Mar 31, 2007

စည်းအပြင်ကလူ

ပြင်သစ်စာရေးဆရာ အဲဘတ်ကမူးရဲ့ နာမည်ကျော် The Outsider ကို ဆရာထင်လင်း ဘာသာပြန်ထားတဲ့ “စည်းအပြင်ကလူ” ဟာ အခြားသော သာမန်ဇာတ်လမ်းများနှင့်မတူ တမူထူးခြားသောရသကို ပေးစွမ်းနိုင်ပါတယ်။ ဒီစာအုပ်ကို ဆယ်ကျော်သက်အရွယ်မှာ ဖတ်တုန်းကတော့ သိပ်နားမလည်ဘူး။ အဓိက ဇာတ်ဆောင် “မားဆိုး” ရဲ့ လုပ်ရပ်က နည်းနည်းကြောင်နေသလိုပဲလို့။ ဒါပေမယ့် အခုတော့ ကိုယ့်ကိုယ်ကို မှန်ထဲ တစ်ခါတစ်ခါ ပြန်ကြည့်ရင် “မားဆိုး” ကို တွေ့နေရသလိုပဲ။

“စည်းအပြင်ကလူ” လို့ နာမည်ပေးထားတဲ့ ကျွန်တော့် ကျောင်းနေဖက်သူငယ်ချင်း ကိုဖြိုးရဲ့ ဟောဒီဘလော့ဂ်လေးကိုလည်း မဖတ်ရသေးရင် သွားဖတ်ကြည့်လိုက်ပါဦး။

ဆရာထင်လင်း ဘာသာပြန်ထားတာကိုတော့ ဟောဒီကနေ ယူပြီးဖတ်ရှုနိုင်ပါတယ်...
[Download here : File Size 7.4MB]

Read More...

Mar 28, 2007

သံလွင်အိပ်မက် (၁၀) မကြာမီမျှော်...

သံလွင်အိပ်မက်ကို ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့မှာ ထွက်ရှိနိုင်ဖို့ ရည်ရွယ်ထားပါတယ်..
သံလွင်အိပ်မက်ထုတ်ဝေခြင်း ၁၀ စောင်မြောက် အထူးထုတ် အနေနဲ့ ထွက်ရှိလာပါမယ်..
ဘာတွေထူးခြားမလဲဆိုတာတော့ စောင့်မျှော်ကြပါဦး ခင်ဗျာ..

ဒါကတော့ ကျွန်တော်ဆွဲထားတဲ့ သံလွင်အိပ်မက် Coverpage ဒီဇိုင်းပါ..

Read More...

Mar 27, 2007

သံလွင်အိပ်မက် အမှတ် ၁၀ အတွက် banner

သံလွင်အိပ်မက် ၁၀စောင်မြောက် အထူးထုတ်အတွက် မတောက်မခေါက်တတ်ထားတဲ့ Photoshop ပညာလေးနဲ့ banner ဒီဇိုင်းဆွဲထားတာပါ...

Read More...

Mar 26, 2007

အပြာရောင်ပိတောက်

အဲဒီ
ပြာလဲ့နေတဲ့ ပိတောက်ပင်အောက်မှာ ..

ဆွံ့အနေတဲ့ စကားသံတွေ ရှိတယ် ..
ဟောင်ဖွာဟောင်ဖွာမုသာဝါဒတွေလည်း ရှိတယ်။

တိတ်တဆိတ်လဲလျောင်းနေတဲ့ လမ်းမကြီး ရှိတယ် ..
မာကျူရီတွေလင်းထိန်နေတဲ့ လမ်းမကြီးလည်း ရှိတယ်။

ဆေးကြောခံလိုက်ရတဲ့ သွေးစက်တွေရှိတယ် ..
နောင်တမရတဲ့ သားသတ်သမားတွေလည်း ရှိတယ်။

အခိုးခံလိုက်ရတဲ့ လွတ်လပ်မှုတွေ ရှိတယ် ..
ဇိမ်ကျနေတဲ့ အနိုင်ကျင့်မှုတွေလည်း ရှိတယ်။

ထိုးကျွေးလိုက်ရတဲ့ ညစာတွေ ရှိတယ် ..
မျက်လှည့်အပြခံလိုက်ရတဲ့ ငွေစက္ကူတွေလည်း ရှိတယ်။

လုယက်ခံလိုက်ရတဲ့ ရိုးသားခြင်းတွေ ရှိတယ် ..
သိလျက်နဲ့မိုက်တဲ့ ကလိန်ကကျစ်စရိုက်တွေလည်း ရှိတယ်။

အသံမမှန်တော့တဲ့ ဂစ်တာတစ်လက် ရှိတယ် ..
ပီပီသသကြေညာနေတဲ့ ရေဒီယိုသတင်းတွေလည်း ရှိတယ်။

ဘယ်သူ့ကိုမှမပေးဖြစ်တဲ့ အရာတစ်ချို့ ရှိတယ် ..
ဘယ်သူမှမသိနိုင်တဲ့ အဝေးကြီးကအိပ်မက်တစ်ချို့လည်း ရှိတယ်။

သေချာတာကတော့
အဲဒီ
ပြာလဲ့နေတဲ့ ပိတောက်ပင်အောက်မှာ ..
အ၀ါရောင်ပိတောက်တွေ အရင်ကလို ပြန့်ကျဲမနေဘူးဆိုတာပဲ။

ခေလွန်း

Read More...

ပေါ့ပါးလွတ်လပ်ခဲ့သော ရက်စွဲများဆီ

သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ ပညာသင်ခဲ့တဲ့ ကျောင်းအတွက် အမှတ်တရ ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ သံလွင်အိပ်မက် အမှတ် ၇ ဇူလိုင်လ ၂၀၀၆ မှာလည်း ဖော်ပြခဲ့ဖူးပါတယ်။ ဒီကဗျာလေးဟာ သူမနဲ့ သူမရဲ့ကဗျာဆရာကို ပြန်လည်ဆုံဆည်းစေရာမှာ အဓိကကျတဲ့ အခန်းက ပါဝင်ခဲ့တယ်ဆိုရင် မမှားပါဘူး။ အဖြူအစိမ်းဝတ်ထားတဲ့ အတိတ်တွေဟာ လက်ရှိဘ၀အတွက်တော့ ကြည်နူးဖွယ်ရာအတိပြီးတဲ့ အိပ်မက်တွေပဲ ဖြစ်ခဲ့တယ်..

Read More...

Mar 25, 2007

လက်ဝါးကြီးမအုပ်သူများ

လက်ဝါးကြီးမအုပ်ဘူးလို့ လူကြားကောင်းအောင် ပြောရင်း လက်တွေ့မှာတော့ လက်ဝါးချင်းရိုက်ပြီး စီးပွားရေးကို ခြယ်လှယ်နေသူတွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဖော်ပြနိုင်တဲ့ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးပါ..

