကြိုက်သော ကဗျာတိုလေးများ

“အထီးကျန်ညများ
လွင့်ပါးပျောက်လွင့်
အချစ်ရင့်ရောင်သန်း
လမင်းလေး လှမ်းလာပြီထင်ပါရဲ့”

(လင်းအိပ်မက်)

အထက်တန်းကျောင်းသားဘ၀တုန်းက ပြင်ဦးလွင်ကို ကျောင်းပြောင်းသွားခဲ့ပေမယ့် စာအဆက်အသွယ်မပြတ် ရှိခဲ့တဲ့ ကဗျာဝါသနာတူ သူငယ်ချင်းဖြစ်သူ လင်းအိပ်မက်ရေးတဲ့ ကဗျာတွေထဲက မှတ်မှတ်ရရရှိခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ လေးလုံးစပ်ကဗျာပုံစံဆန်ဆန်ကို မော်ဒန်ဆန်ဆန် အရေးအဖွဲ့နဲ့ ရေးထားတဲ့ ကျွန်တော် ကြိုက်နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ပါ။

“ကောင်းကင်မှာ
ကြယ်တွေ ကြယ်တွေ
တဖြုတ်ဖြုတ်ကြွေကျ
လိုက်ကောက်ရတာ မောတယ်
လမင်းရေ ..
ဒါကြောင့်ချစ်တာ”

(ခေလွန်း)

ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀မှာ ရေးဖြစ်ခဲ့တဲ့ ကဗျာတိုလေး တစ်ပုဒ်ပါ။ ဒီကဗျာလေးကို ဖတ်ပြီး ကြယ်တွေ ကြွေကျတာနဲ့ လမင်းကို ဘယ်နှယ့်ချစ်ရတာလဲလို့ တချို့က မေးဖူးတယ်။ အမှန်က လမင်းရဲ့ အေးမြသိမ်မွေ့လှတဲ့ အလှကြောင့် ကြယ်တွေတောင် အလှချင်းမယှဉ်နိုင်ပဲ ကြွေကြွေကျသွားရတယ် လို့ ဆိုလိုချင်တာပါ။

“ရွှတ်ခနဲနမ်း
ဖြမ်းခနဲမြည်
ရိုက်တာနမ်းတာ
ဒါပဲကွာသည်
ခံရတာတော့ ပါးချည်းပဲ”

(ဇွဲ)

ဘလော့ဂ်မှာ စိတ်ကူးပေါက်ရာ ချရေးလေ့ရှိတဲ့ ကျောင်းနေဖက်သူငယ်ချင်း ကိုဖြိုး ရဲ့ ကဗျာ တစ်ပုဒ်ပါ။ မြည်သံစွဲလင်္ကာတွေကို ဖြတ်ခနဲ ဖြတ်ခနဲ လှပ်ပြလိုက်တာ ကြိုက်တယ်။ ဖတ်ပြီးတော့ ပြုံးလည်းပြုံးမိ ကြိုက်လည်း ကြိုက်မိတဲ့ ကဗျာတစ်ပုဒ်ပါ။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က သူငယ်ချင်းတွေ စုပြီး ထုတ်ဝေဖူးတဲ့ “၉၇ ကဗျာပြပွဲ” ဆိုတဲ့ ကဗျာစာအုပ်လေးထဲမှာ ဖော်ပြဖူးပါတယ်။

Read More...

သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့စကားများ

ဟိုးအရင်က ပေါ်ပြူလာဂျာနယ်မှာ အပတ်စဉ်စောင့်ဖတ်ခဲ့ရတဲ့ ဆရာချစ်ဦးညိုရဲ့ “သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့စကားများ” ဆောင်းပါးတွေကို စုစည်းဖော်ပြထားတဲ့ ဒီစာအုပ်လေးဟာ မဖတ်ရသေးသူတွေ အတွက် ဗဟုသုတရစေနိုင်မယ်လို့ ယုံကြည်လို့ မျှဝေပေးလိုက်ပါတယ်။ ဒီစာအုပ်မှာ မြန်မာ့သမိုင်းထဲက ထင်ရှားတဲ့ ဖြစ်ရပ်တချို့နဲ့ သမိုင်းဝင် ထင်ရှားတဲ့ စကားတွေရဲ့ ဖြစ်ပေါ်လာပုံ ဇာတ်လမ်းအကျဉ်းကို စိတ်ဝင်စားဖွယ် ဖတ်ရမှာပါ။

“ကျွန်၏ တိုင်ပင်ခြင်းလော၊ မင်း၏ တိုင်ပင်ခြင်းလော၊ ပညာရှိတို့၏ တိုင်ပင်ခြင်းလော” (၀န်ဇင်းမင်းရာဇာ)

“မိဖုရားကို ငါမနှမြော၊ သင်းကိုသာ ငါနှမြောသည်” (ရာဇာဓိရာဇ်)

“တို့သခင်စိတ်တော်ကိုသာ စမ်းသည်၊ ချစ်သနားတော်မူသည် မှန်၏” (လဂွန်းအိမ်)

ဒီနေရာကနေ Download လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

Alternative Download Link : Download Here

Read More...

