Apr 30, 2007

အခြမ်းမဲ့ချမ်းတဲ့ညတွေ

သင်္ကြန်မှာ ရန်ကုန်ခဏပြန်ဖြစ်တော့ ထုံးစံအတိုင်း ကဗျာစာအုပ်တွေ သူမနဲ့အတူ မွှေနှောက်ဝယ်ဖြစ်ပါတယ်။ အဲဒီထဲက ၀ယ်ဖြစ်တဲ့ တစ်အုပ်နာမည်က “ရှုမျှော်ရာလမ်း” တဲ့။ ချမ်းမင်းအိမ်၊ ပေါ်ဦးသစ်၊ ၀ိုင်ချို တို့ရဲ့ ကဗျာတွေပါ။ ကဗျာဆရာ ချမ်းမင်းအိမ်ရဲ့ “အခြမ်းမဲ့ ချမ်းတဲ့ ညတွေ” ကို တော်တော်ကြိုက်မိပါတယ်။ ဒီကဗျာကို ဖတ်မိတော့ ဆရာနန္ဒာသိန်းဇံရဲ့ “အသွင်သဏ္ဍာန်တို့ နောက်ကွယ်..” စာအုပ်မှာ ပါတဲ့ “အခြမ်းပျောက်လမ်း” ကိုလည်း အမှတ်ရမိပါတယ်။

အတိုချုံးပြောရရင် ဂရိဒဏ္ဍာရီအရ ရှေးတုန်းက ကမ္ဘာဦးလူတွေဟာ မျက်နှာနှစ်ခု၊ လက်လေးဖက်၊ ခြေလေးချောင်းရှိတဲ့ သတ္တ၀ါလို့ ဆိုပါတယ်။ လူတွေက ဒုက္ခပေးလွန်းလို့ ဇုနတ်မင်းကြီးက အဲဒီလူတွေကို ထက်ခြမ်းခွဲလိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ လူဟာ အခွဲခံလိုက်ရတဲ့ အခြားသော အခြမ်းကို အရမ်းတွေ့ချင်ပါတယ်တဲ့။ အခွဲခံရတဲ့ အခြမ်းကလည်း အပြန်အလှန်တွေ့ချင်တယ်တဲ့။ ဒါကြောင့်ပဲ အင်္ဂလိပ်စာ အသုံးအနှုန်းမှာ ကိုယ်ချစ်ရတဲ့ ချစ်သူကို “you are my other half” လို့ တင်စားပြောကြတယ်တဲ့။

တကယ်ပါဗျာ.. အခြမ်းမဲ့ ချမ်းတဲ့ညတွေ ဆိုတဲ့ ခေါင်းစဉ်လေးက ဆွဲဆောင်မှုရှိလွန်းတယ်။ ချစ်သူမရှိတဲ့ အခြမ်းမဲ့ ချမ်းတဲ့ညတွေကို ခင်ဗျားတို့လိုချင်မှာ မဟုတ်သလို ကျွန်တော်လည်း လိုချင်မှာ မဟုတ်တာ အမှန်ပဲဗျ။ မနေ့ညကတော့ မိုးတွေသည်းသည်းမည်းမည်း ရွာတယ်..အခြမ်းမဲ့ ချမ်းတဲ့ညတွေထဲ ကျွန်တော်တစ်ယောက်တည်း...။


ကဲ .. ဖတ်ကြည့်လိုက်ပါဦး...

“အခြမ်းမဲ့ ချမ်းတဲ့ညတွေ”

ဒဏ်ရာကို
ဂစ်တာထဲထည့်ပြီး
ညရဲ့ရင်အုံပေါ် ပစ်တင်လိုက်တော့
အဆွေးတွေက
ကြွေကျလာ။
ကန္တာရမှာ မှည့်ဝင်းမယ့်
လမင်းသစ်သီးရေ
ဖြစ်သလို နေတတ်ခဲ့ပေမယ့်
ဖြစ်သလို မချစ်တတ်ခဲ့တာမို့
နေရာထိုင်ခင်းကိုတော့
အတတ်နိုင်ဆုံး ရှင်းထားတယ်
မင်းလာလိမ့်မယ် ထင်လို့။
ဒီမှာ
အနွေးဓာတ်ရဖို့
ဖြတ်စညှပ်စ ချည်မျှင်တွေကိုဆက်
တစ်ကိုယ်စာ စောင်တစ်ထည်ကို
ရက်နေမိတော့တယ်။ ။

မိုးဂျာနယ်၊ အောက်တိုဘာ၊ ၂၀၀၀

Read More...