Read More...

ဘွဲ့လွန်သင်တန်း ၀င်ခွင့်စာမေးပွဲများ



ဒီခေါင်းစဉ်နဲ့ ရေးထားတဲ့ ကျွန်တော့်ရဲ့ဆောင်းပါးကို ၂၀၀၅ ဒီဇင်ဘာလထုတ် သံလွင်အိပ်မက် အမှတ်(၅)မှာ ဖော်ပြခဲ့ဖူးပါတယ်။ ပြီးတော့ ၂၀၀၅ ဒီဇင်ဘာမှာ ထုတ်ဝေတဲ့ Living Color Magazine မှာလည်း ဖော်ပြခဲ့ဖူးပါတယ်။ ဆရာစိုးသော်တာရဲ့ ကာတွန်းဒီဇိုင်းပုံလေးကို ကြည့်မိတော့ အတော်လေး သဘောကျပါတယ်။ ဒီဆောင်းပါးကို ရေးတော့ လိုအပ်တဲ့ အချက်အလက်တွေကို ဘာသာပြန်ရတာ အတော်လေး အခက်တွေ့ရပါတယ်။ စာဖတ်တဲ့သူတွေ ကျွန်တော် မြန်မာလိုဆီလျော်အောင် ပြန်ထားတာတွေကို နားမလည်မှာ စိုးလို့ အင်္ဂလိပ်လိုပါ တွဲလျက် ဖော်ပြထားတာကို တွေ့ရမှာပါ။



“တိုင်းပြည်တစ်ပြည်၏ အကောင်းအဆိုးအနာဂတ်သည် ထိုတိုင်းပြည်တွင်ရှိသော ပညာတတ်ဦးရေ အနည်းအများ၊ ထိုပညာတတ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုနှင့် တိုက်ရိုက်အချိုးကျနေပါသည်”

သံလွင်အိပ်မက်တွင်ဖော်ပြခဲ့သောစာမူ

Living Color တွင်ဖော်ပြခဲ့သောစာမူ

Read More...

Mar 23, 2007

ခွင့်


မြန်မာနှစ်ကူးပြန်ချင်ပါတယ်ဆိုပြီး အလုပ်မှာ ခွင့်တင်ထားတာ တစ်ပတ်လောက်ရှိပြီဗျ။ အခုထိ ဘာမှရေရေရာရာ အကြောင်းမပြန်ဘူး။ ခွင့်ရက်ကလည်း အများကြီး မယူပါဘူး။ ၇ ရက်တည်း ခွင့်တင်တာပါ။ ဒါကို များတယ် တစ်ရက်လျော့ပြီး တင်ပါဆိုပြီး ဈေးဆစ်လို့ မပြန်ရတာထက်စာရင် တော်သေးရဲ့လို့ တွေးပြီး မကျေမနပ်နဲ့ ၆ ရက်တည်း ခွင့်တင်လိုက်ရတယ်။ ခွင့်ရခဲ့ရင်တောင် သင်္ကြန်အကြိုနေ့မှ ပြန်ရမှာ။

အလုပ်မှာလုပ်စရာတွေ အရမ်းများနေလို့ မပြန်ပါနဲ့ ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ။ အခုဟာက မတင်မကျနဲ့။ ကောင်မလေးဆီက ချစ်ပါတယ်ဆိုတဲ့ အဖြေကို ရဖို့ တဂျီဂျီနဲ့ တောင်းနေရသလိုပဲ။ လုပ်စရာတွေကို အချိန်ဇယားနဲ့ အမီဖြစ်အောင် လုပ်ပေးထားရက်နဲ့ တမင်သက်သက်ညစ်နေတာ။ အမှန်က မြန်မာပြည် ၆ရက် ပြန်မယ့်အတွက် အဲဒီရက်တွေအတွက် အလုပ်မှာ လုပ်စရာရှိတာတွေကို ကြိုလုပ်ထားပြီးသား။ အဲဒါကို ခွင့်ပေးမှာလိုလို ခွင့်မပေးဘူးလိုလို ဘာလိုလိုညာလိုလို လုပ်နေတာတော့ ဘယ်ကောင်းမလဲ။

ဒါပဲ.. သူများလက်အောက်လုပ်ရတယ်ဆိုတာ။ ကိုယ်ပိုင်အလုပ် မလုပ်နိုင်သေးသရွေ့ တစ်နေ့တစ်နေ့ သူတို့မျက်နှာကြည့်နေရတဲ့ ဘ၀တွေပဲ။ တခါတလေလောက် “အင်း.. မြန်မာပြည်ပြန်ပြီး ကိုယ်ပိုင်စီးပွားရေးလေး ဘာလေး လုပ်ရင်ကောင်းမယ်” လို့များ ရန်ကုန်က မိဘတွေကို ဖုန်းပြောဖြစ်တဲ့အခါ ပြောမိရင်.. “ဘာ ပြန်လုပ်မှာလဲ” တဲ့။ “မြန်မာပြည် ပြန်မနေနဲ့” တဲ့။ အဲလိုပေါ့ဗျာ.. ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါတယ်။

ဘယ်သူ့ဆီက ဘာအတွက်မှ ခွင့်တောင်းစရာ မလိုဘဲ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရတဲ့ဘ၀ကို ဘယ်တော့မှ ရောက်မလဲ.. ။ အခုတော့ ဒီနှစ်သင်္ကြန်ပြန်လည်ဖို့ ခွင့်မရဘူးဆိုရင် … သီချင်းတစ်ပုဒ်ပဲ ထပ်တလဲလဲ အော်ဆိုမိတော့မှာ..

“~~ဆုံနိုင်ခွင့်လေး~~တမ်းတမိတယ်~~ဘယ်တော့လဲ~~”

Read More...

အမြဲစိမ်း

အထက်တန်းကျောင်းသားဘ၀တုန်းက ရေးဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ..
ကဗျာစာကြောင်းတိုင်းကို “စိမ်း”တွေနဲ့ချည်း ကြိုးစားပမ်းစားရေးထားတာဗျ။
ဇော်ဝင်းထွဋ်ရဲ့ “ဂန္တ၀င်စိမ်း” သီချင်းကို inspire ဖြစ်ပြီး ရေးထားတယ်ဆိုပါတော့…

~~စိမ်းသော သစ်ရိပ်အောက်တွင် .. စိမ်းသောမြမြက်ခင်းပေါ်.. စိမ်းသောသူ့ဝတ်စုံအဆင်..
စိမ်းကားခြင်း နိမိတ်ပုံများ.. သမိုင်းစိမ်းမင်းရေးဖွဲ့သွား~~


အမြဲစိမ်း

စိမ်းကားဖယ်ရှောင်
စိမ်းသယောင်ယိမ်း
စိမ်းခွာတိမ်းသော်
စိမ်းတော်မူစမ်း
စိမ်းရောင်လွှမ်းကာ
စိမ်းမာနနဲ့
စိမ်းသာပြတော့
စိမ်းကမ္ဘာက
စိမ်းဇာချသူ …။

ခေလွန်း

Read More...