May 19, 2007

ကျွန်တော် (သို့မဟုတ်) ....

ကျွန်တော် (သို့မဟုတ်) ....

ကျွန်တော် အားယားနေပါသည်။
ကျွန်တော် ပေါက်ကရရေးနေပါသည်။
ကျွန်တော် သတ်ပုံမှားတဲ့ညထဲ အိပ်မက်ဆိုးတွေ မက်နေပါသည်။
ကျွန်တော် မျက်စိစုံမှိတ်ထားပါသည်။
ကျွန်တော် စွတ်အော်နေပါသည်။
ကျွန်တော့် အနားမှာ ဘယ်သူမှ မရှိတော့ပါ။
ကျွန်တော့် အတွေးမှာ ဘာဆိုဘာမှ မရှိတော့ပါ။
ကျွန်တော့် စိတ်ကူးမှာ ဘောင်တွေကို ရိုက်ချိုးခဲ့ပြီ။
ကျွန်တော့် အာရုံမှာ ရန်လိုမှုတွေကို ဥပက္ခောပြုခဲ့ပြီ။
ကျွန်တော့် အဇ္ဈတ္တမှာ စိတ်ပျက်ခြင်း ဒီရေ တရိပ်ရိပ်တက်ခဲ့ပြီ။
ကျွန်တော် သူများလမ်းချော်နေသည်ဟု ထင်လည်း ၀င်ပြောမည် မဟုတ်တော့။
ကျွန်တော် လမ်းချော်နေသည်ဟု သူများက ထင်လျှင်လည်း ထိုအထင်သည် အထင်သက်သက်သာ ဖြစ်ကြောင်း ပြန်ပြောရန် မလိုတော့။
ကျွန်တော် ၀မ်းချစရာ ပျားရည်လက်ကျန်လည်း မရှိတော့။
ကျွန်တော် ကြားနေရသော စကားတွေမှာ ဇာတိပြသံတွေကြားနေရတာ မဆန်းတော့။
ကျွန်တော် ဆုပ်မထားသော လက်သီးဖြင့် ကြိုးဝိုင်းထဲ မ၀င်လိုတော့။
ကျွန်တော် ချုပ်မထားသော ကြိုးဖြင့် အချည်မခံလိုတော့။
ကျွန်တော် မလိုက်လိုသူများကို လိုက်ခဲ့ဟုခေါ်ရန် ဆန္ဒကုန်ခမ်းခဲ့ပြီ။
ကျွန်တော် ဆွေးနွေးခြင်း၊ ရန်ဖြစ်ခြင်းကို သဲသဲကွဲကွဲ မသိသူများကို ထားခဲ့ပြီ။
ကျွန်တော် လေတချွန်ချွန်ဖြင့် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ခဲ့ပြီ။
ကျွန်တော် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါမည်။
ကျွန်တော် ကိုယ်ရေးချင်ရာ ဆက်ရေးပါမည်။
ကျွန်တော် ထုံးစံအတိုင်း ကိုယ့်သမိုင်း ကိုယ်ဆက်ရေးမည်။

Read More...

May 18, 2007

ကျတော်(နော်)၊ကျမလား ကျွန်တော်၊ ကျွန်မလား

(ကွန်မန့်ရှည်ရှည်တွေကို ကျွန်တော် အတော်လေး ရေးခဲပါတယ်။ အမှန်ကတော့ အချိန်သိပ်မပေးနိုင်လို့လည်း ပါပါတယ်။ သူငယ်ချင်းတစ်ယောက်က မမေဓာဝီရဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို ပြပါတယ်။ ဖတ်ကြည့်ပါတဲ့။ အဲဒါကို ဖတ်ပြီးတော့ ကျွန်တော် ဒီစာလေးကို ပြန်ရေးပြီး ကွန်မန့်ထားခဲ့ပါတယ်.. အပြည့်အစုံကိုတော့ ဒီမှာ ဖတ်ပါ။)

ဒီလို ဆူဆူညံညံဖြစ်နေတဲ့ ပို့စ်တစ်ခုမှာ ကျွန်တော် ၀င်ပြီး မရေးဘူးလို့ ထားတာပဲ။ လေ့လာသူအနေနဲ့ပဲ ကျွန်တော်ကြည့်နေခဲ့ရုံသက်သက်ပါ။ ပြီးတော့ ပါဝင်ပြီး ဆွေးနွေးရအောင်လည်း ကျွန်တော်က ပညာရှင်မဟုတ် ဘာမဟုတ်တဲ့ ပါမွှားကလေး မဟုတ်လား။ ဒါပေမယ့် စိတ်တိုင်းမကျစရာလေးတွေ တွေ့ရတော့ ကျွန်တော်လည်း တိတ်တိတ်ကလေး မနေနိုင်တော့ဘူးဗျ။

ဒီတော့ နည်းနည်းလောက် ၀င်ပြောပါရစေ။

(s0wha1 said
ကိုဖြိုးရှင့် အသက် ၂၅ နှစ်ပဲ ရှိသေးတဲ့ ရှင့်အနေနဲ့ ဦးနေ၀င်း ပြောင်းခိုင်းလို့ ပြောင်းလိုက်ရတဲ့ မြန်မာ သတ်ပုံအချို့ အကြောင်း ကြားဖူးနိုင်မယ် မထင်ဘူး...)