မပြီးသေးသော သင်္ကြန်ပွဲ ခပ်ရွှဲရွှဲတစ်ရပ်ပင်

ဒီနေ့ ဧပြီ ၃၀ရက်။ မြန်မာပြည်မှာ သင်္ကြန်ပွဲပြီးတာ နှစ်ပတ်ကျော်ရှိပါပြီ။ စင်္ကာပူမှာတော့ မပြီးသေးသော သင်္ကြန်ပွဲများကို ဆက်လက်ဆင်နွှဲနေကြတုန်းပါ။ မကြာခင်ကာလမှာ Ngee Ann Poly နဲ့ Temasek Poly တို့ကလည်း သင်္ကြန်ပွဲများကို ဆက်တိုက်လုပ်သွားမယ်လို့ သိရပါတယ်။ မနေ့က Informatics Jurong Campus မှာ Sherwood သင်္ကြန်လို့ အမည်ရတဲ့ပွဲကို Big Bag နဲ့ Lazy Club စတဲ့ တီးဝိုင်းများ ပါဝင်တဲ့ စတိတ်ရှိုးနဲ့အတူ ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။ ဟိုတလောက Emperor စတိတ်ရှိုးကို မကြည့်ဖြစ်လိုက်ဘဲ သူများကို လက်မှတ်လက်ဆောင် ပေးလိုက်ရတဲ့ ကောင်းမှုကြောင့် မနေ့က ပြုလုပ်တဲ့ အဲဒီပွဲကို သွားကြည့်ဖို့ လက်မှတ် တစ်စောင် အသိတစ်ယောက်ဆီက လက်ဆောင်ရပါတယ်။ လက်မှတ်ပေါ်က ဈေးနှုန်းကို ဖတ်လိုက်တော့ S$45 တဲ့ (စလုံး တစ်ဒေါ်လာကို ၈၄၀၊ ၈၅၀ကျပ်လောက် ပေါက်ပါတယ်.. ကိုယ့်ဘာသာ မြှောက်ကြည့်ပါ)။



ဒါနဲ့ ကျန်တဲ့သူတွေ ဆိုတာကို မကြည့်ချင်ရင်တောင် ကျားပေါက်(ဟန်ထူးလွင်) နဲ့အတူ နည်းနည်းတော့ လိုက်အော်ချင်တဲ့ စိတ်နဲ့ Jurong East ကို ဦးတည်ထွက်ခဲ့ပါတယ်။ ကျွန်တော်က Big Bag ကို အရူးအမူး ကြိုက်ပါတယ်။ ရန်ကုန်ပြန်ဖြစ်တုန်းက ၀ယ်လာတဲ့ တစ်ခွေတည်းသော ကာရာအိုကေအခွေကလည်း The Big Show in Bag (Live Show) အခွေပါ။ ဒီလိုနဲ့ အ၀င်ဝနားရောက်တော့ Big Bag ရဲ့ သီချင်းသံတွေ အတိုင်းသား ကြားနေရပါပြီ။



“ အဘိုးကြီးလည်း Rap အဘွားကြီးလည်း Rap.. မွေးကင်းစ အာပြဲလေးလည်း Rap.. ”
“ အကြော်သည်နှစ်ယောက်ထချလည်း Rap .. ဘယာကြော်ကုလားကြီး အော်လည်း Rap.. သူငယ်နာမကင်းတဲ့ကောင်လည်း Rap.. ”

တကယ်ကို ဟစ်နေပါပြီ။ စင်ပေါ်ကို လှမ်းကြည့်လိုက်တော့ ကျားပေါက်ရယ်၊ ဆင်ပေါက်ရယ်ကို တွေ့ရပါတယ်။ ဒါနဲ့ အမြဲလိုလို သွားလေရာဆောင်သွားတတ်တဲ့ (သံလွင်အိပ်မက်ရဲ့ ဂျာနယ်လစ်ပီပီ..) ကင်မရာလေးထုတ်ပြီး အမှတ်တရ ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ဖြစ်ပါတယ်။ ဘော်ဒါတွေမပါတော့ နည်းနည်းငေါင်ပါတယ်။ မတတ်နိုင်ဘူး။ ဒါနဲ့ ရတဲ့သီချင်းတွေကို နည်းနည်းပါးပါး ခုန်ပေါက်၊ လိုက်အော်ပေါ့။ (အမှန်က ဆိုသွားတဲ့ သီချင်းတွေ အားလုံးကို ရပါတယ်..)



“ ကင်မရာရှေ့ရောက်ရင် အလိုလိုငါ့စိတ်ကြမ်းလာတယ် .. နဂိုပုံစံပျောက်လို့ လူတိုင်းကြောက်အောင် ငါခြောက်ရတယ်.. လူတွေမုန်းသွားအောင် ငါတဘက်ကမ်းခတ်ကျွမ်းကျင်ပေမယ့် လက်ခုပ်သံများ ငါ့အတွက် မဟုတ်ဘူးလေ.. ဗီလိန်.. ရေး.. ဗီလိန်..”



“ ပုံပြင်လေးအဆုံးမှာ ကျွန်တော်မောင်ကျားကြီးဟာ သေကောင်ပေါင်းလဲကိုပဲ ဒေါသတွေထွက်လာ ... လုံးပြီးတော့ ၀ဲပစ်လိုက်တဲ့ ပတ်သက်ခဲ့တာတွေ အားလုံးပဲ ဇာတ်သိမ်းသွားးးးးးးးးး ”



ဒီလိုနဲ့ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုအပြီးမှာ နောက်ဆုံး သီချင်းအနေနဲ့ ကျားပေါက်ရဲ့ အအောင်မြင်ဆုံးသီချင်းလို့ ဆိုရမယ့် နီးနီးလေးနဲ့ ဝေးကို သီဆိုခဲ့ပါတယ်...