ဂစ်တာကြိုးညှိရအောင်

တလောက ရန်ကုန်ပြန်တော့ ဂစ်တာတစ်လုံးထပ်ဝယ်လာပါတယ်။ ခက်တာက ဂစ်တာကို မတောက်တခေါက်သာ တီးတတ်ပြီး ကြိုးကို သေသေချာချာမညှိတတ်ပါဘူး။ ဒါနဲ့ ဂူဂယ်လ်ကို မေးရပါတယ်။ ဂစ်တာကြိုးညှိတဲ့ ဆော့ဝဲလ်တစ်ခုလောက်များ အလကားရနိုင်မလားလို့။ ဒါနဲ့ ဂူဂယ်လ်လမ်းညွှန်မှုတွေအရ လိုက်ရှာလိုက်တာ နောက်ဆုံးမှာ ဒီ Pitch Perfect ဆိုတဲ့ ဆော့ဝဲလ်လေးကို ရပါတယ်။ ဂစ်တာကြိုးညှိဖို့အတွက် လွယ်လွယ်ကူကူ အသုံးပြုနိုင်တဲ့ ဆော့ဝဲလ်လေးတစ်ခုပါ။ ကြိုးကို တစ်ချောင်းချင်းတီးတာနဲ့ အဲဒီကြိုးရဲ့ Frequency ကို လာပြပါလိမ့်မယ်။ ဂစ်တာကြိုးခြောက်ကြိုးစလုံး အောက်မှာ ပြထားတဲ့ အသံတွေ ရပြီဆိုရင် ကြိုးအားလုံး ညီသွားပါပြီ။





ခြောက်ကြိုး - E
ငါးကြိုး - A
လေးကြိုး - D
သုံးကြိုး - G
နှစ်ကြိုး - B
တစ်ကြိုး - E

Pitch Perfect လို့ ခေါ်တဲ့ ဆော့ဝဲလ်ကို ဟောဒီနေရာကနေ ရယူနိုင်ပါတယ်..

Read More...

မျက်လုံး

မင်းက
ဘာလို့
ဝိုင်အရက်တွေထည့်ထားရတာလဲ..
တံခါးကို ပိတ်လိုက်..
အခုကို ငါမူးနေပြီ..

(စံညိမ်းဦး)

အရမ်းကြိုက်လို့ကူးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ခေါင်းစဉ်နဲ့ တွဲဖတ်မှ အဓိပ္ပာယ်ရေးရေး နားလည်ပါတယ်။ နားမလည်ဘူးပြောမယ့်သူတွေအတွက် ကျွန်တော်နားလည်သလို ရှင်းပြပါမယ်...

“မင်းက ဘာလို့ ၀ိုင်အရက်တွေ ထည့်ထားရတာလဲ.. ”

သူ့ရဲ့မျက်ဝန်းတွေဟာ မူးယစ်ရီဝေဖွယ်ကောင်းနေတယ်...

“တံခါးကို ပိတ်လိုက်...”

အဲဒီ ရီဝေစဖွယ် မျက်ဝန်းတွေကို ကျေးဇူးပြုပြီး မှိတ်ထားပေးပါ။

“အခုကို ငါမူးနေပြီ...”

ဒီမျက်ဝန်းတွေကြောင့် ငါ့မှာ အခုကိုပဲ မူးဝေေ၀ဖြစ်နေရပြီ...

Read More...

Mar 21, 2007

ပိတောက်ရောင်သန်းနေတဲ့ည

မိုးသံလေသံတွေက
ဒီညအတွက် တိတ်ဖို့ စိတ်ကူးရှိပုံမရဘူး
အလွမ်းဆိုတာ ကူးစက်တက်တဲ့ရောဂါတစ်မျိုးလား
ကြားနေရတဲ့ တေးသွားကို လှမ်းကြည့်တော့
ပိတောက်ရောင်သန်းနေတာ တွေ့တယ်..

ကဗျာတစ်ကြောင်းရေးတယ်
စိတ်တိုင်းမကျတော့ ပြန်ဖျက်တယ်
ပြန်ရေးတယ်
ပြီးတော့ ပြန်ဖျက်တယ်
တစ်ခုခုလိုနေတယ်..
ဒါပေမယ့် စိတ်တိုင်းမကျတဲ့ကဗျာကို
ကြိုးစားပြီး ဆက်ရေးတယ်..

သင်္ကြန်မိုးက တ၀က်တပျက်နဲ့ ရပ်သွားတယ်
သင်္ကြန်ပြန်မယ်ဆိုတဲ့ စိတ်ကူးတွေလည်း ခွင့်မရရင်
အဲဒီလိုပဲ တ၀က်တပျက်နဲ့ ရပ်သွားမှာ
ဒါဆိုလဲ .. ကြွေကွာ..
ဘာဆန်းလဲ
လိုချင်တာတွေ ပေးခဲ့ရဖူးပြီ
ဖြစ်ချင်တာတွေ မေ့ခဲ့ရဖူးပြီ
အဝေးကြီးက သူမရဲ့ ကဗျာဆရာအတွက်
မျှော်လင့်ချက်ဆိုတာ
အလွယ်တကူ ဖျက်ဆီးခံရတတ်တဲ့အရာသာ ဖြစ်တယ်..

ပိတောက်ရောင်သန်းနေတဲ့ညဟာ
သူမ အပြုံးတွေလိုပဲ မွှေးမြတယ်..
ပိတောက်ရောင်သန်းနေတဲ့ညဟာ
ငါ့ အတွေးတွေလိုပဲ ငြိမ်သက်ဆဲ ..
ပိတောက်ရောင်သန်းနေတဲ့ညမှာ
မောင်လို့ ခေါ်သံတွေ ပြည့်နှက်နေတယ်..
ပိတောက်ရောင်သန်းနေတဲ့ညမှာ
ငါ အိပ်မပျော်ဘူး..

ခေလွန်း
မတ်လ ၂၀ရက်၊ ၂၀၀၇

Read More...

ကိုယ်ကျင့်နဲ့ ပညာ


၁၉၉၄ခုနှစ်ခန့်က မုံရွာမြို့တွင် ဟောပြောခဲ့သော ဆရာအောင်သင်း၏ ဟောပြောချက်များကို စာအုပ်အနေဖြင့် ထုတ်ဝေထားတဲ့ .. ကိုယ်ကျင့်နဲ့ ပညာ စာအုပ်ဟာ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ...