ဒါကတော့ ၀ါးလုံးရှည်နဲ့ သိမ်းကျုံး ရမ်းလိုက်တာပဲလို့များ ကျွန်တော်ပြောရင် မလွန်လောက်ဘူးထင်ပါရဲ့ဗျာ။ ၂၅နှစ် ၀န်းကျင်ပဲရှိတာနဲ့ အဲဒီလောက် လူသိထင်ရှားဖြစ်ခဲ့တဲ့ ကိစ္စတစ်ရပ်ကို မသိရတော့ဘူးဆိုရင်တော့ သီပေါမင်းပါတော်မူတဲ့ကိစ္စကို ခင်ဗျား အသက်အရွယ်နဲ့ ဘယ်လိုဘယ်ပုံများ သိခဲ့သလဲလို့ ပြန်မေးရမလို ဖြစ်နေပြီ ထင်ပါတယ်။


(s0wha1 said
စလုံးနဲ့ ဆလိမ် အသံထွက် မတူမှန်း ကျမတို့ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်တွေ ခေတ်က မူလတန်းပညာ သင်ယူချိန်ထဲက သိကြပါတယ်တဲ့...
ဒါပေမဲ့ ခုကျမတို့ ၁၉၈၀ နောက်ပိုင်း မွေးတဲ့လူတွေအတွက်တော့ ဒီလို ကွဲပြားမှုကို မသိကြပါဘူး...
ကျမနဲ့ သူငယ်ချင်းတွေဆို မမေ ပြောမှ သိတာပါ...)

မ s0what1 က ၀ါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းရတာ အတော် ၀ါသနာပါပုံ ရတယ် ထင်တယ်ဗျ။ ၁၉၈၀ နောက်ပိုင်းမွေးတဲ့သူတချို့မသိတာနဲ့ အားလုံးကို မသိဘူးလို့ စွတ်ထင်ပစ်လိုက်တာ မသင့်တော်ဘူးဗျ။ ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းတွေ မသိတိုင်း ကျန်တဲ့သူ အားလုံး မသိဘူးလို့ ပြောမယ်ဆိုရင်တော့ ကျွန်တော်လည်း ဘာဆက်ပြောရမှန်းကို မသိတော့ဘူးဗျာ။ စလုံးနဲ့ ဆလိမ်အသံထွက် မတူဘူးဆိုတာကို ဒီစကားလုံးလေးကို အသံထွက် ရွတ်ကြည့်ပါ... “ဆက်စပ်ပြီးတွေး” .. အဲ... “ဆက်ဆက်ပြီးတွေး” .. ဒါမှ မဟုတ် “စပ်စပ်ပြီးတွေး” လို့တော့ မရွတ်နဲ့ပေါ့ဗျာ။

နောက်ဆက်တွဲ ....

ကျွန်မကို ကျမ၊ ကျွန်တော်ကို ကျတော်(ကျနော်) ဆိုပြီး ရေးရေးနေကြတဲ့ အသုံးအနှုန်းတွေကို ဘလော့ဂ်တွေထဲ တွေ့တွေ့နေရတော့ အထက်တန်းကျောင်းသားဘ၀တုန်းက ကျောင်းတချို့က ထုတ်တဲ့ လက်ရေးကဗျာ စာအုပ်လေးတွေမှာ “ချစ်တရ် လွမ်းတရ်” ဆိုပြီး “ယ” အစား “ရ” နဲ့ ရေးကြတာကို သွားသတိရတယ်ဗျ။ အဲဒီလို အဆန်းထွင် ရေးခဲ့ကြပေမယ့် ကျွန်တော်တို့ မြန်မာစာအရေးအသားမှာ “ယ” အစား “ရ” တွေ ပြောင်းသွားခဲ့တာမဟုတ်ပါဘူး။

၁၀တန်းကျောင်းသားဘ၀မှာတုန်းက ကျွန်တော်က အဆန်းထွင်ပြီး “်” လေးကို ကော့နေအောင် ရေးတယ်ဗျ။ ပြီးတော့ “ ၀ ”ဆွဲကို တြိဂံလေးဆွဲတယ်။ အဲဒီမှာ မြန်မာစာဦးရဲဝေက ကျွန်တော့်ကို ဆော်တော့တာပဲဗျ။ “အဲဒီလို မရေးရဘူး။ ငါတို့ မြန်မာစာမှာ ဒါမျိုးမရှိဘူး” တဲ့။ ဟုတ်တယ်။ ကျွန်တော်မှားသွားတယ်။ ကျွန်တော် မှားသွားတယ်ဆိုတာ သိသိချင်းမှာ ပြန်ပြင်ခဲ့တယ်ဗျ။ အဲဒီကတည်းက စာဖတ်တိုင်း ဂရုတစိုက် ဖတ်တယ်။ စာလုံးပေါင်းသတ်ပုံမမှားအောင်၊ ရေးပုံသားပုံ အမှားနည်းအောင်လို့ပါ။ ကျွန်တော်တို့ဟာ ကိုယ့်စာပေကို ပိုမိုတိုးတက်အောင်၊ ပိုမိုပြည့်စုံအောင် လုပ်ဖို့ တာဝန်ရှိတယ်။ ပိုမိုရှုပ်ထွေးအောင် လူငယ်တွေ ထင်ယောင်ထင်မှားနဲ့ ဟိုဟာမှန်နိုး ဒီဟာ မှန်နိုးဖြစ်အောင် မလုပ်သင့်ဘူး ထင်ပါတယ်။ ကျတော်(ကျနော်)၊ ကျမ ဆိုပြီး ရေးသားနေကြတာတွေဟာ မသင့်လျော်ဘူးလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်၊ကျွန်မ ဆိုတာ “ကျွန်” ဆိုတဲ့ အနက်ကို သက်ရောက်စေတယ်ဆိုရင် “ကျတော်(ကျနော်)၊ကျမ” ဆိုတာကရော “ကျဆုံးခြင်း” ဆိုတဲ့ အနက်ကို မသက်ရောက်စေနိုင်ဘူးလားဗျာ။