“ ငါ့အိပ်မက် မင်းပုံရိပ်များနဲ့ ပျော်ခဲ့ ငါလေရှုံးနိမ့်လို့နေပြီ.. အနေတွေနီးခဲ့လို့ ငါတို့ဝေးရပြီ .. .. .. ဘာတွေ ဆုံးဖြတ်လို့ ဘာဆက်လုပ်ကြမယ် ငါတို့ နီးကြဖို့ ဘယ်အထိ ဝေးရဦးမှာလဲ... မင်းနဲ့ နီးချင်တယ် ”



Big Bag ဆိုအပြီး Lazy Club နဲ့အတူ တင်ဇာမော်ဆိုမယ်အလုပ်မှာပြန်ခဲ့ပါတယ်။ သူမနဲ့ ညနေ အွန်လိုင်းမှာ ချိန်းထားတာ နောက်ကျလို့ မဖြစ်ဘူး မဟုတ်လား.. ။ ။

Read More...

Apr 28, 2007

လမ်းပြကြယ်

“လမ်းပြကြယ်” လို့ နာမည်ပေးထားတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို စင်္ကာပူရောက် မြန်မာများ စုဝေးရာ ပင်နီဆူလာပလာဇာမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ထိုစာကြည့်တိုက်အတွက် စာအုပ်စာတမ်းများ လှူဒါန်းလိုပါက စာကြည့်တိုက်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ လမ်းပြကြယ်အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သံလွင်အင်တာနက်ဆိုက်ဒ်မှာ တင်ထားဖို့ ဟောဒီ ဒီဇိုင်းလေးကို လုပ်ဖြစ်ခဲ့ပါတယ်...




လောလောဆယ်ဖတ်ရှုလို့ရတဲ့ စာအုပ်စာရင်းကို ဟောဒီ အင်တာနက်လိပ်စာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.thanlwin.com/polaris

Read More...

Apr 24, 2007

စိတ်ပျက်လက်ပျက်ဖြစ်စရာကောင်းလှသော ကျွန်တော်

ခရီးရောက်မဆိုက် မအိမ်ခြံမြေက ( အဟဲ.. ကိုဘလာဂေါက်ရဲ့ အာဘော်အတိုင်း ခေါ်ကြည့်တာ) ဆောရီး.. မအိမ့်ချမ်းမြေ့က tag လုပ်လိုက်တယ်ဆိုတော့ ဘာလဲပေါ့။ အဲဒါနဲ့ အလုပ်နည်းနည်းပါးတော့ လိုက်ဖတ်ကြည့်ရပါတယ်။ တွေ့ပါပြီ။ ကိုတက်စလာကြီး စထားတဲ့ ဇာတ်လမ်းကိုးဗျ။

ကဲ.. အတော်လေး စဉ်းစားယူထားရတဲ့ 10 weird things about me ဟောဒီမှာပါဗျာ...

၁) လမ်းသွားရင်း ကားနံပါတ်တွေမြင်ရင် မနေနိုင်မထိုင်နိုင် လိုက်ပေါင်းတတ်တယ်။ (ငယ်ငယ်က စာအုပ်လှန်ထားတဲ့ အကျင့်တွေ မပျောက်သေးလို့နဲ့ တူပါတယ်)

၂) တစ်ခုခုကို လုပ်ချင်ပြီဆိုရင် သင့်တော်သလား မသင့်တော်သလား သိပ်မစဉ်းစားဘဲ လုပ်ချင်ရာကို လုပ်ချတတ်တယ်။ (မှားသွားရင်တော့ ဆောရီးပေါ့။ ကြက်ကန်းတိုးပြီး မှန်သွားရင်တော့ သိပ်တော်တဲ့ငါပဲဆိုပြီး ကြံဖန်ဂုဏ်ယူတတ်တယ်)

၃) တရားလွန်အိပ်တတ်တယ်။ မိုးတွေများ သည်းသည်းမည်းမည်းရွာပြီဆို အလုပ်မသွားဘဲ ဆက်အိပ်လိုက်တော့တာပဲ (အိပ်ရာက နိုးမှ ဆေးခန်းပြေးပြီး ဆေးခွင့်လေး ရအောင် မျက်နှာငယ်လေးနဲ့ ဆရာဝန်ကို ဖျားကြောင်းနာကြောင်း ကိုက်ကြောင်းခဲကြောင်း လျှောက်ပြောတတ်တယ်)

၎) သွားရင်းလာရင်း 2-doors sport car လေးတွေ မြင်ရင် တမေ့တမော လိုက်ကြည့်တတ်တယ် (သြော်.. ဘယ်တော့များမှ စီးရပါ့မလဲ)

၅) သူငယ်ချင်းတွေ အကူအညီတောင်းရင် အားနာပါးနာနဲ့ အားအား မအားအား .. အားအားယားယား လုပ်ပေးတတ်တယ် (အကြောင်းသိ သူငယ်ချင်းတွေကတော့ အမြဲနှိပ်စက်နေကျပါပဲ)