ကိုယ်ကျင့်နဲ့ ပညာ - အောင်သင်း [File Size : 27.1MB]

Read More...

Mar 20, 2007

၂၀၀၇ NYP သင်္ကြန်မှ ပုံရိပ်များ

Nanyang Poly ရဲ့ ၂၀၀၇ မြန်မာ့ရိုးရာသင်္ကြန်ပွဲကို မတ်လ ၁၇ရက်နေ့မှာ NYP ရှိ Theatre for the Arts မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံမရိုက်ရဘူးလို့ ကြေညာတော့မှပဲ ပါလာတဲ့ ကင်မရာကို ထုတ်ရိုက်ဖို့ သတိရပြီး ရိုက်ဖြစ်သွားတဲ့ ပုံလေးတွေပါ။ :) သံလွင်အိပ်မက်အတွက် သတင်းလာယူမယ်လို့ ကြိုပြောထားတာကြောင့် ရှေ့နားမှာ ထိုင်စရာနေရာရဖို့ ကြိုတင်စီစဉ် ပေးထားတဲ့အတွက် ညီငယ်နိုင်လင်းထွန်းကို ကျေးဇူးတင်ပါတယ်။

ဒီတစ်နှစ်သင်္ကြန်ပွဲသွားမှပဲ ကိုယ့်ကိုယ်ကို တော်တော်အသက်ကြီးပြီဆိုတာ သတိပြုမိပါတော့တယ်။ လွန်ခဲ့တဲ့ ၅နှစ်လောက်က အဲဒီစင်မြင့်ပေါ်မှာ NYP ရဲ့ Lazy Bones Band နဲ့အတူ အသံခပ်ချာချာနဲ့ သီချင်းတက်ဆိုခဲ့ဖူးတာကို အမှတ်ရပါတယ်။

ပြဇာတ်ကတော့ ရယ်နေရလို့ ဓာတ်ပုံတောင် မရိုက်ဖြစ်လိုက်ဘူး။ ပြဇာတ်ထဲမှာ ပြောသလိုဆိုရင်တော့ Organizer တစ်ဖြစ်လဲ Nursing (နတ်ဆင်း) ကျောင်းသူများကို အပီချုပ်ထားတယ်ဆိုတဲ့ နတ်ချုပ်ကြီးတွေကိုတော့ တိုက်ပုံကြီးများ တကားကားနဲ့ တွေ့ရပါတယ်။ :) ဗိုလ်အောင်ဒင် တစ်ဖြစ်လဲ သေးထွက် (အဲ.. သက်ထွေး) ကတော့ ကျွန်တော်ပြန်ခါနီး သေနတ်ကြီးနဲ့ လှမ်းပစ်နေပါသေးတယ်။

ငယ်ငယ်က ပုံရိပ်တွေကို ပြန်မြင်နေရသလိုပဲ။ ကျောင်းထဲ ပြန်မရောက်ဖြစ်တာ နှစ်နဲ့ချီကြာခဲ့ပြီ။ ဘာပဲဖြစ်ဖြစ် အခုလို သင်္ကြန်ပွဲ ဖြစ်မြောက်ရေးကို မဖြစ်ဖြစ်အောင် အချိန်ယူဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားတွေအားလုံးကို ကျွန်တော် ကျောင်းသားဟောင်းကြီးတစ်ဦးမှ ဂုဏ်ယူပါကြောင်း NYP ရေဒီယိုမှတဆင့် လှိုင်းတွန့် လှိုင်းစောင်း လှိုင်းပြတ်များအကြားမှ ပြောကြားလိုက်ပါတယ်... :)




























Read More...

Mar 18, 2007

ပိတောက်ရနံ့တွေ

သူငယ်ချင်းတစ်ယောက်က ပြောတယ် .. ရန်ကုန်မှာ အခု သင်္ကြန်သီချင်းတွေ ဖွင့်နေကြပြီတဲ့... ဘာလိုလိုနဲ့ သင်္ကြန်တောင် အတော်နီးလာပြီ။ မနေ့က Nanyang Poly သင်္ကြန်သွားဖြစ်တော့ သင်္ကြန်ရနံ့တွေ ပိုရလာ သလိုပဲ။ သင်္ကြန်ပြန်ဖို့ အလုပ်က ခွင့်ရပါ့မလား... ။

မြန်မာပြည်မှာ နောက်ဆုံးကျခဲ့ရတဲ့ သင်္ကြန်က ၁၉၉၉ သင်္ကြန်။ ၂၀၀၀ ကနေ ၂၀၀၆ အထိ သင်္ကြန် တစ်ခါမှ ပြန်ခွင့်မကြုံခဲ့ဘူး။ အခု ၂၀၀၇ ရော ...။

Read More...

အခုတစ်မျိုး တော်ကြာတစ်မျိုး

ဆရာအော်ပီကျယ်ရဲ့ ဒီကာတွန်းလေး ဖတ်မိတော့ အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့ သူတို့တတွေကို သွားသတိရမိတယ်ဗျာ.. ဘယ်သူတွေလဲဆိုတာတော့ ကိုယ့်ဘာသာ စဉ်းစားကြည့်ကြပါတော့..

Read More...

Mar 17, 2007

တံခါး

တံခါး
အပြင်မှာ
လူတွေ ရပ်ကြည့်နေတယ်
အထဲက လူတွေများ
တံခါးကို တွန်းဖွင့်ထွက်လာမလားလို့ ..

တံခါး
အတွင်းမှာ
လူတွေ ရပ်စောင့်နေတယ်
အပြင်က လူတွေများ
တံခါးကို ဆွဲဖွင့်ပေးမလားလို့ ..

ဒီလိုနဲ့ပဲ..
တံခါးရယ်
အပြင်ကလူတွေရယ်
အထဲကလူတွေရယ်
အပြင်က ဖွင့်မလားစောင့်ကြ
အတွင်းက ဖွင့်မလားစောင့်ကြ
တံခါးတစ်ချပ်က တောင့်တောင့်ကြီးရပ်နေတုန်း ..

ခေလွန်း
မတ်လ ၁၇ရက်၊ ၂၀၀၇
မနက် ၂နာရီ ၂၅မိနစ်

Read More...