လူဆိုတာ ကိုယ်ပိုင်အခွင့်အရေးရှိတယ်။ ကျမရေးရေး ကျွန်မရေးရေး ကိုယ်ကြိုက်သလိုရေးချင်ရာ ရေးနိုင်တယ်လို့ တစ်ယောက်ယောက်ကများ ပြောလာမယ် ဆိုရင် ငယ်ငယ်ကလို ၀ဆွဲကို ၀မဆွဲဘဲ စတန့်ထွင်ပြီး တြိဂံလေးတွေဆွဲမိတဲ့ ကျွန်တော့် အဖြစ်အပျက်လေးကို သတိရကြပါဗျာ။

Read More...

May 17, 2007

အတ္တကို ငုံ့ကြည့်ခြင်း

“အတ္တကို ငုံ့ကြည့်ခြင်း”

ဒဏ်ရာအနာတရနဲ့
ကျားတစ်ကောင်ဟာ ငါ
အိပ်မက်တွေအဖျောက်ခံလိုက်ရတဲ့
အိပ်စက်ခြင်းတစ်ခုဟာ ငါ
အဆုံးမသိတဲ့လမ်းတွေမှာ လျှောက်ခဲ့တဲ့
ဖိနပ်တစ်ရံဟာ ငါ
သွေးရူးသွေးတမ်းအော်ဟစ်နေတဲ့
လူသားတစ်ယောက်ဟာ ငါ
မင်းတို့တွေ သေချာမမြင်လိုက်ရတဲ့
မျက်နှာဖုံးတစ်ခုအောက်က မျက်လုံးတစ်စုံဟာ ငါ
ဘောင်တွေ ပညတ်ချက်တွေအောက်က
မွန်းကြပ်နေတဲ့ အသက်ရှူသံခပ်ပြင်းပြင်းတစ်ချက်ဟာ ငါ
ဆူဆူညံညံ အော်ဟစ်နေတဲ့ ပေါက်ကွဲသံစဉ်တွေကြားက
အသံတိတ်စာသားတစ်ကြောင်းဟာ ငါ
ထူးအိမ်သင်သီချင်းတစ်ပုဒ်ထဲကလို
ငါနဲ့ ငါအကြား ဗျာများနေဆဲငါ

ငါဟာ ငါကိုယ်တိုင် မုန်းတီးတဲ့
ငါဟာ ငါကိုယ်တိုင် စက်ဆုပ်တဲ့
ငါဟာ ငါကိုယ်တိုင် ကြည့်မရတဲ့
ငါဟာ ငါကိုယ်တိုင် ရွံရှာတဲ့
ငါဟာ ငါကိုယ်တိုင် စိတ်တိုင်းမကျတဲ့
ငါဟာ ငါကိုယ်တိုင် မဟုတ်တဲ့
ငါဟာ ငါကိုယ်တိုင် ခဏခဏ ပြန်မငုံ့ကြည့်ချင်တဲ့ ငါသာ ဖြစ်တယ်.. ။ ။

ခေလွန်း
မေလ ၁၇ရက် ၂၀၀၇

Read More...

May 14, 2007

ဘလော့ဂ်စာအုပ်ထုတ်ဝေရန်အတွက် စင်္ကာပူရှိ မြန်မာဘလော့ဂ်ဂါများ အစည်းအဝေးပွဲကျင်းပ

ဘလော့ဂ်စာအုပ်ထုတ်ဝေနိုင်ဖို့အတွက် မေလ ၁၂ ရက် ၂၀၀၇ တွင် စင်္ကာပူ Esplanade Library ရှိ Cafe တွင် မြန်မာဘလော့ဂ်ဂါများမှ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးသို့ ကိုသန့်ဇင်အောင်၊ ကိုဖြိုးဝေကျော်၊ ကိုဇင်ကိုလတ်၊ ကိုဝေယံလင်း၊ ကိုဝေဖြိုးကျော်၊ မောင်သန့်ဇင်၊ ကိုညီညီ(သံလွင်)၊ ကိုနိုင်မိုးအောင်နှင့် မလင်းလက်ကြယ်စင်၊ မ၀တ်ရည်ထိုက် အစရှိတဲ့ မြန်မာဘလော့ဂ်ဂါများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်များအနက်မှ အချို့ကို ချမှတ်ရာတွင် မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