၆) တစ်ခုခုလုပ်ပေးမယ် ကတိပေးထားပြီး အကြောင်းတစ်ခုခုကြောင့်များ မလုပ်ပေးဖြစ်လို့ ပေးထားတဲ့ကတိ ပျက်သွားတဲ့အခါမျိုးဆို မစားနိုင် မသောက်နိုင် ကြေကွဲနေတတ်ရော။

၇) သိပ်မရင်းနှီးတဲ့သူတွေနဲ့တွေ့တဲ့အခါ တိတ်တိတ်ကလေးပဲ နေတတ်တယ်။ (အမှန်က ၀စီပိတ် ကျင့်စဉ် ကျင့်နေတာပါ) အဲ... ရင်းနှီးပြီးသားသူချင်းတွေ့ရင်တော့ အင်္ဂါသားလား သောကြာသားလား မေးရမတတ်ပဲ။

၈) သေသေချာချာ မေးလာပြီဆိုရင် မလိမ်တတ်ဘူး ... ဟန်မဆောင်တတ်ဘူး (အဲဒါကြီးက အတော်လေး ဒွတ်ခပေးတယ်။ အမှန်ပြောတတ်တိုင်း နေရာတကာ မကောင်းဘူး မဟုတ်လား)

၉) လူတစ်ယောက်ကို မကြည်တော့ဘူးဆိုရင် ဘယ်လိုမှ ဟန်ဆောင်ပန်ဆောင် ဆက်ဆံလို့ မရတော့ဘူး။

၁၀) အစားအသောက်အတွက် (အထူးသဖြင့်.. ကိုယ့်ဗိုက်ကိုယ်ဖြည့်ဖို့) ဘယ်တော့မှ မနှမြောတတ်ဘူး။

ဟူး.. ကြိုးစားပန်းစားရေးလိုက်တာ အခုမှပဲ ၁၀ခု ပြည့်တော့တယ်..

ကဲ သူများတွေကို လိုက်ဒွတ်ခပေးကြည့်လိုက်ဦးမယ်...

ဘော်ဘော်ကြီးများဖြစ်တဲ့ ဟောဒီသုံးယောက်ကို Tag ပါတယ်..
ဇင်ကိုလတ်
နေဘုန်းလတ်
ကိုဖြိုး

မှတ်ချက်။ ။ Tag လုပ်တာခံရသော ဘော်ဘော်တွေရေ.. မင်းတို့တတွေ ကိုတက်စလာ ပြောထားသလို ဖြစ်မှာ မကြောက်ဘူးဆိုရင်တော့ ပြန်မရေးလဲ ဖြစ်ပါတယ်။

Read More...

Apr 23, 2007

အဝေးကတေးသွား


တိမ်ဖြူလွလွတွေ လွင့်လွင့်လာတယ်။ ပြာလွင်လွင်ကောင်းကင်ထဲ ငါထိုးခွဲပျံနေတယ်။ “စိတ်ချချင်တယ်” ဆိုတဲ့
သီချင်းသံတွေကြားမှာ နင့်မျက်ဝန်းတွေကို အဝေးက လှမ်းပြီး နမ်းနေမိဆဲ။ ခဏတာခွဲရတာပဲလို့ ကိုယ့်ကိုယ်ကို
ဖြေသိမ့်ဖို့ ကြိုးစားနေမိတယ်။ “မောင်ရေ .. ငါ့ကိုမမေ့နဲ့နော်” ဆိုတဲ့ နင့်အသံတွေ အထပ်ထပ်အခါခါ
ငါကြားယောင်နေမိတယ်ဆိုတဲ့အကြောင်း နင့်ကို ပြောပြရင် နင်ငိုဦးမလား။ ငါ့ကို နှုတ်ဆက်တော့ နင်မျက်ရည်တွေ
ကျနေခဲ့သလား။ ငါ နင့်မျက်ဝန်းတွေထဲကို အရင်ကလို စူးစိုက်ကြည့်ဖို့ မ၀ံ့ရဲခဲ့တာတော့ အမှန်ပါ။ နင့်မျက်ရည်
တွေကို တွေ့ရင် ငါလည်း ငိုမိမယ်ထင်ပါရဲ့။ ကဲပါလေ.. ငါတို့ မုန်းလို့ခွဲခဲ့ရတာလည်း မဟုတ်ဘူး။ သူများ
သမီးရည်းစားတွေလို အချိန်တွေ အကြာကြီးခွဲနေရမှာလည်း မဟုတ်ဘူး။ တကယ်တမ်းတော့ နင်နဲ့ငါ ပြန်ဆုံဖို့
အချိန်တစ်လလောက်ပဲ စောင့်ရမှာပါ။ ငါ ရန်ကုန်မှာ ရှိနေခဲ့တဲ့အချိန်တိုင်းလိုလို ငါနဲ့အတူတူရှိနေပေးခဲ့တဲ့
နင့်ရဲ့အချိန်တွေ ငါစားချင်သမျှတွေ အကုန်လျှောက်စား၊ ငါသွားချင်သမျှနေရာတွေ အကုန်လျှောက်သွား
ခဲ့ကြတာတွေ အားလုံးအတွက် ကျေးဇူးပါ။