Mar 16, 2007

မြန်မာအခက် စင်္ကာပူအချက်


အခုနှစ်ပိုင်းမှာတော့ စင်္ကာပူဟာ မြန်မာတွေအတွက် အလုပ်ရှာဖို့ ရေကြည်ရာ မြက်နုရာဖြစ်လာနေပါတယ်။ စနေ၊ တနင်္ဂနွေ မြို့ထဲဘက်သွားရင် မြန်မာတွေ ဟိုနားတစ်စု..ဒီနားတစ်စုနဲ့ တွေ့ရမှာပါ။ အခုတလော မြန်မာပြည်ကနေ စင်္ကာပူကို အများဆုံး အိတ်စ်ပို့လုပ်နေတာကတော့ မြန်မာလူငယ်အိုင်တီသမားတွေ ဖြစ်မယ် ထင်ပါတယ်။ အလည်အပတ်ဗီဇာနဲ့ လာရောက် အလုပ်ရှာဖွေကြပြီး အလုပ်ကောင်းကောင်း လခကောင်းကောင်း ရသွားကြသူတွေ ရှိသလို၊ မျှော်လင့်ထားသလို မဖြစ်ဘဲ ပြည်တော်ပြန်ကြရသူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှေမြန်မာတွေကတော့ ၀င်လာမစဲ တသဲသဲဖြစ်နေဆဲပါ။ စင်္ကာပူကလည်း မြန်မာလူငယ်ပညာတတ်တွေကို ပြုံးပြုံး ပြုံးပြုံးနဲ့ အလုပ်အကိုင်တွေပေး၊ တရားဝင်လုပ်ကိုင်ခွင့်ပါပစ် ရလို့ နည်းနည်းကြာတာနဲ့ အမြဲတမ်းနေထိုင်ခွင့်တွေ ရက်ရက်ရောရော ပေးပါတယ်။ အဲဒီနောက်တော့ စလုံးနိုင်ငံသားခံယူချင်သူများကိုလည်း အထူး အခွင့်အရေးတွေ တပုံတပင်ပေးပြီး တစ်ခါတည်း အပိုင်စီးထားလိုက်ပါတော့တယ်။ ဒါပေါ့ဗျာ.. မြန်မာအခက် စင်္ကာပူအချက်ဆိုတာ..

မြန်မာပြည်ကနေ စင်္ကာပူမှာ လာရောက် အလုပ်ရှာလိုသူများအတွက် ခန့်မှန်းခြေရနိုင်မယ့် လစာကို အလုပ်ရှာဖွေရေး အေဂျင်စီတစ်ခုက ပြုလုပ်ထားတဲ့ ဒီ Salary Guide ကနေ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဖော်ပြထားတဲ့ လစာတွေဟာ အမှန်တကယ်ရတဲ့လစာတွေထက် ၄၀၀-၅၀၀ လောက် ကွာနေတာကိုတော့ သတိပြုပါ..

JobStreet.com က ပြုလုပ်ထားတဲ့ Salary Report ကတော့ ပိုပြီး မှန်ကန်နီးစပ်မှုရှိပါတယ်..

Read More...

ကာတွန်းအတွေး

ဆရာအော်ပီကျယ်ရဲ့ ကာတွန်းအတွေးလေးတစ်ခုကို မျှဝေလိုက်ပါတယ်..

Read More...

Mar 14, 2007

ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း

ဆရာနန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” အမည်ရသည့် စာအုပ်မှ ဆရာပေါ်ဦးသက်ရေးဆွဲတဲ့ မျက်နှာဖုံးပန်းချီပုံ ဖြစ်ပါတယ်။



“ပြင်းထန်သော ဆန္ဒရှိသူတစ်ယောက်အဖို့ မိမိအလိုရှိအပ်သော အရာသည် စကြ၀ဠာ၏ ဟိုမှာဘက်ကမ်းတွင် ရှိသည် ဆိုငြားအံ့၊ ထိုအရာအား မီးခင်းသည့်လမ်းကို နင်းလျက်သွားရောက်ယူခြင်းဖြင့်သာလျှင် ရယူနိုင်မည် ဟုလည်း ဆိုငြားအံ့၊ ထိုသူသည် ဆန္ဒ၏ အဟုန်ဖြင့် သွားရောက်ယူပေလိမ့်မည်။ ရရှိသောအခါ၌မူ ထိုသူ၏ ခြေဖ၀ါးကိုပင် မီးမကူးကြောင်း တွေ့မြင်ရပေ လိမ့်ဦးမည်။ ဤကား ပြင်းထန်သော ဆန္ဒ၏ သတ္တိတည်း”

အထက်ပါ ဘုရားစကားကို ရည်မျှော်၍ မျက်နှာဖုံး ပန်းချီကို ရေးဆွဲလိုက်ရခြင်းဖြစ်ပါသည်။

(ပေါ်ဦးသက်)

Read More...

Mar 13, 2007

အရှေ့က နေ၀န်းထွက်သည့်ပမာ (ဒုတိယပိုင်း)

ဒုတိယပိုင်းကို ဖတ်ချင်သူတွေအတွက် အောက်မှာ ပေးထားတဲ့ လင့်ခ်ကနေ ယူပြီး ဖတ်နိုင်ပါပြီ...

[Download here]

ဒီစာအုပ်ရဲ့ ခေါင်းစဉ်ကို တို့ဗမာဆိုတဲ့ သီချင်းကနေ ပေးထားတာဖြစ်ပါတယ်..

တို့ဗမာ

တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ???

Read More...

Mar 12, 2007

အရှေ့က နေ၀န်းထွက်သည့်ပမာ


“အရှေ့က နေ၀န်းထွက်သည့်ပမာပ.. တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ” ဟု သီဆိုနေသံတွေကို နားထဲ ကြားယောင်မိသည့်အခါ ဆရာသိန်းဖေမြင့်ရေးတဲ့ “အရှေ့ကနေ၀န်းထွက်သည့်ပမာ” စာအုပ်ကို အမှတ်ရမိတတ်ပါတယ်။ ငယ်ငယ်ကတော့ ကျွန်တော့်အဘိုးက ထိုစာအုပ်ကောင်းကြောင်း ခဏခဏ ညွှန်းဆိုဖူးပါတယ်။ ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်တန်းတွေမှာ မွှေနှောက်ရှာဖွေပေမယ့် ဘယ်လိုမှ ရှာမရခဲ့။ စင်္ကာပူရောက်ပြီး သုံးလေးနှစ်ခန့်အကြာမှာ အဲဒီစာအုပ်ကို မြန်မာဆိုင်တွေရှိတဲ့ ပင်နင်ဆူလာပလာဇာမှာ အသစ်ပြန်ပုံနှိပ်ထုတ်ဝေထားတာကို တွေ့ပါတယ်။ ဈေးနှုန်းကို ကြည့်လိုက်တော့ တစ်အုပ်ကို စင်္ကာပူ ၁၅ ဒေါ်လာ။ စာအုပ်က နှစ်အုပ်တွဲ။ ဒါနဲ့ မျက်စိစုံမှိတ်ပြီး ဒေါ်လာ ၃၀ ဖိုး ၀ယ်လိုက်ပါတယ်။ ၀ယ်လာပြီးပြီးချင်းညမှာပဲ နှစ်အုပ်လုံး တစ်ခါတည်း ဖတ်ပစ်လိုက်ပါတယ်။ ဒါနဲ့ .. နောက်တစ်ရက် အလုပ်သွားဖို့ မထနိုင်လို့ ခွင့်ယူလိုက်ရတာ မှတ်မိပါသေးတယ်။

ပထမပိုင်းကို အောက်က ပေးထားတဲ့လင့်ခ်ကနေ ယူပြီး ဖတ်နိုင်ပါတယ်။ ဒုတိယပိုင်းကိုတော့ မကြာခင် တင်ပေးပါမယ်။

[Download here]

Read More...