အစည်းအဝေးကနေ အောက်ဖော်ပြပါအချက်များကို အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်..
၁) တက်ရောက်သူများမှ မိမိနှစ်သက်ရာ ဘလော့ဂ်စာအုပ်နာမည် မဲပေးရွေးချယ်ခြင်း
၂) စာအုပ်တွင် ပါဝင်ရေးသားသော ဘလော့ဂ်ဂါများအနေနှင့် လက်ဆောင်စာအုပ် ရယူလိုပါက လိပ်စာကြိုတင်ပေးရန်နှင့် ရံပုံငွေထည့်ဝင်သူတိုင်းအား စာအုပ်လက်ဆောင်ပေးရန်
၃) အုပ်ရေ ၁၀၀၀ ထုတ်ဝေရန်
၎) စာအုပ်ဆိုဒ်အတွက် ရရှိလာမည့် ရံပုံငွေပမာဏ အနည်းအများပေါ်တွင် မူတည်ပြီး ဆုံးဖြတ်ရန်
၅) စင်္ကာပူရောက် မြန်မာဘလော့ဂ်ဂါများမှ စာအုပ်ရေ ၁၀၀ ကို ကုန်အောင် ရောင်းချပေးရန်
၆) စင်္ကာပူရှိလုပ်ငန်းရှင်များထံမှ ကြော်ငြာရနိုင်မည် မရနိုင်မည်ဆိုသည်မှာ စရိတ်အနည်းအများပေါ်တွင် မူတည်သည်ဖြစ်သောကြောင့် ကြော်ငြာအတွက် ကုန်ကျစရိတ်ကို ရန်ကုန်ဘက်မှ အရင်တွက်ချက်ပေးပါရန်
၇) ဘလော့ဂ်နေ့မတိုင်မီ စာအုပ်ထွက်ခြင်း မထွက်ခြင်းထက် အရည်အသွေးကို ဦးစားပေးဆောင်ရွက်ရန်
၈) ဖတ်ရှုရန်ကျန်နေသေးသော ဘလော့ဂ်များစာရင်းမှ ကူညီဖတ်ရှုမည့်သူများကို တာဝန်ခွဲဝေပေးအပ်ခြင်း
၉) စီစဉ်သူများ၏ အမှာ ထည့်သွင်းရန် အကြံပြုခြင်း
၁၀) အမှာစာ ရေးရန် သင့်တော်မည့်စာရေးဆရာများကို ရွေးချယ်တင်ပြခြင်း
၁၁) ပါဝင်မည့် ဘလော့ဂ်ပို့စ်များကို ကဏ္ဍများ ပိုင်းခြားသတ်မှတ်ခြင်း
၁၂) စာမူရွေးချယ်ရေးအဖွဲ့၏ စာမူရွေးချယ်ရေး ပေါ်လစီကို ချမှတ်ခြင်း
၁၃) စာအုပ်တွင် ပါဝင်ရေးသားသော ဘလော့ဂ်ဂါအသီးသီး၏ နေထိုင်ရာနိုင်ငံကို ထိုသက်ဆိုင်ရာပို့စ်အောက်တွင် ထည့်သွင်းဖော်ပြရန်
၁၄) စာအုပ်တွင် ပိုင်းခြားသတ်မှတ်ထားသော ကဏ္ဍများအတွက် သင့်လျော်သော illustration ပုံများဆွဲရန် အကူအညီပေးနိုင်မည့် ဘလော့ဂ်ဂါများကို အဆိုပြုခြင်း
၁၅) အခြားသူများ၏ စာမူများကို ကူးယူထားသော စာမူပို့စ်ကို မှားယွင်း မဖော်ပြမိအောင် သတိထားစေရန် လိုအပ်သည်ဟု တင်ပြခြင်း
၁၆) ဘလော့ဂ်စာအုပ်မကြာမီ ထုတ်ဝေမည့်အကြောင်းကို ယခုထက်ပိုမိုပြီး လူသိများလာစေရန် ကြော်ငြာများများ လုပ်ရန် မရှိမဖြစ်လိုအပ်သည်ဟု အကြံပြုခြင်း
၁၇) ရန်ပုံငွေများ ထည့်ဝင်ကူညီကြခြင်း

ဘလော့ဂ်စာအုပ်ထုတ်ဝေရန်အတွက် စင်္ကာပူရှိ မြန်မာဘလော့ဂ်ဂါများ အစည်းအဝေးပွဲကျင်းပနိုင်ရာတွင် တက်တက်ကြွကြွ ကူညီခဲ့ကြသော၊ အားတက်သရော တက်ရောက် ပါဝင်ဆွေးနွေးခဲ့ကြသော၊ မတွန့်မဆုတ် ရန်ပုံငွေထည့်ဝင်ခဲ့ကြသော ညီအစ်ကိုမောင်နှမများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ...

Read More...