နင့်ကို အမြဲပျော်နေစေချင်တာ။ ငါချစ်တဲ့အပြုံးလေးတွေကို အမြဲတမ်း ပြုံးနေစေချင်တာ။
နင့်မျက်နှာလေး တစ်ချက်ညိုသွားမှာ.. နင့်စိတ်ကလေး တစ်ချက်ငြိုငြင်သွားမှာ ငါ ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။

ငါတို့နှစ်ယောက်တော့ တစ်နေ့ထက်တစ်နေ့ ပိုပိုချစ်လာမိကြပြီထင်ပါရဲ့။ ငါတကယ်ကို တွေးထင်မထားမိခဲ့ တာပါ။
ဒီတစ်ခေါက် ငါပြန်လာတော့ နင်နဲ့ငါ နှလုံးခုန်သံတွေ အရင်ကထက် အဆပေါင်းများစွာ နီးကပ်လာခဲ့တာ
ငြင်းဆန်စရာ မလိုအောင်ပါပဲ။ နင့်ကို တယုတယပွေ့ဖက်ထားခဲ့ရတဲ့အချိန်တွေ နင့်နှုတ်ခမ်းလေးကို တရှိုက်မက်မက်
နမ်းခဲ့ရတဲ့အချိန်တွေ နင့်လက်ချောင်းလေးတွေကြား ငါ့လက်ချောင်းလေးတွေကို ထည့်ပြီး ခပ်တင်းတင်းလေး
ဆုပ်ကိုင်ထားခဲ့ရချိန်တွေ “မောင်”လို့ ဖွဖွလေးခေါ်တတ်တဲ့ နင့်အသံလေးတွေ...။ ကဲ.. ငါတစ်ယောက်တည်း
နင်နဲ့ခွဲပြီး အကြာကြီး ဘယ်နေနိုင်မလဲ။

ငါဖတ်ဖို့ နင်ပေးလိုက်တဲ့ ဂျူးရဲ့ “အမှတ်တရ” ကို ခဏလောက်ဖတ်ကြည့်သေးတယ်။ ဟိုးအရင်က
အဲဒီစာအုပ်ထဲက စာတချို့ကို စိတ်လိုလက်ရ နင်ရွတ်ပြခဲ့တာတွေကို အမှတ်ရနေမိပြန်ရော။ ငါမရှိတဲ့အခိုက်မှာ
သတိရနေပါကွာ ~~ အရင်အတိုင်းပဲ ချစ်နေပါကွာ ~~ သီချင်းသံတွေ ဆူညံနေတယ်။ နင့်ပုံရိပ်တွေ
ငါ့မျက်လုံးတွေမှိတ်ထားတဲ့အခါတိုင်း မြင်ယောင်နေမိဆဲ။ နင့်ရဲ့ နူးညံ့တဲ့အထိအတွေ့တွေ၊ နင့်ရဲ့
ကြင်နာယုယမှုတွေ .. ပိုးရေ.. ငါ့ကို လွမ်းနေပါကွာ။ “မောင်ရေ.. နင်မရှိလို့ ငါငိုရတယ်” လို့ တစ်ခါက
နင်ရေးဖူးတယ်နော်။ အခုတော့ ပိုးရေ.. နင်မရှိလို့ ငါငိုရတော့မယ်ထင်ပါရဲ့... ။

မှတ်ချက်။ ။ရန်ကုန်က အပြန် လေယာဉ်ပျံပေါ်မှာ ရေးဖြစ်ခဲ့တာပါ။

Read More...

Blogger Returns

သတင်းခေါင်းစဉ်…


တနင်္ဂနွေနေ့ညနေအချိန်တွင် ဆိုက်ရောက်သော Silk Air လေယာဉ်ဖြင့် စင်္ကာပူသို့ ညီညီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါကြောင်း။

ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာရေကစားခြင်း၊ ရေပက်ခံထွက်ခြင်းတို့ကြောင့် နဂိုကတည်းက မဖြူသော အသားအရေများ ပိုမိုနက်မှောင်လာကြောင်း။

မြန်မာဘလော့ဂ်ဂါစာအုပ်ထုတ်ဝေနိုင်ရေးအတွက် အစည်းအဝေးတစ်ရပ်ကို ရန်ကုန်ရှိဘလော့ဂ်ဂါများနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့ကြောင်း။

နှေးကွေးလှသော အင်တာနက်အမြန်နှုန်းကြောင့် ရန်ကုန်တွင် ရှိစဉ်အတွင်း အီးမေးလ်စစ်ချင်စိတ်၊ ဘလော့ဂ်ရေးချင်စိတ်များ ကုန်ခန်းသွားမလို ဖြစ်ခဲ့ကြောင်း။

ချစ်သူနှင့် အချိန်ရှိခိုက် လုံ့လစိုက်ကာ တနေကုန်လျှောက်လည်ခြင်းကြောင့် ပင်ပန်းသလိုရှိသော်လည်း ထိုဒဏ်လောက်ကို စိုးစဉ်းမျှ မမှုကြောင်း။