မဟုတ်မခံသူ

ဆရာအော်ပီကျယ်ရဲ့ ဒီကာတွန်းကို ဖတ်ပြီး မဟုတ်မခံတတ်တဲ့သူတွေအကြောင်း တွေးမိ ပြုံးမိပါတယ်..


Read More...

နိုင်ငံရေးမလုပ်နဲ့


နိုင်ငံရေးဆိုတဲ့ စကားလုံးဟာ မြန်မာအများစုအတွက် ကြောက်မက်ဖွယ်ရာ နတ်ဆိုးဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ သိရတာ အတော်ကြာနေပါပြီ။ "နိုင်ငံရေး မလုပ်နဲ့" ဆိုတဲ့ အထပ်ထပ် ပြောသံတွေကြားမှာ ကျွန်တော်တို့တွေ တကယ်ပဲ မသိစိတ်ထဲကနေ အဲဒါဟာ မကောင်းဘူးလို့ လက်ခံယုံကြည်နေကြပြီလား။ နိုင်ငံရေး ဆိုတဲ့ နေရာမှာ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ကွဲကွဲပြားပြားမြင်သင့်ပါတယ်။ ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်တဲ့အတွက် ဘယ်ပါတီက ဘယ်လိုဆိုတာ ပြောမနေချင်ပါ။ သမိုင်းကသာ အဖြစ်မှန်တွေကို မှတ်တမ်းတင်သွားပါလိမ့်မယ်။ အမျိုးသားနိုင်ငံရေးအတွက်တော့ မြန်မာတိုင်းမှာ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ငါနဲ့ မဆိုင်ဘူးလို့ မြင်နေတဲ့သူတွေနဲ့တော့ ကျွန်တော် ငြင်းမနေချင်တော့ပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်ဆိုရင် ပြီးတာပေါ့ဗျာ။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးစေဖို့ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို ပြုလုပ်ခွင့် ရှိရပါမယ်။ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ အောက်ကျနောက်ကျ မကျန်ခဲ့ဖို့အတွက် လွတ်လပ်စွာ ဆွေးနွေးခွင့် ရှိရမယ်။ အင်တာနက်ထဲမှာ ကျွန်တော်တို့တွေ အဲဒီလိုတောင် ပြောခွင့် မရှိဘူး။ ဖမ်းမယ်ဆီးမယ် တကဲကဲ လုပ်မယ်ဆိုရင်တော့ လုပ်ကြပေါ့ဗျာ။ ဘယ်လိုခေါင်းစဉ်တပ်ဦးမလဲ.. "နိုင်ငံတော်ပုန်ကန်မှုလား".. "အကြည်ညိုပျက်စေမှုလား"။ အဲဒီလို အတင်းကာရော ထိုးမယ့် လက်ညှိုးတွေကို အဂုင်္လိမာလကတောင် လိုချင်မှာ မဟုတ်ဘူး ထင်ပါတယ်။

မှားနေမှန်းသိသိကြီးနဲ့ မျက်စိမှိတ် ခေါင်းညိတ်မှ ထမင်းတစ်လုတ်စားရမယ် ဆိုရင်တော့ ကျွန်တော်တို့တွေ ငတ်သေတာကမှ မွန်မြတ်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာတွေ ပြည်ပမှာ ရောက်နေတာတောင် အဲဒီ အကြောက်တရားတွေက ရုန်းမထွက်နိုင်ကြတော့ဘူးလား။ အဲဒီ "နိုင်ငံရေး မလုပ်နဲ့" ဆိုတဲ့ အရိပ်ဆိုးကြီးရဲ့ ခြိမ်းခြောက်နေမှုကို ဘယ်အချိန်ထိ ကျွန်တော်တို့ လက်ခံထားကြမှာလဲ။

အခြေအနေတစ်ခု ပြောင်းလဲသွားဖို့ ဆိုရာမှာ အဲဒီအခြေအနေတစ်ခုကို လက်သင့်မခံဘဲ တွန်းလှန်ပစ်နိုင်မှသာ တိုးတက်ပြောင်းလဲတဲ့အနေအထားတစ်ခုကို ကျွန်တော်တို့ရမှာပါ။ ကြိုက်လည်း မကြိုက်ဘူး။ ကျေလည်း မကျေနပ်ဘူး။ ဒါပေမယ့် အဲဒီအခြေအနေအတိုင်း ကြောက်လို့ ငြိမ်ခံနေမယ်ဆိုရင်တော့ ကျွန်တော်တို့တွေ ဂျာအေးသူ့အမေရိုက်သလို .. မရှိလို့ မလှူ၊ မလှူလို့မရှိ ဆိုတာလို လုံးလည်ချာလည်လိုက်နေတော့မှာပါပဲ။

ကျွန်တော်တို့ရဲ့ ကြောက်စိတ်တွေကသာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးရပြီး ခုထိ မလွတ်လပ်ရခြင်းရဲ့ အရင်းခံအကြောင်းတရား ဖြစ်ပါကြောင်း…

မှတ်ချက်။ ။ကျွန်တော်နဲ့ ညီအစ်ကိုလို ခင်ရတဲ့ အစ်ကိုတစ်ယောက်ရဲ့ ဒီပို့စ်ကို ဖတ်မိပြီး စိတ်မကောင်းဖြစ်မိတာနဲ့ ရေးဖြစ်တာပါ။ ရေးစရာရှိတာ ဆွေးနွေးစရာရှိတာကို ဆက်သာရေးပါလို့ ကျွန်တော် ဒီကနေ တိုက်တွန်းလိုက်ပါတယ်။

Read More...