May 11, 2007

အမှောင်ထဲလျှောက်နေသူများ

“အမှောင်ထဲလျှောက်နေသူများ”

အမှောင်ထဲမှာ အမှောင်ကို မြင်မြင်နေရတာ
မဆန်းဘူးမဟုတ်လား
အလင်းထဲမှာ အမှောင်ကို မြင်မြင်နေရတာတော့ ဆိုးတယ်
လမ်းလွှဲကြီးအတိုင်း ဇွတ်အတင်းလျှောက်ခိုင်းနေတာ
ချောက်ထဲက ဘ၀တွေကို အားမနာ ပါးမနာ
မီးတွေ ပျက်တုန်း
ဖုန်းတွေ ပျက်တုန်း
လမ်းတွေ ပျက်တုန်း
ရေတွေ ကြီးတုန်း
ကုန်ဈေးနှုန်းတွေ ကြီးတုန်း
အပြောတွေ ကြီးတုန်း
အဲဒီလို
ဝရုန်းသုန်းကားခေတ်ထဲ
ဗလောင်းဗလဲအကျင့်တွေ ခေတ်စားတယ်
ဗရုတ်သုတ်ခအမြင်တွေ ပေါ်ပြူလာဖြစ်တယ်
ဗာလာနံတွေ နေရာအပြည့်ယူထားတယ်
ကြာတော့
မြဲမြဲဆုပ်ခံထားရတဲ့ ခုံတွေကို သနားတယ်
မြဲမြဲဆုပ်ကိုင်ထားတဲ့ လက်တွေကို သနားတယ်
ကျီးလန့်စာ စားမလား
မိုးခါးရေ သောက်မလား
ငရဲတံခါးကတော့ ပိတ်ကို မပိတ်တော့ဘူး...။ ။

ခေလွန်း
မေလ ၁၁ရက် ၂၀၀၇

Read More...

May 9, 2007

အမုန်းအလိုမရှိ - မင်းလူ

“အမုန်းအိပ်ပျော်နေပါစေ
သူနိုးလာလျှင် ကမ္ဘာကြီးအတွက်
စိုးရိမ်စရာ ဖြစ်လာလိမ့်မည်”


ဆရာမင်းလူရေးတဲ့ တက္ကသိုလ်ဇာတ်လမ်းတွေကို ဟိုးတုန်းကတည်းက ကြိုက်နှစ်သက်ခဲ့တာ။ အမုန်းအလိုမရှိကလည်း ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ ၀တ္ထုတစ်ပုဒ်လို့ ပြောလို့ရပါတယ်။
တက္ကသိုလ်အနုပညာအသင်း၊ ပန်းချီခန်းမ၊ နံရံကပ်စာစောင်တွေ၊ ပြီးတော့ “လတ်သခင်” ဆိုတဲ့ ကောင်မလေး.. အားလုံးက စိတ်ကူးယဉ်စရာတွေချည်းပဲ ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းက အဲဒီလို တက္ကသိုလ်ကျောင်းသားဘ၀ကို မျှော်လင့်အိပ်မက်ခဲ့တာ။ ဒါပေမယ့် အဲဒီအိပ်မက်တွေ ဖြစ်မလာခဲ့ဘူးဗျာ။ ဆယ်တန်းအောင်ပြီးတဲ့နောက် ကျွန်တော် စင်္ကာပူကို ရောက်လာခဲ့တယ်လေ။

ကျွန်တော် ကြိုက်လွန်းလို့ သုံးခေါက်ထက်မက ပိုဖတ်ဖြစ်တဲ့ စာအုပ်အတော်နည်းပါတယ်။ အမုန်းအလိုမရှိကို ဘယ်နှစ်ခေါက်ဖတ်ပြီးပြီဆိုတာ ရေလို့မရတော့ဘူးဗျ.. :)

ခင်ဗျားတို့ ဖတ်ကြည့်ချင်တယ်ဆိုရင်တော့ ဟောဒီကနေ Download [File Size: 2.31MB] လုပ်ပါ။

Alternative Download Link : Download here

Read More...

May 8, 2007

ဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေး (စင်္ကာပူဘလော့ဂ်ဂါများ တွေ့ဆုံဆွေးနွေးပွဲ)

ဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိဘလော့ဂ်ဂါများတွေ့ဆုံပွဲကို ဧပြီလ ၁၈ရက် နှစ်ဆန်းနှစ်ရက်နေ့မှာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ Coffee King မှာ ကျင်းပခဲ့ပါတယ်။ ကိုစိုးဇေယျ၊ ကိုမျက်လုံး၊ ကိုတက်စလာ၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ အိုအေစစ်၊ ဘလာဂေါက်၊ ဘာညာဘာညာ စသဖြင့် စုံလင်စွာ တက်ရောက်ခဲ့ပြီး ကိုဇင်ကိုလတ်နဲ့ ကျွန်တော်တို့ကလည်း ရန်ကုန်ပြန်ခိုက်နဲ့ ကြုံကြိုက်နေတာမို့ တက်ရောက်ခဲ့ကြကာ မြန်မာဘလော့ဂ်စာအုပ် ထုတ်ဝေရေးအတွက် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပါတယ်။

အခုတစ်ခါမှာတော့ ဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ စင်္ကာပူမှာ ရှိတဲ့ ဘလော့ဂ်ဂါတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲလေးကို Esplanade မှာ လာမယ့်စနေနေ့ မေလ ၁၂ရက်နေ့မှာ တွေ့ကြဖို့ စီစဉ်ထားပါတယ်။ စိတ်ဝင်စားသူမည်သူမဆို လာရောက်ကြဖို့ လေးစားစွာ ဖိတ်ကြားပါတယ်။ Esplanade ရှိ Outdoor Theatre မှာ နေ့လည် ၁နာရီတိတိ တွေ့ဆုံကြပါမယ်။




Read More...