တနေကုန်လည်ပတ်ထားသော်လည်း အလုပ်မသွားရခြင်းကြောင့် အလွန်အကျွံအိပ်ခြင်း၊ အစားအသောက်ပေါင်းစုံကို လှည့်ပတ်စားသောက်ခြင်း တို့ကြောင့် ပေါင်ချိန် အနည်းငယ်မျှ တက်လာကြောင်း။

လေးလံသောခြေလှမ်းများဖြင့် အားလုံးကို လက်ပြနှုတ်ဆက်ကာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော (သို့မဟုတ်) မီးအလှည့်ကျပျက်သော (သို့မဟုတ်) Taxi အစုတ်များပေါသော နိုင်ငံတော်သစ်ကြီးကို ကျောခိုင်းထွက်ခွာခဲ့ကြောင်း။


သတင်းအပြည့်အစုံမှာ …. ….. …. ။ ။

Read More...

Apr 13, 2007

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ။ ကျွန်တော်ကတော့ ညက သံလွင်အိပ်မက် ထွက်အောင် အသည်းအသန်လုပ်ထားရပြီး အိပ်ရေးမ၀တာကြောင့် ခေါင်းထဲမှာ ရီဝေေ၀ဖြစ်နေပါပြီ။ မကြာခင် အချိန်အတွင်း ရန်ကုန်ပြန်ရောက်တော့မှာမို့လည်း စိတ်ထဲမှာ ပျော်နေပါတယ်..။ ပြီးတော့ သူမနဲ့လည်း ပြန်တွေ့ရတော့မယ် မဟုတ်လား။

ရန်ကုန်ကို နေ့ခင်း လေယာဉ်ဆိုက်ပါမယ်.. အိမ်ပြန် အထုပ်အပိုးတွေ ပြန်ထား..
သူမဆီသွား.. အင်းယားက မဏ္ဍပ်မှာ ဘော်ဒါတွေနဲ့တွေ့ .. :)
သင်္ကြန်ရေဆိုတာ မထိမတွေ့ရတာ ကြာခဲ့ပါရောလား..

ကဲ.. ကျွန်တော့် အပြန်ခရီး စပါတော့မယ်.. HAPPY NEW YEAR!!!

Read More...

Apr 12, 2007

မနက်ဖြန် သံလွင်အိပ်မက် အမှတ်(၁၀) ထွက်မည်

သံလွင်အိပ်မက် အမှတ်(၁၀) မှာ ပါဝင်မယ့် မာတိကာ ဖြစ်ပါတယ် …



မနက်ဖြန် သင်္ကြန်အကြိုနေ့မှာ သံလွင်အိပ်မက် အမှတ်(၁၀) ထွက်ရှိလာမှာ ဖြစ်ပါကြောင်း ...
http://www.thanlwin.com/thanlwinainmat ကနေ တဆင့် ဖတ်ရှုနိုင်မှာ ဖြစ်ပါကြောင်း ..
အမှတ်(၁၀) အထူးထုတ်အတွက် ပြင်ဆင်ရင်း မိုးလင်းသွားရတဲ့ သံလွင်အိပ်မက်အဖွဲ့သားတွေရဲ့ အိပ်ပျက်ညတွေအတွက် ပြန်လည်အားဖြည့်ဖို့ လိုအပ်တာက ခင်ဗျားတို့ရဲ့ အားပေးမှုတွေပါပဲ… ကျေးဇူးတင်ပါတယ်..
ကဲ … နှစ်သစ်မှာ သူငယ်ချင်းမိတ်ဆွေရောင်းရင်းအပေါင်းတို့ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Happy New Year !!!

Read More...

Apr 6, 2007

သံလွင်အိပ်မက် အမှတ် ၁၀ အတွက် ကဗျာများ

သံလွင်အိပ်မက်အမှတ်၁၀မှာ ပါမယ့် ကဗျာတွေပါ။ ကဗျာတွေကို ကြိုတင်ဖတ်လို့ မရအောင် ပုံအရည်အသွေးကို တမင်တကာ လျှော့ချထားပါတယ်။ သိပ်မလိုတော့ပါဘူး။ ဧပြီ ၁၃ရက် သင်္ကြန်အကြိုနေ့ သံလွင်အိပ်မက်ထွက်တဲ့အထိတော့ နည်းနည်း သည်းခံစောင့်လိုက်ပါဦး..

Read More...

Apr 3, 2007

လူကြုံ

ယခု မကြာမီ ထွက်ရှိမည့် သံလွင်အိပ်မက် အထူးထုတ် အမှတ်(၁၀)အတွက် ရည်ရွယ်ရေးသားထားသော ကျွန်တော့် အက်ဆေးတစ်ပုဒ် ဖြစ်ပါတယ်... ခေါင်းစဉ်က “လူကြုံ” တဲ့။

ဟောဒီမှာ အနည်းအကျဉ်း ဖတ်ကြည့်ပါ.. အပြည့်အစုံကိုတော့ သံလွင်အိပ်မက် အမှတ်(၁၀) ထွက်တဲ့အခါ ဖတ်ရမှာပါ...