Mar 11, 2007

သွားကြမလား အမေရိကား


ညီညီတစ်ယောက်တော့ ပရိုဂရမ်မာ လုပ်မစားဘဲ စာအုပ်ရေးစားတော့မယ်လို့ မထင်ပါနဲ့။ ခဏခဏ အမေးခံရတတ်တဲ့ မေးခွန်းတစ်ခုအကြောင်း ပြောချင်လို့ပါ။ ကျွန်တော့်အစ်မ နှစ်ယောက်က အမေရိကားမှာ သူတို့ မိသားစုတွေနဲ့ အတူ နေကြပါတယ်။ အဲဒီမှာ ဒီမေးခွန်းကြီးကို ခဏခဏ အမေးခံရတော့တာပါပဲဗျာ။ ရန်ကုန်အလည်ပြန်ရင် ပိုပြီး အမေးခံရတတ်ပါတယ်။ “ညီညီ ဘယ်တော့ အမေရိကားလိုက်သွားမလဲ” တဲ့။ ကျွန်တော် ဘာပြန်ဖြေရမှန်း မသိပါဘူး။ ဒီတော့ အဲဒီမေးခွန်းကြီး လာလာမေးတိုင်း ပြန်ပြီး ပြုံးပြရပါတယ်။ ငါးရံ့ပြုံးလား၊ ငါးသလဲထိုးပြုံးလား၊ ငါးသလောက်ပြုံးလားတော့ အဲဒီငါးတွေ ပြုံးတာ မမြင်ဘူးလို့ မသိပါ။

နောက်ထပ် သံတူကြောင်းကွဲမေးခွန်းတစ်ခုလည်း ရှိပါတယ်။ “စင်္ကာပူမှာ နေတာ တော်တော်ကြာပြီနော်။ အမေရိကားဖြစ်ဖြစ် သြစတြေးလျဖြစ်ဖြစ် မသွားဘူးလား” တဲ့။ ဟုတ်ကဲ့ .. ကျွန်တော့် ထုံးစံအတိုင်း ပြုံးပြရ ပြန်ပါလေရော။ အဲဒီ မေးခွန်းတွေရဲ့ မြစ်ဖျားခံရာကို သိဖို့ ကျွန်တော် တွေးကြည့်မိတဲ့အခါ အခုလိုမျိုး ယေဘုယျကျတဲ့ သုံးသပ်ချက်အချို့ကို ရပါတယ်။

၁) မြန်မာတွေသည် အမေရိကားကို သွားမှ ဘ၀တွင် အောင်မြင်ချမ်းသာမည်ဟု အရိုးစွဲနေသည်။ အမေရိကားတွင် လစာဝင်ငွေကောင်းသည်။ ထို့ကြောင့် ချမ်းသာမည်ဟု ရိုးရိုးလေးတွေးကြသည်။ လူတိုင်း အလုပ်ကောင်းကောင်း ၀င်ငွေကောင်းကောင်း မရနိုင်ပါ။ နောက်ပြီး.. လစာကောင်းသည် ဆိုတာကိုသာ တွေးသည်။ အလွန်များပြားသော ၀င်ငွေခွန်များကို ထည့်မတွက်ကြ။ ပြီးတော့ လူနေမှုစရိတ်ကြီးမြင့်မှုကို ထည့်မတွက်ကြ။

၂) မြန်မာတွေသည် မြန်မာပြည်နှင့် ဝေးလေ အောင်မြင်တိုးတက်လေဟု ထင်မြင်နေသည်။ အမှန်က မြန်မာပြည်တွင် နေနေ ပြည်ပတွင်နေနေ အောင်မြင်တိုးတက်ခြင်းမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းပေါ်တွင်သာ မူတည်သည်။

၃) အမေရိကားရောက်သွားလျှင် အောင်မြင်မှုပန်းတိုင်ကို ရောက်သွားသူတစ်ဦးကဲ့သို့ ထင်မြင်ကြသည်။ အမှန်က အမေရိကားတွင် အခြေကျစေရန် ဘ၀ကို အစမှ ပြန်စရချင်းသာ ဖြစ်သည်။ အောင်မြင်မှုရနိုင်သလို ကျဆုံးချင်လည်း ကျဆုံးနိုင်ပါသည်။

၎) ဘယ်သူ့သား၊ ဘယ်သူ့သမီးကတော့ဖြင့် အမေရိကားမှာ ရောက်နေတာကြာပြီ ဟု ပြောတတ်ကြသည်။ ဟုတ်ပါပြီ.. သူတို့ ဘယ်လိုအလုပ်တွေ လုပ်နေကြရသလဲ။ အောင်မြင်သူ ပညာအရင်းပြုပြီး အဆင်ပြေနေသူ မြန်မာတွေ အများကြီးရှိပါသည်။ သို့သော်.. စင်္ကာပူမှာ ပညာအရင်းပြုကာ လုပ်ကိုင်နေသူတစ်ယောက်ကို အမေရိကားမှာ ကြုံရာကျပန်း အလုပ်လုပ်နေသူလောက် အထင်မကြီးပေ။

ညီညီတစ်ယောက် အမေရိကား မသွားရလို့ မနာလိုတိုရှည်ဖြစ်ပြီး လျှောက်ရေးနေသည်ဟု မထင်စေချင်ပါ။ ကျွန်တော့်အတွက် သင်ယူလိုသောပညာရပ်များရှိလျှင် ပညာနှင့်လုပ်ကိုင်ရသော လစာကောင်းသည့် အလုပ်ရမည်ဆိုလျှင် ကျွန်တော်လည်း အမေရိကားသို့ နှစ်အနည်းငယ် သွားချင်ပါသည်။

သို့သော် ..... ။ တစ်ခါတစ်လေတွင် ပျော်ရာမှာလည်း မနေရ၊ တော်ရာမှာလည်း မနေရ၊ မပျော်ရာ .. မတော်ရာတွင်လည်း စက်ရုပ်တစ်ရုပ်လို နေရတတ်ပါကြောင်း။

Read More...

Mar 9, 2007

စိန်ခေါ်ကြသူများ


ကျော်ဝင်း - စိန်ခေါ်ကြသူများ (လူငယ်-ပညာ-ခေတ်ရေစီး)


ဆရာကျော်ဝင်းရဲ့ စိန်ခေါ်ကြသူများစာအုပ်မှာ လူငယ်၊ ပညာနှင့် ခေတ်ရေစီးဆိုပြီး အဓိကအခန်း(၃) ခန်းခွဲကာ ဆောင်းပါးများကို စုစည်းထားပါတယ်။ အမှာစာတွင် ဆရာကျော်ဝင်းက “ယခု စာစုမှာ လူငယ်မြင်ကွင်းနှင့် ပညာအရွေ့ကို လက်လှမ်းမီသမျှ ကြိုးစားဖတ်ကြည့်ရာမှ စာရေးသူရှာဖွေ တွေ့ရှိလိုက်သော ခေတ်ရေစီးဟု ဆိုချင်ပါကြောင်း” ဟု ရေးသားထားတာကို တွေ့ရပါတယ်။ မိမိ စိတ်ဝင်တစား ဖတ်ရှုလေ့လာ ထားသည်များမှ ကောင်းနိုးရာရာများကို မျှဝေတင်ပြထားတဲ့အတွက် လူငယ်များ အပေါ်ထားရှိသော ဆရာကျော်ဝင်းရဲ့ စေတနာကို လေးစားမိပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါမှာ တွေးစရာ စဉ်းစားစရာတွေ အများကြီးရလာလိမ့်မယ်... (သံလွင်အိပ်မက် အမှတ် ၄ စာအုပ်စင်ကဏ္ဍမှ ကောက်နုတ်ဖော်ပြချက်)


[Download here]

Read More...