May 7, 2007

၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၃)

သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရွှေတိဂုံဘုရားကို သူမနှင့်အတူ သွားဖြစ်ခဲ့ပါတယ်။
ဘုရားပေါ်မှာ နှစ်ဆန်းတစ်ရက်နေ့ ထုံးစံအတိုင်း လူများက ပျားပန်းခတ်မျှ စည်ကားနေပါတယ်။

ဘုရားပေါ်မှာ ရိုက်ဖြစ်တဲ့ အမှတ်တရ ဓာတ်ပုံတွေထဲက တချို့ပါ...





ဒါကတော့ ဘုရားပေါ်က အဆင်းမှာ တွေ့ရလို့ ရိုက်ထားတာပါ..
ဘုရားဖူးပြီး ကြည်နူးလာတဲ့ အာရုံလေးတောင် ဘယ်ပျောက်သွားမှန်းမသိတော့ဘူး ..

Read More...

May 6, 2007

မေ့လို့မရတော့မယ့်နေ့စွဲတွေအကြောင်း

သံလွင်အိပ်မက် အမှတ်(၁၀) အတွက် သုံးဖို့ ရည်ရွယ်ထားပြီး ဒီဇိုင်းတောင်လုပ်ပြီးခဲ့ပေမယ့် သင်္ကြန်ကဗျာတစ်ပုဒ် နောက်ထပ်ရေးဖြစ်ပြီး မသုံးဖြစ်ဘဲ ချန်ထားဖြစ်တဲ့ ကဗျာလေးပါ။ သူမရယ် သူမရဲ့ကဗျာဆရာရယ် အတူတူရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဆိုပါတော့...

Read More...

May 3, 2007

၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၂)





Read More...

၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၁)

၂၀၀၇ ရန်ကုန်သင်္ကြန်မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံလေးတွေထဲက တချို့ပါ..
ပြန်ပြီး မကဲလိုက်ရတဲ့သူတွေအတွက် အလွမ်းပြေပေါ့ဗျာ..







၂၀၀၇ သင်္ကြန်ဓာတ်ပုံများ (၂) နဲ့ (၃) ကို ဆက်လက် တင်ပေးပါမယ်။ မကြာမီမျှော် ...

Read More...

May 2, 2007

လက်နှစ်ဖက်

ချမ်းမင်းအိမ်၊ ပေါ်ဦးသစ်၊ ၀ိုင်ချိုတို့ရဲ့ “ရှုမျှော်ရာလမ်း” ကဗျာစာအုပ်ထဲက ကြိုက်လို့အခေါက်ခေါက်အခါခါ ဖတ်မိခဲ့တဲ့ ကဗျာလေးပါ။ ဖတ်ဖတ်ချင်းတော့ ဘာမှန်းမသိဘူး။ လက်တွေရှုပ်နေတာပဲပေါ့။ ဖတ်ရင်း အဆုံးနား ရောက်တော့မှ သဘောပေါက်တော့တယ်။ မတူညီတဲ့ လက်နှစ်ဖက် ပေါင်းစပ်သွားလိုက်ကြပုံကို ကဗျာဆရာ ၀ိုင်ချိုရေးဖွဲ့ထားပုံက သိမ်မွေ့လွန်းလှတယ်.. ။ မကြာခင် ဇွန်လ ၁၂ရက်မှာ လက်မှတ်ထိုးပြီး လက်နှစ်ဖက်အတူ ပေါင်းစပ်ကာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူငယ်ချင်းစုံတွဲအတွက် အမှတ်တရ ရည်ရွယ်ပါတယ်။ ကျွန်တော်လား.. အသိသက်သေအဖြစ် လက်မှတ်လိုက်ထိုးပေးမယ်လေ။ ဒါမျိုးဆိုတာ ကူညီကောင်းတယ် မဟုတ်လား။ ကျွန်တော့်အလှည့်ကျရင်တော့ ဘယ်သူတွေကိုများ အကူအညီတောင်းရမှာပါလိမ့်။ ကူညီလိုသူများ စာရင်းစတင်ပေးနိုင်ပါပြီ ဖြစ်ပါကြောင်း ...