“လူကြုံကူညီသယ်ပေးခြင်းသည် ရိုးသားစွာ ကူညီခြင်းတစ်မျိုးသာဖြစ်သည်။ သို့သော် အချို့သော လူမှုရေး နားမလည်သူများကမူ ရလေလိုလေ အိုတစ္ဆေ ဟူသော စကားအတိုင်း အလကား မတ်တင်းရသည့် လူကြုံကို အရေးတကြီးပေးရန်များကိုသာ မဟုတ်ဘဲ ဘာမဟုတ်တာလေးတွေကိုပါ တပြုံတမကြီး ထည့်ပေးကြသည်။ ထိုသို့ သူတပါး၏ အကူအညီကို အခွင့်ကောင်းတစ်ခုအဖြစ် အသုံးချကာ အားမနာပါးမနာ ထည့်ပေးကြခြင်းဖြင့် လူကြုံပါးခြင်းကို အရောင်ဆိုးကြသူ တချို့ကြောင့် လူကြုံဟူသည့် ဝေါဟာရသည် တဖြည်းဖြည်းချင်း အကျည်းတန်လာရသည်။”

Read More...

Apr 2, 2007

ဧပြီလတစ်ရက်နေ့


ဒီနေ့ အင်ပါယာတီးဝိုင်းရဲ့ စတိတ်ခ်ျရှိုးပွဲရှိတယ်။ လက်မှတ်က ၀ယ်ထားပြီးသား။ ပွဲအချိန်က ညနေ ၆နာရီ။

နေ့လည်ကတည်းက အိမ်က ကြိုထွက်တယ်။ တက်ကြွလွန်းလို့ မဟုတ်ပါဘူး။ စင်္ကာပူရောက်ခါစ သူငယ်ချင်းတစ်ယောက်ကို ဓာတ်ပုံလိုက်ရိုက်ပေးမယ် ကတိပေးထားလို့။

ပန်နီဆူလာပလာဇာသွားတယ်။ ရန်ကုန်ပြန်ဖို့ လေယာဉ်ပျံလက်မှတ်ယူတယ်။ ဆိုင်က အစ်မကြီးက အိမ်ပြန်ပြီး ပိုက်ဆံပြန်တောင်းမလို့လားတဲ့ မေးတယ်။ ကျွန်တော့်ပုံစံက အဲဒီလောက်တောင်ပဲ ဖြစ်နေပြီလား မပြောတတ်ဘူးဗျာ။ သိပ်တော့ ငြင်းခုန် မနေတော့ဘူး။ တချို့လူတွေက သေချာမသိဘဲ အထင်နဲ့ ရမ်းတုတ်တဲ့နေရာမှာ တဘက်ကမ်းခတ်တယ်။။ အဖေမှာတဲ့ ဆေးဝယ်တယ်။ အမေမှာတဲ့ ပရုတ်ဆီက ၀ယ်ပြီးသား။

နောက်ပြီး ထမင်းစားတယ်။ စင်္ကာပူလေးဒေါ်လာတောင် ပေးလိုက်ရတယ်။ ငါးသလောက်ရယ်၊ ဆိတ်ကလီဇာရယ်၊ ပြောင်းဖူးကြော်ရယ် သုံးမျိုးထဲကို..။ အင်း.. မြန်မာဆိုင်တွေ တဖြည်းဖြည်း ဈေးကြီးလာပြီ။ ဘယ်ဆိုင်လဲဆိုတာ နာမည်မပြောတော့ပါဘူး။ တော်ကြာ နောက်တစ်ခါ သွားစားရင် ငါးကျပ်ယူနေဦးမယ်။ အမှန်က Fast Food စားရင်လဲ အဲဒီလောက်ပဲဗျ။

ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ စင်္ကာပူမြစ်ကမ်းဘေးနားသွားတယ်။ Esplanade Theatre ကို သွားတယ်။ ကင်မရာက တဖျတ်ဖျတ်လက်။ ဟိုနားရိုက်လိုက် ဒီနားရိုက်လိုက်။

အဲဒီကနေ Orchard ရောက်သွားတယ်။ ဟိုးတစ်ခါက စာအုပ်ဝယ်လို့ရထားတဲ့ Discount Voucher လေး အရင်းပြုပြီး စာအုပ်နှစ်အုပ် 20% discount နဲ့ ၀ယ်တယ်။ The River of Lost Footsteps By U Thant Myint (grandson of U Thant) ရယ်.. The Art of Loving ရယ်။ ပထမစာအုပ်က ထွက်ကတည်းက ဖတ်ချင်တာကြာပြီ။ မ၀ယ်ဖြစ်သေးတာ။ ဒုတိယ စာအုပ်က ချစ်သူအတွက်။