ကုန်ကြမ်းတွေ လာနေပြီ

ဆရာအော်ပီကျယ်ရဲ့ ထိထိမိမိရှိလှတဲ့ ကာတွန်းလေးပါ..



ဒီကာတွန်းကို စကြည့်ကြည့်ချင်း သိပ်သဘောမပေါက်ဘူး။ ဘာလဲပေါ့။ နံရံပေါ်က နာရီပေါ် အကြည့်တွေရောက်သွားမှပဲ .. ဟဲဟဲ.. ရှစ်နာရီဆိုရင် မြန်မာ့ရုပ်မြင်သံကြားက ဘာတွေလာလဲ မသိဘူးနော်...

Read More...

Mar 6, 2007

လောကကြီးမှာ ငါမရှိတော့တဲ့အခါ

ဘာရယ်ညာရယ် မဟုတ်ပါဘူး။ ထုံးစံအတိုင်း ဒီဇိုင်းတစ်ခုခုလုပ်ဖို့ စိတ်ပါနေတာနဲ့ လုပ်ဖြစ်သွားတာ.. စိတ်ထဲမှာ အဖုအထစ်တွေဖြစ်နေတဲ့အခါ တစ်ခါတစ်ခါ အဲဒီလို ဖောက်ထုတ်လိုက်မှ သွေးက အဆာပြေသွားတယ်.. မဟုတ်ရင် တနုံ့နုံ့ ခံစားရတာ အရမ်းဆိုးတယ်..

Read More...

Fulbright ပညာသင်ဆု


၂၀၀၈-၂၀၀၉ ခုနှစ် ပညာသင်နှစ်အတွက် Fulbright ပညာသင်ဆုလျှောက်လွှာများကို ယခု စတင်လက်ခံနေပြီ ဆိုတာကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင် ကြေညာခဲ့ပါတယ်။ ဒီပညာသင်ဆုရရှိသူ မြန်မာကျောင်းသားများကို အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များမှာ ဘွဲ့လွန်ပညာသင်ကြားနိုင်ဖို့အတွက် ပညာသင်စရိတ်အပြည့်ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ ပညာသင်ဆု ရရှိသူတွေဟာ စက်တင်ဘာ ၂၀၀၈ ကနေ စတင် တက်ရောက်နိုင်ပါမယ်။

ဒီပညာသင်ဆုလျှောက်ထားမယ့်သူတွေဟာ အောက်ပါ အချက်များနဲ့ ပြည့်စုံရပါမယ်...
၁) မြန်မာနိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူဖြစ်ရပါမယ်။
၂) Social sciences, natural sciences, and humanities စတဲ့ ဘွဲ့လွန်ပညာများကို သင်ယူဖို့ စိတ်ဝင်စားသူဖြစ်ရပါမယ်။ အထူးသဖြင့်တော့ political science, international relations, economics, public health, education, public policy or journalism စတဲ့ ပညာရပ်တွေကို သင်ယူလေ့လာရန် ရည်ရွယ်ထားသူဖြစ် ရပါမယ်။
၃) ပညာရေးမှာ ထူးချွန်သူဖြစ်ရပါမယ်။
၎) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သူဖြစ်ရပါမယ်။ TOEFL ရမှတ် အနည်းဆုံး ၅၅၀ ရှိရမှာဖြစ်ပြီး ၅၇၅မှတ် အထက်ဖြစ်ရင် ပိုမိုကောင်းမွန်ပါတယ်။ IELTS ရမှတ် ဆိုရင်တော့ ၆.၅ ရှိရပါမယ်။
၅) ဒီပညာသင်ဆု အစီအစဉ်ကို တက်ရောက်သင်ယူပြီးတဲ့နောက် မြန်မာနိုင်ငံသို့ အနည်းဆုံး ၂နှစ် ပြန်နေပေးနိုင်မယ့်သူ ဖြစ်ရပါမယ်။
၆) အမေရိကန်နိုင်ငံသို့ ခေတ္တ(သို့မဟုတ်) လုံးဝ လာရောက်လည်ပတ်ဖူးခြင်း မရှိသူ အမေရိကန်နိုင်ငံတွင် နေထိုင်ဖူးခြင်း မရှိသူ ဖြစ်ရပါမယ်။

ယခုနှစ် ပညာသင်ဆု အစီအစဉ်မှာ အခြားသောနှစ်များနဲ့ မတူတဲ့ အစီအစဉ်တစ်ခုကတော့ TOEFL နဲ့ IELTS အမှတ် မရှိသူများအတွက် English Proficiency Test ကို စစ်ဆေးပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲကို ဖြေဆိုရန် စိတ်ပါဝင်စားသူများအနေဖြင့် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို မတ်လ ၁၆ရက်မတိုင်မီ စာရင်းပေးသွင်းကြရမှာ ဖြစ်ပါတယ်။ ထို English Proficiency Test ကို မတ်လ ၂၂ရက် နှင့် မတ်လ ၂၄ရက်နေ့များမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အောင်စာရင်းများကိုတော့ ဖြေဆိုပြီးတစ်ပတ်အကြာမှာ အမေရိကန်စင်တာ အရှေ့ရှိ ကြော်ငြာသင်ပုန်းများမှာ ကြည့်ရှုနိုင်ပါတယ်။

TOEFL နဲ့ IELTS အမှတ်ရှိသူများအနေနဲ့ကတော့ ပညာသင်ဆုလျှောက်လွှာကို မေလ ၁ရက်နေ့ မတိုင်မီ ဖြည့်စွက်ပေးပို့ရမှာဖြစ်ပါတယ်။

ဒီပညာသင်ဆုကို စိတ်ဝင်စားသူများအနေနဲ့ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့အမေရိကန်စင်တာ ပညာရေးငှာနရှိ မပုံ့ပုံ့ဖြူ နှင့် Nang Hom Leik တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အီးမေးလ်လိပ်စာကတော့ Fulbright.Rangoon@state.gov ဖြစ်ပါတယ်။


News Source : Fulbright Scholarships

Read More...