“လက်နှစ်ဖက်”

လက်တစ်ဖက်က ပန်းပေးနေချိန်မှာ
လက်တစ်ဖက်က ပျားတုပ်ခံရတယ်
လက်တစ်ဖက်က ငွေရေတွက်နေချိန်မှာ
လက်တစ်ဖက်က စက္ကူတွေလုံးခြေပစ်
လက်တစ်ဖက်က ပန်းခူးနေချိန်မှာ
လက်တစ်ဖက်က စစ်တိုက်နေရတယ်
လက်တစ်ဖက်က လက်ယပ်ခေါ်နေချိန်
လက်တစ်ဖက်က လက်ကာပြခဲ့ရတယ်
လက်တစ်ဖက်က လက်ချိုးကနေချိန်
လက်တစ်ဖက်က လက်ဝှေ့ထိုးနေရတယ်
လက်တစ်ဖက်က လက်ကမ်းနေပေမယ့်
လက်တစ်ဖက်က လက်သိပ်ထိုးလွမ်းလို့
လက်တစ်ဖက်က လက်ပိုက်နေချိန်မှာ
လက်တစ်ဖက်က လက်နက်ချခဲ့ရတယ်
လက်တစ်ဖက်က လက်ညှိုးထောင်နေချိန်
လက်တစ်ဖက်က လက်ရှောင်ခဲ့ရတယ်
လက်တစ်ဖက်ကို လက်သည်းဆိတ်တော့
လက်တစ်ဖက်မှာ လက်ထိပ်နာရတဲ့ ယခု
လက်တစ်ဖက်နဲ့ လက်တစ်ဖက်နဲ့ လက်မှတ်ထိုးတယ်
လက်တစ်ဖက်နဲ့ လက်တစ်ဖက်နဲ့ လက်ထပ်တယ်
လက်တစ်ဖက်နဲ့ လက်တစ်ဖက်နဲ့ လက်ချင်းချိတ်
လက်တစ်ဖက်ကို လက်တစ်ဖက်က လက်ဆုပ်လက်ကိုင်
လက်တစ်ဖက်က လက်တစ်ဖက်ကို
လက်တစ်ဖက်ကို လက်တစ်ဖက်က
လက်တစ်ဖက်ပေးထားလိုက်ကြတယ်။ ။

ဝိုင်ချို
Beatuy Max

Read More...

May 1, 2007

အမှောင်ချထားတဲ့အလွမ်း

ရန်ကုန်မှာ ဒီအချိန်ဆို ည ၁၂နာရီ ရှိပြီ။ ထုံးစံအတိုင်း မီးပျက်နေမယ် ထင်တယ်။ သူမ ပြောသလို ၂၄နာရီ မဟုတ်ဘဲ ၂ရက် ၄နာရီ မီးလာနေပြီဆိုလား။ အမှောင်ထဲမှာ ကျွန်တော့်ကိုများ သူမ သတိတရရှိနေမလား။ ဒါနဲ့ပဲ ဟောဒီ ကဗျာကို ရေးဖြစ်ခဲ့တယ်။ သြော်.. ကဗျာ မရေးခင် .. မီးတွေ အားလုံး ပိတ်ပြီး အမှောင်ချပစ်လိုက်တယ် ဆိုတာ ပြောဖို့ မေ့တော့မလို့ .. ။


“အမှောင်ချထားတဲ့အလွမ်း”

အမှောင်တဲ့
ယောင်ပြီး နမ်းနေမိသလား
ဘေးနားမှာ နင်မရှိဘူး
အလွမ်းဆိုတဲ့ ဆူးတစ်ချောင်းကို
ရင်ခွင်တစ်ခုစာ ဒေါင်းလုပ်*ချထားမိခဲ့တာပါ
နင်ရေးပေးတဲ့ စာတွေ ပြန်ဖတ်ကြည့်တယ်
နင်ပေးထားတဲ့ ဓာတ်ပုံလေး ပြန်ထုတ်ကြည့်တယ်
နင်နဲ့အတူ နေ့ရက်တွေကို ပြန်တွေးကြည့်တယ်
နင့်အပြုံး ခပ်လဲ့လဲ့ကို သတိရတယ်
နင့်စကား ခပ်လွင်လွင်ကို တမ်းတတယ်
ဒါနဲ့
မျက်စိကိုမှိတ် မီးတွေ ပိတ်ပြီး
Big Bag သီချင်းတွေချည်း လှိမ့်နားထောင်နေလိုက်တယ်
ကွန်ပျူတာထဲမှာ နင့်ပုံရိပ်တွေရှိတယ်
ဂျီတော့ခ် ချက်လော့ဂ်* ထဲမှာ နင့်စကားလုံးတွေရှိတယ်
ဖုန်းထဲမှာ နင့်အသံတွေရှိတယ်
ရင်ဘတ်ထဲမှာ နင့်အနမ်းနဲ့ လှုပ်နှိုးခဲ့တဲ့ နှလုံးသားရှိတယ်
ဘလော့ဂ်*ထဲမှာ နင့်ကို အလွမ်းပြေမလားလို့ ရေးထားတာတွေရှိတယ်
အမှန်တကယ်တော့
အရာရာဟာ ပုံမှန်ပါပဲ
ပုံမှန်မဟုတ်ဘဲ dc* ဖြစ်နေတဲ့ ငါကလွဲရင်ပေါ့လေ။ ။

ခေလွန်း
မေလ ၁ရက်၊ ၂၀၀၇

ဒေါင်းလုပ် = download
ဂျီတော့ခ်ချက်လော့ဂ် = G-talk Chat Log
ဘလော့ဂ် = Blog
dc = disconnected

Read More...