နောက် Hard Rock Cafe သွား ဟိုဟာဝယ် ဒီဟာဝယ်။ ရထားဘူတာ ပြန်လျှောက်လာတော့ ဟိုတယ်တစ်ခုရှေ့မှာ Ferrari တစ်စီးရယ် Lamborghini တွေ အများကြီးရယ် ရပ်ထားတာ တွေ့တယ်။ ဖြတ်သွားဖြတ်လာ လူတွေကလည်း အဲဒီကားတွေနဲ့ ဓာတ်ပုံရိုက်နေကြတယ်။ ဒါနဲ့ အားကျမခံ ဓာတ်ပုံသွားရိုက်တယ်။

စတိတ်ခ်ျရှိုးကြည့်ဖို့ အသွား ဘူတာဆီ ဆက်လျှောက်လာတုန်း စင်္ကာပူရောက်နေတဲ့ အစ်ကိုတော်ဆီက ဖုန်းဝင်လာရော။ ဒီညနေ တွေ့ကြမယ်တဲ့။ ကဲ.. သွားပြီ။ ၀ယ်ထားတဲ့ လက်မှတ်က အလကားဖြစ်ရော။ အတူပါလာတဲ့ သူငယ်ချင်းကို လက်ဆောင်ပေးလိုက်တယ်။ မင်းပဲ သွားကြည့်လိုက်တော့။ (စေတနာ ကောင်းလှချည်လားလို့ ထင်မှာပဲနော်)

အစ်ကိုနဲ့တွေ့တယ်။ ဆုံးမ သြ၀ါဒတွေ ခံယူတယ်။ ညီညီ .. မင်း ကလေး မဟုတ်တော့ဘူးတဲ့။ ဟုတ်ကဲ့ ကျွန်တော် ပြုံးရုံပဲပြုံးနေလိုက်တယ်။ သူ့မိသားစုအတွက် လက်ဆောင်တွေ ၀ယ်လိုက်ခြမ်းလိုက်။ သူ့အတွက် ကင်မရာတစ်လုံးလိုက်ဝယ်ပေးတော့ သဘောကျနေလေရဲ့။ ဟိုနား လျှောက်ရိုက်လိုက် ဒီနား လျှောက်ရိုက်လိုက်နဲ့။ သူ့ဟာသူလဲ သိပြီး ပြောလိုက်သေးတယ်.. မျောက်အုန်းသီးရသလိုဖြစ်နေပြီတဲ့။ အဲဒီ အုန်းသီးနဲ့ ကျွန်တော့်ကို ခဏခဏရိုက်နေလေရဲ့။

ညစာ စားတယ်။ ဆာတေးတွေ ဘယ်လိုကုန်သွားမှန်းမသိဘူး။ ထမင်းက နည်းနည်းမာသလိုပဲ။ Sting Ray (ငါးလိပ်ကျောက်) စားချင်တာ အစ်ကိုတော်က မကြိုက်ဘူးဆိုတော့ မစားရဘူး။ စားနေရင်း ဖုန်းတစ်လုံးနဲ့ အိမ်ကို ဆက်လိုက်။ အစ်မတော်တွေဆီ ဆက်လိုက်။ အစ်ကိုတော် ဖုန်းပြောနေတုန်း အစားတွေချည်း လှိမ့်စားနေမိတယ်။ နာရီကို ကြည့်တယ်။ သေတော့မှာပဲ။ ရထားမီမှာ မဟုတ်တော့ဘူး။ ဒါနဲ့ အစ်ကိုတော်ကို Taxi တစ်စီး တားပေးပြီး တင်ပေးလိုက်တယ်။ ကဲ.. သဘောင်္ပေါ် ကောင်းကောင်းပြန်ပေတော့။ နောက်ထပ် Taxi တစ်စီး ရဖို့ အတော်လေးစောင့်လိုက်ရတယ်။ ရတော့ Taxi မောင်းတဲ့သူက ဆယ့်နှစ်နာရီကျော်ပြီဆိုတော့ ပြုံးပြုံးလေး အိမ်ကို မောင်းပို့ပေးတယ်။ သူက တစ်ဆခွဲရတာကိုး။

အမှန်က တစ်နေ့လုံး ပင်ပန်းနေပြီ။ အိမ်ပြန်ရောက်တော့ ဘလော့ဂ်ကို အပြေးအလွှားကြည့်တယ်။ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တချို့ကို ခဏလိုက်ဖတ်တယ်။ ကျွန်တော့် ဘလော့ဂ်ကို လာလည်တဲ့ သူငယ်ချင်းတွေကို အားနာမိတယ်။ ဒီရက်ပိုင်း ဘာမှကို မရေးဖြစ်လို့။ ဒါနဲ့ပဲ ကျွန်တော် အခု ကျွန်တော့်ရဲ့တစ်နေ့တာ ဒီပို့စ်ကို ရေးနေတယ်။ အခု ည ၃နာရီ ၂၀ မိနစ်။ အခု မအိပ်ရင် မနက်ဖြန်အလုပ်နောက်ကျမှာ သေချာနေပြီ။

ဧပြီလ တစ်ရက်နေ့.. တစ်နေ့လုံး အရူးတစ်ယောက်လို ရှုပ်ယှက်ခတ်နေတော့တာပါပဲ.. April Fool Day မှာ ညီညီ ရူးသွားရင် မဆန်းဘူး ထင်ပါရဲ့။

Read More...